Saturday, August 8, 2015

ကလေးမြို့ရှိ ရေဘေးကယ်ဆယ်ရေး စခန်းများမှ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်၊ ရေဝင်ရောက်ခဲ့သော နေရာများနှင့် ကလေး-ဂန့်ဂေါကားလမ်း ပျက်စီးမှု အခြေအနေများအား လိုက်လံကြည့်ရှု





နေပြည်တော်၊ ဩဂုတ်- ၈

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်တော်အရာရှိကြီးများ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် ကလေးမြို့သို့ ရောက်ရှိကြရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မင်းနောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ နှင့် ကလေးတပ်နယ်မှ တပ်မတော် အရာရှိကြီးများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ စမ်းမြို့ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်းနှင့် တာဟန်းရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းတို့တွင် ဖွင့်လှစ်ထားရှိသည့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်သည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများကို အားလုံး စုစည်းညီညွတ်စွာဖြင့် စုပေါင်းရင်ဆိုင်ကျော်လွှား ရမည်ဖြစ်ကြောင်း၊ လက်ရှိ ရေကျသွားပြီ ဖြစ်၍ မိမိတို့၏နေအိမ်များတွင် ပြန်လည်နေထိုင် နိုင်ရန်အတွက် ရေကြီးစဉ်တင်ရှိနေသည့် နုန်းများကို မြေထိုးစက်၊ မြေကော်စက်၊ မြေညှိစက် စသည့် စက်ယန္တရားကြီးများနှင့် အခြားလိုအပ်သည့် ရေစုပ်စက်၊ မီးစက်များ ပို့ဆောင်၍ ဝိုင်းဝန်း ရှင်းလင်း ဖယ်ရှားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိ ကယ်ဆယ်ရေးစခန်းများတွင်လည်း မိမိတို့၏နေအိမ်များသို့ ပြန်လည်နေထိုင်၍ ရသည့်အချိန်အထိ တာဝန်ရှိသူများက နေထိုင်ခွင့် ပြုမည်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်ခွင့် မပြုတော့ဟု ပြောဆို နေမှုများမှာ မမှန်ကန်ကြောင်း၊ ပြည်သူများအနေဖြင့် ကောလာဟလ များကို နားမယောင်ရန်လိုကြောင်း၊ တစ်စုံတစ်ခုသံသယရှိပါက တာဝန်ရှိသူများကို ကိုယ်တိုင် တွေ့ဆုံ မေးမြန်းရန် လိုကြောင်း၊ ယခုရေဘေးကိစ္စရပ်များနှင် hပက်သက်၍ အချို့သတင်းဌာနများသည် လူမှုကွန်ရက်ကို အသုံးပြု၍ မမှန်မကန် ချဲ့ကားပြောဆိုမှု များစွာရှိပါကြောင်း၊ မိမိရပ်ရွာဒေသ အတွင်း တာဝန်ရှိသူများနှင့် တပ်မတော်သားများက တင်ကျန်နေခဲ့သည့် နုန်းများကို ကူညီဖယ်ရှား ရှင်းလင်းမည် ဖြစ်၍ ဒေသခံများမှလည်း  ရပ်မိရပ်ဖများ၏ ဦးဆောင်မှုဖြင့် စုစည်းညီညွတ်စွာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိရပ်ရွာသို့ ပြန်လည်ရောက်ရှိပါကလည်း ကျန်းမာရေးအတွက်  ဂရုစိုက်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား နိုင်ငံတော်အစိုးရမှ ဦးဆောင်၍ တပ်မတော်၊ပြည်သူ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်တွင်း၊ပြည်ပ အကူအညီများဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် အားပေးစကား ပြောကြားသည်။

