Thursday, August 27, 2015

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူ အားလုံး ပါဝင်သော သုံးသပ် ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား



နေပြည်တော် သြဂုတ် ၂၇

လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူ အားလုံးပါဝင်သော သုံးသပ် ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II)၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက် အမှာစကား ပြောကြားသည်။











အခမ်းအနားသို့ ပြည်ထောင်စု ၀န်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဖက် လူမှု အဖွဲ့အစည်းများ၊ စီမံကိန်းကျေးရွာများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတက မိမိတို့အနေဖြင့် ပြည်သူများ၏ တူညီသော ဆန္ဒနှင့် အညီ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည် တည်တ ခိုင်မြဲသော စစ်မှန်သည့် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေး၊ အလယ် အလတ်အဆင့် ၀င်ငွေရှိသည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး အမျိုးသားရေး ရည်မှန်းချက်များ ထားရှိကာ ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများကို မဟာ ဗျူဟာမြောက် အစီအမံများ ရေးဆွဲချမှတ်ကာ တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနနှင့် ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် လူထုဗဟိုပြု စီမံကိန်းသည် အဆိုပါ ရေးဆွဲထားသည့် မဟာ ဗျူဟာထဲမှ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ဖြစ်ပါကြောင်း။ 

၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ် စီမံကိန်း စတင်စဉ်က မြို့နယ် (၃)မြို့နယ်၌သာ ဆောင်ရွက် ခဲ့သော်လည်း ယခုအခါ မြို့နယ် (၁၅)မြို့နယ်အ ထိ တိုးချဲ့ ဆောင်ရွက်နိုင်ပြီး ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် (၂)နှစ်တာ ကာလအတွင်း မြို့နယ်(၉)မြို့နယ်၌ စီမံကိန်း လုပ်ငန်းပေါင်း (၁၈၂၂)ခုကို ငွေကျပ် (၉ ဒသမ ၃၆)ဘီလီယံဖြင့် ဆောင်ရွက် နိုင်ခဲ့သည့် အတွက် ကျေးလက်ပြည်သူ (၂ ဒသမ ၄၈)သန်းကို အကျိုး ပြုစေခဲ့ပါကြောင်း။

လူထုဗဟိုပြု စီမံကိန်း၏ လက်တွေ့ကျသည့် အောင်မြင်မှုများကြောင့် မြို့နယ် (၆၂)မြို့နယ်တွင် တိုးချဲ့ ဆောင်ရွက်ရန် အီတလီနိုင်ငံ အစိုးရမှ ယူရိုသန်း (၂၀)နှင့် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာသန်း (၄၀၀)ကို ထပ်မံ ကူညီပေးခဲ့ပါကြောင်း၊ ထို့ကြောင့် လူဦးရေ (၇)သန်းကို ထပ်မံ အကျိုးပြုစေမည် ဖြစ်ပြီး ယခင်က ကျေးရွာ အုပ်စု တစ်အုပ်စုလျှင် ငွေကျပ် (၃၂ ဒသမ ၄)သန်း ထောက်ပံ့ရာမှ ယခုအခါ (၃၉ ဒသမ ၆)သန်း အထိ တိုးမြှင့် ထောက်ပံ့ ပေးလာနိုင်ကာ စီမံကိန်း စက်ဝန်းကိုလည်း (၄)နှစ်အဖြစ် တိုးချဲ့ ဆောင်ရွက် သွားနိုင်မည် ဖြစ်ပါကြောင်း။

ယနေ့ ကျင်းပသည့် သုံးသပ်ဆွေးနွေးပွဲမှ ဖြည့်စွက် အကြံပြုချက်များ၊ အတွေ့ အကြုံမျှဝေမှုများ၊ သင်ခန်းစာ ဖော်ထုတ်ချက်များသည် စီမံကိန်း အောင်မြင်စေရန် များစွာ အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ တက်ရောက် လာကြသူများအနေဖြင့် မြေပြင်တွင် ဖြစ်ပေါ်နေသော ပကတိဖြစ်ရပ်မှန် အခြေအနေများ၊ အတွေ့အကြုံများ၊ ကျေးလက်နေ ပြည်သူများ၏ အသံနှင့် ခံစားချက်များအား အရှိကိုအရှိအတိုင်း ပွင့်ပွင့် လင်းလင်း ဆွေးနွေး အကြံပြုပေးကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း။

ကမ္ဘာ့ဘဏ်နှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန တို့မှလည်း ယခုဆွေးနွေးပွဲမှ အကြံပြုချက်များကို လေးလေးနက်နက် စဉ်းစား၍ တတိယနှစ် စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထည့်သွင်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွား အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်မှု၊ စွမ်းဆောင်ရည်များ မြင့်မား လာစေရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများကို အထောက် အကူပြုစေမည့် လူထု ဗဟိုပြုစီမံကိန်း အောင်မြင်စေရန် အတွက်   ကမ္ဘာ့ဘဏ် အပါအ၀င် သက်ဆိုင်သူ အားလုံးနှင့် နီးနီကပ်ကပ် လက်တွဲပူးပေါင်း၍  ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ ဌာနခွဲမန်နေဂျာ မစ္စတာ အဗ္ဗဒူလ် ယေဆက်ဖ်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး စီမံကိန်းအကျဉ်းကို ဗီဒီယိုဆလိုက် ဖြင့်ပြသသည်။

