Thursday, August 27, 2015

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် အဖွဲ့အစည်း၏ လက်ထောက် အတွင်းရေးမှူးချုပ်နှင့် အရေးပေါ် အခြေအနေ တုံ့ပြန်မှုဌာန၏ ညွှန်ကြားရေးမှူး မစ္စအီဇုမိ နာကာမိဆု ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် သြဂုတ် ၂၇
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် အဖွဲ့အစည်း၏ လက်ထောက် အတွင်းရေးမှူးချုပ်နှင့် အရေးပေါ် အခြေအနေ တုံ့ပြန်မှုဌာန၏ ညွှန်ကြားရေးမှူး မစ္စအီဇုမိ နာကာမိဆု ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံရာ၌ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ မိုးလေ၀သနှင့် သတင်း အချက်အလက် နည်းပညာရှင်များနှင့် ပူးပေါင်း၍ သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများ၊ ညှိနှိုင်း ဆောင်ရွက်မှု ဆိုင်ရာကိစ္စ နိုင်ငံတကာ မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ သဘာဝဘေး ပြန်လည် ထူထောင်ရေး ဆိုင်ရာ ဆန်းစစ်ချက်များ ဆောင်ရွက်ပြီး၊ ဆန်းစစ်ချက် ရလဒ်များ အပေါ် အခြေခံ၍ ကာလတို၊ ကာလရှည် ပြန်လည်ထူထောင်ရေး စီမံချက်များ ရေးဆွဲ ဆောင်ရွက်သွားရေး ကိစ္စ၊ ယင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဘဏ္ဍာရေးနှင့် နည်းပညာပိုင်း ဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရေး ကိစ္စ၊ ကုလသမဂ္ဂ ဗဟိုအရေးပေါ် တုံ့ပြန်မှုဆိုင်ရာ ရန်ပုံငွေမှ မြန်မာနိုင်ငံ ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေး အတွက် ထောက်ပံ့ရေးနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တစ်ဆင့် နိုင်ငံတကာ အလှူရှင်များက ပေးအပ်လှူဒါန်းမှု၊ ဖြန့်ဝေပေးမှု အချက်အလက်များကို စနစ်တကျ မှတ်တမ်း ထားရှိနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် ပူးပေါင်း ဆောင်ရွက် သွားရေး ကိစ္စ၊ မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရေဘေး ဒဏ်သင့်ဒေသများ အမြန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ကုလသမဂ္ဂနှင့် အတူ ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့    ဒုတိယ သမ္မတနှင့်အတူ ဒုတိယ၀န်ကြီးများ ဖြစ်ကြသော ဦးတင်ဦးလွင်၊ ဒေါ်လဲ့လဲ့သိန်း၊ ဦးစိုးတင့်၊ ဒေါ်စုစုလှိုင်တို့ တက်ရောက်ကြသည်။ 

No comments:

Post a Comment