Friday, August 28, 2015

ရေဘေးသင့်သော်လည်း ကြိုတင်ကာကွယ်ရေးအစီအမံများကြောင့် ပဲခူး၌ ထိခိုက်ပျက်စီးမှုနည်းပါး


ပဲခူး သြဂုတ် ၂၇
ဇူလိုင်လနှင့် သြဂုတ်လများအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခြင်းနှင့် လေပြင်း များ တိုက်ခတ်ခြင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်း၌ ရေကြီးရေလျှံမှု များပေါ်ပေါက်ခဲ့ရာ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်/ဒေသအချို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး အထူးသဖြင့် ကျောက်တံခါး၊ ညောင်လေးပင်၊ ရွှေကျင်၊ ဒိုက်ဦး၊ ဝေါ၊ သနပ်ပင်၊ ကဝ၊ ပဲခူးမြို့တို့တွင် ရေကြီးရေလျှံမှု ဖြစ်စဉ်များ ပိုမိုဖြစ်ပွား ခဲ့သည်။

မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်စသည့် အဓိကမြစ်ကြီးလေးစင်းအပြင် အခြား မြစ်ငယ်၊ ချောင်းငယ်များ အသွယ်သွယ်စီးဆင်းလျက်ရှိခြင်းကြောင့် စိုက်ပျိုးရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေကို အဆိုပါမြစ်ချောင်းကြီးငယ် အသွယ်သွယ်တို့ကို စီမံဆောင်ရွက်ခြင်းဖြင့် ရရှိနေပေရာ ပဲခူးခရိုင်သည် မြေမျက်နှာသွင်ပြင်အနေအထားအရ မြေနိမ့်လွင်ပြင်ဖြစ်ခြင်းကြောင့် နှစ်စဉ် ရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် ယခုနှစ် ရေကြီးရေလျှံ ရေလွှမ်းမိုးမှုဖြစ်စဉ်သည် ယခင် ၁၉၉၇၊ ၂ဝ၁၁၊ ၂ဝ၁၂ ခုနှစ်များအတွင်း ဖြစ်ပေါ်ခဲ့ သည့် ရေလွှမ်းမိုးမှုဖြစ်စဉ်များနှင့် နှိုင်းစာပါက သာမန်ရေကြီးရေလျှံမှု ဖြစ်စဉ် တစ်ခုမျှသာဖြစ်ကြောင်း ဒေသခံများ၏ ထုတ်ဖော်ပြောကြားချက်အရ သိရ သည်။
ပျက်စီးဆုံးရှုံးမှုပမာဏမှာလည်း ယခင်ကာလဖြစ်စဉ်များနှင့် နှိုင်းယှဉ်လျှင် လျော့နည်းမှုရှိကြောင်း၊ လယ်ယာမြေများ ရေနစ်မြုပ်မှုတွင် ရေလွှမ်းဧက ၁၆ဝ၇၆ဝ ဧကရှိခဲ့ပြီး ရက်ပိုင်းအတွင်းဆိုသလိုပင် ရေနစ်မြုပ်ရာမှ ပြန်ပေါ် ခဲ့ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ဧက ၇၆၉၁၃ ဧက ရှိခဲ့သော်လည်း ဧက၂၄၆၃ဝ သာ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်း ဇယားများအရ သိရသည်။
ထို့အတူ ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းပေါင်း ၉၆ ကျောင်းခန့် ရေကြီးစဉ် ခေတ္တပိတ်ထား ခဲ့ရသော်လည်း လေး၊ ငါး၊ ခြောက်ရက်အတွင်း အဆိုပါကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင် ခဲ့ကြောင်း သိရသည်။
