Sunday, August 9, 2015

သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများ တွင် တပ်မတော်မှ ပါဝင်ကူညီဆောင်ရွက်


မြန်မာနိုင်ငံတွင် ဇူလိုင်လလယ် ခန့်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ မြစ်ချောင်းများ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လျက် ရှိရာ ကယ်ဆယ်ရေးလုပ်ငန်းများကို တပ်မတော်အနေဖြင့် လူနှင့် တိရစ္ဆာန်များ၊ ပစ္စည်းများကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်း၊ မြို့ရွာများကို မြစ်၊ ချောင်းရေကြီးမှုမှ ကာကွယ်ခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများကို သယ်ယူ ပို့ဆောင်ပေးခြင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်း၊ အစိုးရအဖွဲ့၊ တပ်မတော်နှင့် စေတနာရှင်ပြည်သူ များမှ လှူဒါန်းသောပစ္စည်းများကို မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ လေယာဉ်/ရဟတ်ယာဉ်/သင်္ဘော များဖြင့်လည်းကောင်း သယ်ယူပို့ ဆောင်ပေးလျက်ရှိသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် သြဂုတ် ၂ ရက်တွင် ရခိုင် ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ မင်းပြား မြို့များသို့ လည်းကောင်း၊ သြဂုတ် ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အဖျောက်မြို့သို့ လည်းကောင်း၊ သြဂုတ် ၆ ရက်တွင် ဧရာဝတီတိုင်း ဒေသကြီး အင်္ဂပူ၊ ဟင်္သာတနှင့် ဇလွန် မြို့များသို့လည်းကောင်း သွားရောက်၍ ရေဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့ပြီး ရေ ဘေးအန္တရာယ် ကြုံတွေ့လျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက် ရှိသည်။

တပ်မတော်အနေဖြင့် ကချင်၊ ရှမ်း၊ ကရင်၊ ရခိုင်နှင့် ချင်းပြည်နယ်များနှင့် ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးများ စုစုပေါင်း တိုင်းဒေသကြီး/ပြည်နယ် ၁၁ ခုအတွင်းရှိ ရေကြီးရေလျှံမှုဖြစ်ပွား ခဲ့သောဒေသများသို့ တပ်မတော်တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ/စစ်သည်များ သည် အချိန်နှင့်တစ်ပြေးညီ သွားရောက်ပြီး လူ၊ တိရစ္ဆာန်နှင့် ပစ္စည်းများ ကူညီ ရွှေ့ပြောင်းပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခြင်း၊ သဲအိတ်/မြေအိတ်များစီချ၍ တာတမံများ ပြုလုပ်ပေးခြင်း၊ လှိုင်းကာများပြုလုပ်ပေးခြင်း၊ ရေလမ်းကြောင်း ညွှန်ပြခြင်း၊ ရေကျသွားသော နေရာများတွင် နုန်းများဖယ်ရှားခြင်း၊ လေယာဉ် ပြေးလမ်း၊ ကားလမ်းများကို ရွှံ့ညွန်နှင့် နုန်းမြေများဆေးကြောပေးခြင်း၊ ဆေးရုံ/ဆေးခန်းနှင့်စာသင်ကျောင်းများကို သန့်ရှင်းရေး ပြုလုပ်ပေးခြင်းနှင့် ချုံနွယ်များရှင်းလင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

တပ်မတော်မှ ရေဘေးကယ်ဆယ်ရေးပစ္စည်းများကို သြဂုတ် ၆ ရက် အထိ သယ်ဆောင်ပေးခဲ့ရာတွင် တပ်မတော်မော်တော်ယာဉ် ၄ဝ၈ စီးဖြင့် စပိဘုတ်ရေယာဉ် ၁၄ဝ၊ အသက်ကယ်အင်္ကျီ ၃၈ဝ၊ ဘိလပ်မြေအိတ်များ၊ ဆန်အိတ်များ၊ စည်သွတ်ဘူးများ၊ စားသောက်ဖွယ်ရာများနှင့် ရေသန့်ဘူးများ သယ်ဆောင်ပေးခြင်း၊ တပ်မတော်(ရေ)မှ စစ်ရေယာဉ် ခုနစ်စင်းဖြင့် ဧရာဝတီ တိုင်းဒေသကြီး အင်္ဂပူမြို့နယ်၊ ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တော၊ မြောက်ဦး နှင့် ရသေ့တောင်မြို့နယ်များသို့ ဆန်အိတ် ၁၃၁ဝ၄ အိတ်၊ ခေါက်ဆွဲခြောက် ၆၃၁၅ ဖာ၊ စားဆီပိဿာ ၃ဝ၅ဝ၊ သွပ်ချပ် ၁ဝဝဝဝ၊ ဘိလပ်မြေ တန် ၂ဝ အပါ အဝင် စားသောက်ဖွယ်ရာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို သယ်ယူပို့ဆောင် ပေးခြင်း၊ တပ်မတော်(လေ)မှ လေယာဉ်ခြောက်စင်း၊ ရဟတ်ယာဉ် ၁၁ စင်း တို့ဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသများသို့ အရေးပေါ်ကယ်ဆယ် ရေးနှင့်ထောက်ပံ့ရေးပစ္စည်းများကို သယ်ယူပို့ဆောင်ပေးခြင်း စုစုပေါင်း ခေါက်ရေ ၃၇ဝ ပျံသန်း၍ ကယ်ဆယ်ရေးပစ္စည်းစုစုပေါင်း ၃၃၅ တန်ကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့သည်။

ရေဘေးအန္တရာယ် ကျရောက်လျက်ရှိသော ဒေသများသို့ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ရန် အတွက် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ အရာရှိ/စစ်သည်များ ပါဝင်သော တပ်မတော် နယ်လှည့်ဆေးကုသရေး အဖွဲ့ မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုစွန်) သည် ဧရာဝတီတိုင်း ဒေသကြီး အတွင်း လှည့်လည်၍ ဆေးကုသပေးလျက်ရှိရာ သြဂုတ် ၆ ရက်အထိ ကလေး/လူကြီး၊ ကျား/မ စုစုပေါင်း ၁ဝ၂၁ ဦးအား ဆေးကုသပေးနိုင်ခဲ့ပြီး ဆက်လက်၍ ကုသမှုများဆောင်ရွက်လျက်ရှိသည်။


ဓာတ်ပုံ -မြ၀တီ

No comments:

Post a Comment