ယင်းနောက် ရေဘေးသင့်ပြည်သူများ၏ တင်ပြချက်များအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရေလွှမ်းမိုး ခံခဲ့ရသည့် ရပ်ကွက်၊ကျေးရွာများတွင် ပြန်လည်နေထိုင်နိုင်ရေး၊ တင်ကျန်ရစ်ခဲ့သော နုန်းများအား ဖယ်ရှားရှင်းလင်းရန် တပ်မတော်မှ မြေထိုးစက်၊မြေကော်စက်၊ မြေညှိစက် စသည့် စက်ယန္တရားများနှင့် ရေစုပ်စက်၊ မီးစက်များပို့ဆောင်ရေး၊  ရေဘေးသင့် ပြည်သူများ လတ်တလောလိုအပ်လျက်ရှိသည့် အဝတ်အထည် များကို ပို့ဆောင်ထောက်ပံ့ပေးရေး၊  တာဝန်ရှိသူများအနေဖြင့်လည်း ထောက်ပံ့ရေး ပစ္စည်းများကို ရေဘေးသင့် ပြည်သူအားလုံး မျှမျှတတ ရရှိစေရန်အတွက် စနစ်တကျခွဲဝေ ဆောင်ရွက်ပေးရေး တို့အား မှာကြားသည်။ ဆက်လက်ပြီး ကယ်ဆယ်ရေး စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်းဆရာဝန်အဖွဲ့နှင့်လည်းတွေ့ဆုံ၍ လိုအပ်ချက်များအပေါ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများမှ လှူဒါန်းသည့် ရေဘေးသင့်ပြည်သူများအတွက် စားသောက် ဖွယ်ရာနှင့် ထောက်ပံ့ပစ္စည်းများအား စခန်းအလိုက် ပေးအပ်သည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကလေးမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများ၌ ရေလွှမ်းမိုးခံခဲ့ရပြီး ရေပြန်လည်ကျသွားချိန် နုန်းများ တင်ကျန်နေမှု အခြေအနေများကို မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုကြသည်။

ထို့နောက် ဇင်းကလင်းကျေးရွာနှင့် ချင်းဆိုင်ကျေးရွာကြားတွင် ဇီးချောင်းမှ ချောင်းရေလျှံကာ ရေတိုက်စား သဖြင့် ကလေး-ဂန့်ဂေါ ကားလမ်း ပျက်စီးနေမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအား  သွားရောက်ကြည့်ရှု၍ ဆက်သွယ်ရေး မပြတ်တောက်စေရန် လတ်တလော သံဘောင်ဘေလီ တံတားကို အမြန်တည်ဆောက်နိုင်ရေး အတွက် လိုအပ်သောသံဘောင်များကို တပ်မတော် လေယာဉ်ဖြင့်ပို့ဆောင်ပေးနိုင်ရေး၊ ကားလမ်းကြောင်း တစ်လျှောက် တင်ကျန်ရစ်သော သစ်ပင် သစ်ကိုင်းကြီးများနှင့် နုန်းများရှင်းလင်းရေးတို့ကို စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တပ်မတော်ရိက္ခာ စပါးသိုလှောင်ရုံများတွင် ရိက္ခာစပါးများ ရွှေ့ပြောင်းနေမှုကို ကြည့်ရှုစစ်ဆေး၍ ရေစိုစပါးများ အလေအလွင့်နည်းပါးစေရေးနှင့် လုပ်ငန်းဆောင်ရွက်ရာ တွင်လည်း စနစ်ကျနမှန်ကန်မှုရှိစေရေး ဘုတ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားရန် တို့အားမှာကြားခဲ့သည်။


ကလေးမြို့နယ်အတွင်း ဇူလိုင် ၂၂ ရက်မှ စ၍ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မြစ်သာမြစ်ရေမှာ  စိုးရိမ်ရေ အမှတ်ထက် ၇၇၂ စင်တီမီတာ သို့ ရောက်ရှိခဲ့ပြီး မြစ်ရေလျှံမှုကြောင့်  ကလေးမြို့ပေါ် ရပ်ကွက် ၉ ရပ်ကွက်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၆၂ ရွာသို့ ရေဝင်ရောက်ခဲ့ပြီး ရေများပြန်လည် ကျဆင်းသွားချိန်တွင် နုန်းမြေများစွာ တင်ကျန်ရစ်ခဲ့ကြောင်း တွေ့ရှိရသည်။  ယနေ့အထိ ကလေးမြို့နယ်အတွင်း ရေဘေးသင့် အိမ်ထောင်စု ၁၅၄၇၆ စု၊လူဦးရေ ၆၉၄၃၆ ဦးတို့အား ကယ်ဆယ်ရေးစခန်း ၂၂ ဖွင့်လှစ်ပြီး စားသောက်နေထိုင်ရေး၊ ကျန်းမာရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment