Wednesday, August 12, 2015

ထူးချွန်ဆရာဆု ဒုတိယအကြိမ် ရွေးချယ်ချီးမြှင့်ရေးဆိုင်ရာ စာနယ်ဇင်းရှင်းလင်း

ရန်ကုန် သြဂုတ် ၁၁

ပညာတန်ဆောင်နှင့် တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း ဆောင်ရွက်သည့် ထူးချွန်ဆရာဆု ဒုတိယအကြိမ် ရွေးချယ်ချီးမြှင့်ရေးဆိုင်ရာ စာနယ်ဇင်းရှင်းလင်းပွဲကို သြဂုတ် ၉ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ၏ ပညာရေးအကြံပေးပုဂ္ဂိုလ် ထူးချွန်ဆရာဆု ဒုတိယအကြိမ် ရွေးချယ်ချီးမြှင့်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဦးက အမှာစကားပြောကြားပြီး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်ညိုက ရွေးချယ်ရေးဆိုင်ရာ မူဝါဒများကို ရှင်းလင်းဆွေးနွေး သည်။

ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဟန်က ထူးချွန်ဆရာဆု ရွေးချယ်ရေးဆိုင်ရာ မေးခွန်းများနှင့် အကဲဖြတ်ခြင်းဆိုင်ရာ အစီအစဉ်များကို လည်းကောင်း၊ ထူးချွန်ဆရာဆု ဒုတိယအကြိမ် ရွေးချယ်ချီးမြှင့်ရေးလုပ်ငန်းအစီအစဉ်များ၏ မတည်အလှူရှင် တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးကိုကိုထွေးက လှူဒါန်းမှုများနှင့် ပတ်သက်၍ လည်းကောင်း၊ ဒုတိယအကြိမ် ထူးချွန်ဆရာဆု ရွေးချယ်ချီးမြှင့်ရေး ဦးစီးကော်မတီအတွင်းရေးမှူး ဦးအေးကြိုင် က လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် စာနယ်ဇင်းသမားများ၏ သိရှိလို သော မေးမြန်းချက်များကို ဒုတိယအကြိမ် ထူးချွန်ဆရာဆု ရွေးချယ်ချီးမြှင့် ရေးဦးစီးကော်မတီဝင်များက ပြန်လည်ဖြေကြားသည်။


ယင်း ဒုတိယအကြိမ် ထူးချွန်ဆရာဆုကို အခြေခံပညာကျောင်းများ၌ တာဝန်ထမ်းဆောင်နေသော အခြေခံပညာမူလတန်း အဆင့်သင်၊ အခြေခံ ပညာအလယ်တန်းအဆင့်သင်နှင့် အခြေခံပညာ အထက်တန်း အဆင့်သင် ဆရာ ဆရာမများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပညာရေးဌာနတွင် (၁-၆-၂ဝ၁၅) ရက်နေ့၌ အမှုထမ်းသက် လုပ်သက်သုံးနှစ်ထက် မနည်းရှိသူဖြစ်ရပါမည်။
ထူးချွန်ဆရာဆု ယှဉ်ပြိုင်လိုသည့်လျှောက်ထားလိုသော ဆရာ ဆရာမများ ကိုယ်တိုင် ဗဟိုမှ မြို့နယ်ပညာရေးမှူးရုံးများသို့ ပေးပို့သည့် ကိုယ်ရေးအချက် အလက်ပုံစံများဖြည့်စွက်ကာ မိမိကျောင်းအုပ်ကြီးနှင့်ဆက်သွယ်၍ ကျောင်း အဆင့်ပြိုင်ပွဲ၌ စတင်ပါဝင်ယှဉ်ပြိုင်နိုင်သည်။

ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ထူးချွန် ဆရာဆု ရွေးချယ်ရေးကော်မတီများက ဗဟိုမှပေးပို့သော မေးခွန်းများဖြင့် ရေးဖြေနှင့် လူတွေ့နှုတ်ဖြေ စိစစ်ရွေးချယ်ပြီး ဆောင်ရွက်သွားမည်ဖြစ်သည်။

ထူးချွန် ဆရာ ဆရာမ ရွေးချယ်မှုကို ကျောင်းအဆင့် ၂ဝ၁၅ စက်တင် ဘာ ၁၃ ရက်၊ မြို့နယ်အဆင့် ၂ဝ၁၅ စက်တင်ဘာ ၂၇ ရက်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ၂ဝ၁၅ နိုဝင်ဘာ ၂၉ ရက်၊ ဗဟိုအဆင့် ၂ဝ၁၅ ဒီဇင်ဘာ ၂၇ ရက်တို့၌ နံနက် ၁ဝ နာရီတွင် ရေး၊ဖြေစာမေးပွဲနှင့် မွန်းလွဲ ၁ နာရီ တွင် လူတွေ့နှုတ်ဖြေနှင့် ဗဟိုအဆင့်တွင် ကျောင်းသား ကျောင်းသူများအား လက်တွေ့တန်းပြသင်ကြားပြသခြင်းဖြင့် သင်ကြားမှုစွမ်းရည် ထူးချွန်ကြောင်း ဆန်းစစ်သွားမည်ဖြစ်သည်။

ဆုချီးမြှင့်ရာတွင် ဗဟိုအဆင့်၌် ထက်/လယ်/မူ သုံးဆင့်လုံး၌ ပထမ ဆုငွေကျပ်သိန်း ၄ဝ၊ ဒုတိယဆုငွေကျပ် သိန်း ၂ဝ၊ တတိယဆုငွေကျပ် ၁ဝ သိန်းစီ၊ ထက်/လယ်/မူ ဆရာ သုံးဦးစီဖြင့် ထူးချွန်ဆုရှင် ကိုးဦးကို ရွေးချယ် ဂုဏ်ပြုချီးမြှင့်မည်။
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ထူးချွန်ကြသော ဆရာ ဆရာမ ၁၆၂ ဦးအား ဒုတိယအကြိမ် ထူးချွန်ဆရာဆု ရွေးချယ်ချီးမြှင့်ရေး ဦးစီးကော်မတီမှ ဆုငွေကျပ်သိန်း ၅၄ဝ ကို ပေးပို့မည်ဖြစ်သည်။


ထူးချွန်ဆရာဆုနှင့်ပတ်သက်ပြီး ပညာတန်ဆောင် အုပ်ချုပ်ရေးအဖွဲ့ရုံး ဖုန်း ဝ၁-၅၃၉၇၃၈၊ ဝ၁-၅၁၈၁၃၇ နှင့် ဝ၉-၂၅၉၃၄၄၈၄၄ တို့သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment