Tuesday, August 11, 2015

စက်မှုကျွမ်းကျင် လုပ်သားများအား စက်မှုဝန်ကြီးဌာန၏ ရွေ့လျားသင်တန်းများ အစီအစဉ်ဖြင့် လေ့ကျင့် မွေးထုတ်ပေးလျက်ရှိ





မော်လမြိုင် သြဂုတ် ၁၁

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် မွန်ပြည်နယ်အစိုးရ အဖွဲ့တို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုဖြင့် မွန်ပြည်နယ်အတွင်းရှိ လူငယ်များ စက်မှုဆိုင်ရာ အသိပညာ ဗဟုသုတများရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ  ပေါ်ပေါက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး တို့အတွက် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နှင့် မော်လမြိုင်မြို့တို့တွင် အမှတ်(၃) စက်မှု သင်တန်းကျောင်း(သာဂရ)မှ တာဝန်ယူလျက် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်းများအား ဖွင့်လှစ်ပေး လျက်ရှိရာ သြဂုတ် (၁၀)ရက် နံနက်(၉)နာရီတွင် ရွေ့လျားသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို  နည်းပညာတက္ကသိုလ် (မော်လမြိုင်) ရှိ ‘ဘွဲ့နှင်းသဘင်ခန်းမကြီး တွင် ကျင်းပသည်။


အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့် နှင့် စက်မှုပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလွင် တို့က သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

စက်မှုဝန်ကြီးဌာနသည် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပူးပေါင်းလျက် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း အမှတ်စဉ်(၁၅)အား သံဖြူဇရပ်မြို့တွင်   ဖွင့်လှစ်ပေးခဲ့ခြင်းပြီး ရေးမြို့နယ်၊ မုဒုံမြို့နယ်နှင့် သံဖြူဇရပ် မြို့နယ်တို့မှ သင်တန်းသား(၅၈)ဦး တက်ရောက်သည်။ ယခုဖွင့်လှစ်သော အမှတ်စဉ်(၁၇) သင်တန်းတွင် မော်လမြိုင်၊ ချောင်းဆုံနှင့် ကျိုက်မရော မြို့နယ်တို့မှ သင်တန်းသား(၆၁)ဦး တက်ရောက်ခဲ့သည်။   အဆိုပါ သင်တန်း ပြီးဆုံးပက သထုံမြို့တွင်လည်း ထပ်မံဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရ ပါသည်။


စက်မှုဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လမှစတင်၍ စက်မှုနှင့်အသက် မွေးပညာ ရွေ့လျားသင်တန်း များအဖြစ် အိမ်သုံးလျှပ်စစ်သွယ်တန်းခြင်းနှင့် လျှပ်စစ်ပစ္စည်း ပြုပြင်ထိမ်းသိန်းခြင်း ဘာသာရပ်၊ အခြေခံ သံဂဟေဆက်ဘာသာရပ်၊ စိုက်ပျိုးရေး လုပ်ငန်းသုံးအင်ဂျင်နှင့် မော်တော် ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းခြင်း ဘာသာရပ်များအား သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ညှိနှိုင်းလျှက် လိုအပ်ချက်ရှိရာ ကျေးလက်ဒေသများအရောက် လိုက်လံဖွင့်လှစ် သင်ကြားပေးခဲ့ရာ အမှတ်စဉ်(၁၆)အထိ အခြေခံစက်မှု ကျွမ်းကျင်လုပ်သား (၉၇၅)ဦးအထိ လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီး ဖြစ်သည်။  ရွေ့လျားသင်တန်းများ ဖွင့်လှစ်လိုပါက စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၊ နေပြည်တော် ရုံးအမှတ်(၃၀)သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိ သည်။

No comments:

Post a Comment