Sunday, August 9, 2015

သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် တပ်မတော်မှ ပါဝင်ကူညီဆောင်ရွက်







နေပြည်တော် သြဂုတ် ၈

မြန်မာနိုင်ငံတွင် ဇူလိုင်လလယ်ခန့်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ မြစ်၊ ချောင်းများ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ကယ်ဆယ်ရေးလုပ်ငန်းများကို တပ်မတော်အနေဖြင့် လူနှင့်တိရစ္ဆာန်များ၊ ပစ္စည်းများကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်း၊ မြို့ရွာများကို မြစ်ချောင်း ရေကြီးမှုမှ ကာကွယ်ခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများကို သယ်ယူပို့ဆောင်ပေးခြင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုမှ ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်း၊ အစိုးရအဖွဲ့၊ တပ်မတော်နှင့် စေတနာရှင် ပြည်သူများက လှူဒါန်းသောပစ္စည်းများကို မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘောများဖြင့် လည်းကောင်း သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သြဂုတ် ၂ ရက်က ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ မင်းပြားမြို့များသို့လည်းကောင်း၊ သြဂုတ် ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး အဖျောက်မြို့သို့လည်းကောင်း၊ သြဂုတ် ၆ ရက်က ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူ၊ ဟင်္သာတနှင့် ဇလွန်မြို့များသို့လည်းကောင်းသွားရောက်၍ ရေဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေးနှင့်ကူညီထောက်ပံ့ရေးလုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့ပြီး ရေဘေးအန္တရာယ်ကြုံတွေ့လျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။

တပ်မတော်အနေဖြင့် ကချင်၊ ရှမ်း၊ ကရင်၊ ရခိုင်နှင့် ချင်းပြည်နယ်များနှင့် ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးများ စုစုပေါင်း တိုင်းဒေသကြီး/ပြည်နယ် ၁၁ ခု အတွင်းရှိ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောဒေသများသို့ တပ်မတော်တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ/စစ်သည်များသည် အချိန်နှင့်တစ်ပြေးညီ သွားရောက်ပြီး လူ၊ တိရစ္ဆာန်နှင့် ပစ္စည်းများ ကူညီရွှေ့ပြောင်းပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခြင်း၊ သဲအိတ်/မြေအိတ်များ စီချ၍ တာတမံများ ပြုလုပ်ပေးခြင်း၊ လှိုင်းကာများ ပြုလုပ်ပေးခြင်း၊ ရေလမ်းကြောင်း ညွှန်ပြခြင်း၊ ရေကျသွားသောနေရာများတွင် နုန်းများဖယ်ရှားခြင်း၊ လေယာဉ်ပြေးလမ်း၊ ကားလမ်းများကို ရွှံ့နွံနှင့် နုန်းမြေများ ဆေးကြောပေးခြင်း၊ ဆေးရုံ/ဆေးခန်းနှင့် စာသင်ကျောင်းများကို သန့်ရှင်းရေးပြုလုပ်ပေးခြင်းနှင့် ချုံနွယ်များ ရှင်းလင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

တပ်မတော်မှ ရေဘေးကယ်ဆယ်ရေးပစ္စည်းများကို သြဂုတ် ၆ ရက်အထိ သယ်ဆောင်ပေးခဲ့ရာတွင် တပ်မတော်မော်တော်ယာဉ် ၄ဝ၈ စီးဖြင့် စပိဘုတ်ရေယာဉ်အစင်း ၁၄ဝ၊ အသက်ကယ်အင်္ကျီအထည် ၃၈ဝ၊ ဘိလပ်မြေအိတ်များ၊ ဆန်အိတ်များ၊ စည်သွတ်ဘူးများ၊ စားသောက်ဖွယ်ရာများနှင့် ရေသန့်ဘူးများ သယ်ဆောင်ပေးခြင်း၊ တပ်မတော်(ရေ)မှစစ်ရေယာဉ် ခုနစ်စင်းဖြင့် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၊ ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တော၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များသို့ ဆန်အိတ် ၁၃၁ဝ၄ အိတ်၊ ခေါက်ဆွဲခြောက် ၆၃၁၅ ဖာ၊ စားဆီပိဿာ ၃ဝ၅ဝ၊ သွပ်အချပ် ၁ဝဝဝဝ၊ ဘိလပ်မြေတန် ၂ဝ အပါအဝင် စားသောက်ဖွယ်ရာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို သယ်ယူပို့ဆောင်ပေးခြင်း၊ တပ်မတော်(လေ)မှ လေယာဉ်ခြောက်စင်း၊ ရဟတ်ယာဉ် ၁၁ စင်းတို့ဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသများသို့ အရေးပေါ်ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများကို သယ်ယူပို့ဆောင်ပေးခြင်း စုစုပေါင်းခေါက်ရေ ၃၇ဝ ပျံသန်း၍ ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၃၃၅ တန်ကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့သည်။

ရေဘေးအန္တရာယ်ကျရောက်လျက်ရှိသောဒေသများသို့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရန်အတွက် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ အရာရှိ/စစ်သည်များပါဝင်သော တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ မြစ်တွင်း သွားဆေးရုံရေယာဉ်(ရွှေပုစွန်)သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း လှည့်လည်၍ ဆေးကုသပေးလျက်ရှိရာ သြဂုတ် ၆ ရက်အထိ ကလေး၊ လူကြီး၊ ကျား၊ မ စုစုပေါင်း ၁ဝ၂၁ ဦးအား ဆေးကုသပေးနိုင်ခဲ့ပြီး ဆက်လက်၍ ကုသမှုများ ဆောင်ရွက်လျက်ရှိသည်။

ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသော ပြည်သူများကို တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုက သြဂုတ် ၆ ရက်အထိ လှူဒါန်းခဲ့သော ငွေနှင့်ထောက်ပံ့ရေးပစ္စည်းများမှာ အောက်ပါအတိုင်း လှူဒါန်းထားပြီးဖြစ်ပါသည်-
(က) ငွေ ၁ဝ၄၆၈၄၂၃၂ ကျပ် ။
(ခ) ဆန် ၁ဝ၄၅ အိတ် ။
(ဂ) ထင်းကား ၃ စီး ။
(ဃ) ကုလားပဲ ၁၆ အိတ် ။
(င) စောင် ၄၉ ထည် ။
(စ) ထမင်းထုပ်/ဘူး ၂၈၆၇၃ ထုပ်/ဘူး ။
(ဆ) ကြက်ဥ ၉၆၉၉ လုံး ။
(ဇ) အဝတ်အထည် ၅ ထုပ် ။
(ဈ) ရေသန့်ဘူး(အသေး) ၂၅၃ဝ၉ ဘူး ။
(ည) ရေသန့်ဘူး(အကြီး) ၁၄၂ဝ ဘူး ။
( ဋ) ရေသန့်(ဂါလန်) ၆ဝဝဝ ဂါလန် ။
( ဌ) စားဆီ ၁၁၄၈ ပိဿာ ။
( ဍ) ဆား ၁၃ အိတ် ။
( ဎ) ခေါက်ဆွဲခြောက် ၄၇၅ဝ ဖာ ။
(ဏ) ငါးပိ ၅ အိတ် ။
(တ) အာလူး ၈၃၉ ပိဿာ ။
(ထ) ကြက်သွန်နီ ၅ဝဝ ပိဿာ ။
(ဒ) ငါးခြောက် ၁ဝ၁ ပိဿာ ။
(ဓ) ငရုပ်သီးခြောက် ၁၈ ပိဿာ ။
(န) အသားတု ၁ဝဝ ပိဿာ ။
(ပ) အချိုရည် ၁၂၁ ဖာ ။
(ဖ) စည်သွတ်ဘူး ၁၂၇၅ ဖာ ။
(ဗ) တီးမစ် ၂၅ ဖာ ။
(ဘ) ငါး ၇ဝ ပိဿာ ။
(မ) Malta Fresh အချိုရည် ၁၃၁ ကတ် ။
(ယ) Sparkling Lemon အချိုရည် ၁၅၃ ဖာ နှင့်
(ရ) ဘီစကွတ် ၂၄၆ ဖာ တို့ 
ဖြစ်ကြောင်း သိရသည်။
(မြဝတီ)

မှတ်ချက်။ (၂၉-၆-၂ဝ၁၅)ရက်နေ့မှ (၆-၈-၂ဝ၁၅)ရက်နေ့အထိ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကက(ကြည်း)အရန်ယာဉ်နှင့် လုပ်ငန်းယာဉ်များ စုစုပေါင်း ၄ဝ၈ စီးဖြင့် ဆန် ၆၂ဝ၆ အိတ်၊ ဖိုက်ဘာလှေ အစင်း ၁၄ဝ၊ အသက်ကယ်အင်္ကျီအထည် ၃၈ဝ၊ လေယာဉ်ဆီ/စက်သုံးဆီ ၆၄၉ ပီပါ၊ ဘိလပ်မြေ ၂ဝဝဝ နှင့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား ပို့ဆောင်ပေးခဲ့ပါသည်။

No comments:

Post a Comment