Friday, August 7, 2015

မြန်မာနိုင်ငံရေဘေးသင့် ပြည်သူများ ထောက်ပံ့လှူဒါန်းရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် အစိုးရ၏ ထောက်ပံ့ေးရး ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်တန်း မန္တလေးမြို့သို့ ရောက်ရှိ




မန္တလေး သြဂုတ် ၇
ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သော ရေဘေးသင့် ပြည်သူများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုးရမှ ထောက်ပံ့လှူဒါန်းသော ထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင်လာသော ယာဉ်တန်းသည် မန္တလေးမြို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ဗဟိုကုန်သိုလှောင်ရုံသို့ သြဂုတ်လ (၇)ရက် ညနေ(၄)နာရီက ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါနေရာတွင် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိံန်းနှင့် စီးပွားရေးရာ ၀န်ကြီး ဦးအောင်ဇံနှင့်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong liang တို့က အမှာစကားပြောကြားပြီး ယူနန်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယအတွင်းရေးမှူး Mr.Pu Jianhui က လှူဒါန်းရခြင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်   ဦးအောင်ခိုင်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုးရမှ လှူဒါန်းသော ထောက်ပံ့ရေး ယာဉ်တန်းတွင် ကား (၁၄)စီးဖြင့် ဆန်တန်ချိန် (၁၀၀)၊ ခေါက်ဆွဲခြောက်ဖာ (၁၀၀၀၀)၊ မိုးကာတဲ (၁၀၀၀)၊ နို့မှုန့် (၅၀၀)ဖာ စုစုပေါင်း ယွမ် (၂၄၁၀၀၀၀)  ပစ္စည်းများကို ယူနန်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယအတွင်းရေးမှူး Mr.Pu Jianhui က ပေးအပ် လှူဒါန်းရာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်   ဦးအောင်ခိုင်က လက်ခံရယူသည်။
အဆိုပါ ထောက်ပံ့ရေး ပစ္စည်းများထဲမှ ကား (၁၁)စီးဖြင့် တင်ဆောင်လာသော ဆန်၊ ခေါက်ဆွဲခြောက်၊ နို့မှုန့်တို့ကို မန္တလေးမြို့လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ဟိုကုန်သိုလှောင်ရုံ (မြို့ဟောင်း)မှာပင် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တို့က ကုန်သိုလှောင်ရုံ ဂိုထောင် အမှတ် (၅)အတွင်းသို့ ချပေးကြပြီး ကား (၃)စီးဖြင့် တင်ဆောင်လာသော မိုးကာတဲ(၁၀၀၀)အား မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်လက်ထွက်ခွာကာ ကလေးဒေသသို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်

No comments:

Post a Comment