ယင်းနောက် ဒုတိယသမ္မတက ကျေးရွာအုပ်စု ပထမဆုရရှိသည့် ကန်ပက်လက် မြို့နယ် မကြားအိမ်နူး ကျေးရွာအုပ်စုနှင့် ကျေးရွာ ပထမဆုရရှိသည့် ဖုန်းတွေးကျင်း ကျေးရွာ၊ ကျေးရွာအုပ်စု ပထမဆုရရှိသည့် ကျွန်းစုမြို့နယ် ကဘင် ကျေးရွာအုပ်စုနှင့် ကျေးရွာ ပထမဆုရရှိသည့် လင်မလိုငယ် ကျေးရွာများအား ဂုဏ်ဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ကျေးရွာအုပ်စု ပထမဆု ရရှိသည့် နမ့်ဆန်မြို့နယ် နမ့်လင်း ကျေးရွာအုပ်စုနှင့် ကျေးရွာပထမဆု ရရှိသည့် ဇယ်ဘန်ကောက် ကျေးရွာ၊ ကျေးရွာအုပ်စု ပထမဆုရရှိသည့် တပ်ကုန်းမြို့နယ် ရှားတော ကျေးရွာအုပ်စုနှင့် ကျေးရွာ ပထမဆုရရှိသည့် သဲကုန်း ကျေးရွာများအား လည်းကောင်း၊  ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ ဌာနခွဲမန်နေဂျာက ကျေးရွာအုပ်စု ပထမဆုရရှိ သည့် ထန်းတပင်မြို့နယ် လှည်းဆိပ် ကျေးရွာအုပ်စုနှင့် ကျေးရွာ ပထမဆုရရှိသည့် ကျွဲကူးကျေးရွာ၊ ကျေးရွာအုပ်စု ပထမဆုရရှိသည့် လေးမျက်နှာမြို့နယ် အိုင်သပြု ကျေးရွာ အုပ်စုနှင့် ကျေးရွာ ပထမဆုရရှိသည့် အလုံးကြီး ကျေးရွာများအား လည်းကောင်း ဂုဏ်ဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယ သမ္မတသည် တက်ရောက် လာကြသည့် ဧည့်သည်တော်များ၊ ဆုရရှိသည့် ကျေးရွာများမှ ကိုယ်စားလှယ်များနှင့် အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။

အခမ်းအနား အပြီးတွင် ဒုတိယသမ္မတသည် အဆိုပါခန်းမ၌ ခင်းကျင်းပြသ ထားသည့် လူထုဗဟိုပြုစီမံကိန်း လှုပ်ရှားမှု ဓာတ်ပုံများအား လှည့်လည် ကြည့်ရှု အားပေးသည်။

ယင်းနောက် သုံးသပ် ဆွေးနွေးပွဲကို စတင်ကျင်းပရာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ နမ့်ဆန်၊ ကျွန်းစု၊ ကန်ပက်လက်၊ ထန်းတပင်၊ ပင်လည်ဘူး၊ စေတုတ္တရာ၊ လေးမျက်နှာ၊ အမ်းနှင့် တပ်ကုန်းမြို့နယ်များမှ ကိုယ်စားလှယ်များက လူထုဗဟိုပြု စီမံကိန်းများ ဆောင်ရွက်ခဲ့မှု၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို လည်းကောင်း ရှင်းလင်း တင်ပြကြပြီး တက်ရောက်လာ သူများက တင်ပြချက်များအပေါ် မေးမြန်း ဆွေးနွေးကြသည်။


ယနေ့ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အနေအထားကို ခြုံငုံ သုံးသပ်ရာတွင် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းလာပြီး နိုင်ငံ၏ ဆင်းရဲ နွမ်းပါးမှုနှုန်းမှာ ၂၀၀၅ ခုနှစ်တွင် ၃၂ ရာခိုင်နှုန်းရှိရာမှ ၂၀၁၀ ခုနှစ်တွင် ၂၆ ရာခိုင်နှုန်း အထိ ကျဆင်း လာခဲ့သည်။ ထောင်စုနှစ် ဖွံ့ဖြိုးမှု ပန်းတိုင်နှင့်အညီ ဆင်းရဲ နွမ်းပါးမှုနှုန်းကို ၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိသကဲ့သို့ ကုလသမဂ္ဂမှ ချမှတ်ထားသည့် ၂၀၁၅ ခုနှစ်အလွန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ရည်မှန်းချက်များ ပြည့်မီစေရေး အတွက်လည်း ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment