Monday, August 10, 2015

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိသည့် ညောင်တုန်းနှင့် ဟင်္သာတမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံအားပေး


နေပြည်တော် သြဂုတ် ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် နေပြည် တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး နေ့လည်(၁၂)နာရီ (၁၀)မိနစ် တွင် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့သို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းမှူး ဗိုလ်ချုပ်လူအေးနှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။


ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးတို့နှင့်အတူ ဧရာဝတီ တိုင်းဒေသကြီး အတွင်း ရေကြီး၊ရေလျှံမှုဖြစ်ပွားလျက်ရှိသည့်  ဒေသများသို့ ရဟတ်ယာဉ်များဖြင့် သွားရောက်ကြည့် ရှု အားပေးသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ညောင်တုန်းမြို့သို့ရောက်ရှိပြီး အရှည်(၂)မိုင် ရှိသည့် မြို့မြစ်ကမ်း ထိန်းတာ အား   ဒေသခံ ပြည်သူများနှင့် တပ်မတော်သားများက မြို့တွင်းသို့ ရေ၀င်ရောက်မှုမရှိစေရန် သဲအိတ်များဖြင့် တာဘောင်မြှင့် တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
နိုင်ငံတော်သမ္မတက ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြား ရာတွင် ညောင်တုန်းမြို့ ရေလွှမ်း မိုးမခံရစေရန်အတွက် မြစ်ကမ်းထိန်းတမံကို ၀ိုင်းဝန်း ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် ဒေသခံပြည်သူများ၊ တပ်မတော် သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များကို ချီးကျုး ဂုဏ်ပြုပါကြောင်း၊ ညောင်တုန်း၊ ဟင်္သာတမြို့ များအ၀ါအ၀င် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အရေးကြီး သည့် မြစ်ကမ်းထိန်းတမံများကိုသာမန်ထက် ထူးကဲရေကြီးမြင့် တက်ချိန်တွင် ကာကွယ် နိုင်စွမ်း ရှိရန်အတွက် လက်ရှိအမြင့်ထက် ၅ ပေခန့်အထိ တိုးမြှင့်နိုင်ရေး စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လိုအပ်သည့် ရန်ပုံငွေရရှိရေးအတွက် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ တောင်းခံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာ များကို ပေးအပ်ပြီး တပ်မတော်စစ် အင်ဂျင်နီယာ ညွှန်ကြားရေးမှူးချုပ်ရုံး၏ ရေသန့်ယာဉ် (Water Purification Vehicle NJC  200-100/80)ဖြင့်  ဒေသခံပြည် သူများအတွက်   သောက်ရေ၊ သုံးရေဖြန့်ဝေပေးနေမှုကို  ကြည့်ရှုသည်။
၎င်းယာဉ်သည် မြစ်ချောင်းအင်းအိုင်များမှ ရေကို စုပ်ယူပြီး အဆင့်ဆင့်သန့်စင်ကာ လူကို အန္တရာယ်ဖြစ်စေနိုင်သည့် ဘက်တီးရီး ယားပိုးမွှားများ၊ ရောဂါပိုးမွှားမျာကို ခရမ်းလွန်ရောင်ခြည်ဖြင့် သန့်စင်ပြီး သောက်ရေသန့်အဖြစ် ထုတ်ပေးခြင်း ဖြစ်ပြီး တစ်နာရီလျှင် သောက်ရေဂါလန် (၈၀၀)ထုတ်လွှတ်ပေးနိုင်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ညောင်တုန်းမြို့ပုဏ္ဏရာမဈေးကျောင်း ဆရာတော် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင် အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသြသဓာဘိဝံသအား ဖူးမျော်ကြည်ညိုပြီး လှူဖွယ် ၀ထ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ညောင်တုန်းမြို့ ရာပြည့်ဗိမာန်တော် ကြီးတွင် ရေဘေး သင့်ပြည်သူ (၆၃၀)ဦး အတွက် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားမှုအား သွားရောက်ကြည့်ရှုပြီး ရေဘေးသင့်ပြည် သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်သည်။ 
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက အားပေးစကားပြောကြားရာတွင်     သဘာဝဘေးအန္တရာယ် ဖြစ်ပေါ် လာပါက လူသားချင်းစာနာစိတ်ရှိသူများက ပူးပေါင်း ကူညီပြီး ကယ်ဆယ်ရေးနှင့်ကူညီစောင့် ရှောက်မှု များအား လုပ်ဆောင်ပေး ကြပါကြောင်း နိုင်ငံတော်အစိုးရအနေဖြင့်လည်း စာသင် ကျောင်း၊ ဆေးခန်းနှင့် ဆေးရုံများ အားအမြန်ဆုံး ပြန်လည်ဖွင့် လှစ်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူ များအတွက် ကျောင်းသုံး ပစ္စည်းများကို အချိန်မီဖြန့်ဝေပေး သွားမည်ဖြစ်ပါကြောင်း၊ပျက်စီး သွားသည့် လယ်ယာမြေများအတွက် ပြန်လည် စိုက်ပျိုးနိုင်ရန်၊ တောင်သူ လယ်သမား များအတွက် မိုးစပါး ပြန်လည် စိုက်ပျိုးနိုင်ရန် ထွန်ယက်ပေးခြင်းနှင့် မျိုးစပါးများ  ဖြန့်ဝေပေးခြင်းကို ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ဟင်္သာတမြို့သို့ရောက်ရှိကြပြီး လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန၏ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်း အပြီးသတ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေး သည်။
အဆိုပါသင်တန်းကျောင်းမှာ  မြန်မာနိုင်ငံ၏ တစ်ခုတည်းသော သဘာဝဘေး အန္တရယ် စီမံခန့်ခွဲမှု သင်တန်းကျောင်းဖြစ်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်တည် ဆောက်ခဲ့ရာ ယခုအခါ သင်တန်းခန်းမ၊ ၀န်ထမ်း အိမ်ရာ၊ အုပ်ချုပ်မှုရုံး၊ စာသင်ဆောင်၊ သင်တန်းသားသင်တန်းသူအိပ်ဆောင်နှင့် စားဖိုဆောင်တို့ ဆောက် လုပ်ပြီးစီးပြီဖြစ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဟင်္သာတမြို့ ကြာခံကျောင်းတိုက် တွင် ရေဘေးသင့်ပြည်သူ (၆၀၀) ကျော်အတွက် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိမှုအား  သွားရောက်ကြည့်ရှုပြီး   ရေဘေး သင့်ပြည် သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ ထောက်ပံ့ပစ္စည်းများကို ပြည်သူများအားလည်းကောင်း၊ အလှူငွေ ကျပ်သိန်း(၅၀၀)ကို တိုင်းဒေသကြီးဝန်ကြီးချုပ်အားလည်းကောင်းပေးအပ်သည်။
ဆက်လက်ပြီး နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဟင်္သာတမြို့ရွှေစေတီအနီးရှိ (၁)မိုင် (၄)ဖာလုံ ရှည်လျားသည့် လက်သမားရေထိန်းတာအား ကြည့်ရှုပြီး ဒေသခံပြည်သူများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ရေဘေး သင့်ပြည် သူများအတွက် ကယ်ဆယ်ရေး အထောက် အကူပစ္စည်းများ ပေးအပ်လှူဒါန်းရန် ရောက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Blue Sky Rescue အဖွဲ့အား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့်ဆက်လက်ထွက်ခွာ ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ ရောက်ရှိပြီး ညအိပ်ရပ်နားသည်။ 

No comments:

Post a Comment