ပဲခူးခရိုင်အတွင်း ယခုနှစ်၌ မြန်မာနိုင်ငံတစ်ဝန်းရှိ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များကဲ့သို့ပင် ရေကြီး ရေလျှံမှု ဖြစ်စဉ်များကြုံတွေ့ခဲ့ ရလင့်ကစား ရေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် စနစ်တကျ ဆောင်ရွက်ထားနိုင်ခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုနည်းပါးခဲ့ ရခြင်းဖြစ်ကြောင်း၊ ပဲခူးခရိုင်မှာ နှစ်စဉ် နှစ်တိုင်းလိုလိုပင် ရေကြီးရေလျှံမှုဖြစ် စဉ်များဖြစ်ပွားလေ့ရှိခြင်းကြောင့် ရေကြီးနစ်မြုပ်မှုဘေးမှ ကာကွယ်နိုင်ရန် အတွက် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ရန် နိုင်ငံ တော်အစိုးရ၏ လမ်းညွှန်ချက်အရ ပဲခူးမြစ်အတွင်း သောင်ခုံတူးခြင်း၊ ဇောင်းတူ ရေသွယ်မြောင်း တိုးချဲ့တူးဖော်ခြင်း၊ ပဲခူးစစ်တောင်းတာနှင့် ပုဂိုင်တာ ယိုယွင်း ပျက်စီးမှုအချို့ကိုတာပုံစံကျ ပြုပြင်ခြင်း၊ ဝေါမြို့နယ်အတွင်း ဆင်ရွာ၊ နဂါးပေါက် ရေလျှံထိန်းတာ တည်ဆောက်ပေးခြင်း၊ ပဲခူးစစ်တောင်း တူးမြောင်းအဆင့် မြှင့်တင်ခြင်း၊ ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါး မြို့နယ်အတွင်းရှိ စစ်တောင်းတာ မူလအတိုင်းတာပုံစံကျ ပြုပြင်ခြင်းနှင့် တစ်ဆက်တည်း တာပေါင်ပေါ်တွင် ဒေသခံပြည်သူများ ရာသီမရွေးသွားလာနိုင်သည့် ဂဝံကျောက်ခင်းလမ်းခင်းခြင်းကို ၂ဝ၁၂ ခုနှစ်မှ စတင်ကာ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေများဖြင့် ဘဏ္ဍာရေးနှစ်အလိုက် လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းဦးစီးဌာန (ပဲခူးတိုင်းဒေသကြီး) က ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် စီမံချက်များအသီးသီး ချမှတ်ဆောင်ရွက်ခဲ့သည်။
တစ်ဖန် ပဲခူးခရိုင်ရှိ မြို့နယ်အသီးသီးတွင် ချောင်းမြောင်းများစီးဆင်းရာ ပဲခူးမြစ်၊ စစ်တောင်းမြစ်ရေ မြင့်တက်သည့် အချိန်နှင့် မိုးရွာသွန်းသည့်အချိန်တို့ ဆုံလိုက်သည့်အခါ အဆိုပါမြောင်းများ ရေမြင့်တက်ပြီး ကွင်းများအတွင်း ရေနုတ်နိုင်ခြင်းမရှိသည့်အတွက် လယ်မြေများ ရေလွှမ်းမိုးမှုဖြစ်ပေါ်စေသည်။ ထို့ကြောင့် ထပ်မံ၍ ချောင်းမြောင်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေများဖြင့် ဘဏ္ဍာ ရေးနှစ်အလိုက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဆည်မြောင်း ဦးစီးဌာန (ပဲခူးတိုင်းဒေသကြီး) ညွှန်ကြားရေးမှူး၏ အနီးကပ် ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်ဒေသတစ်ခွင်ရှိ မြို့နယ်အသီးသီးတွင် ရေကြီးနစ်မြုပ်မှု ကာကွယ်ရန် စီမံချက်များကို ၂ဝ၁၃ ခုနှစ်တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက် ပေးမှုကြောင့် ရေကြီးရေလျှံမှုဘေးမှ အထိုက်အလျောက် သက်သာရာရခဲ့ပြီး ယခင်ရေကြီးခဲ့စဉ်နှစ်များကဲ့သို့ ပျက်စီး ဆုံးရှုံးမှုဖြစ်စဉ်များ လျော့နည်းကျဆင်းခဲ့သည်။
ရေကြီးရေလျှံမှုဖြစ်စဉ် စတင်ခဲ့သည့် ဇူလိုင် ၂၉ ရက်မှစတင်ကာ ပဲခူး ခရိုင်၌ ကယ်ဆယ်ရေးစခန်း ၃၄ ခု ဖွင့်လှစ်ခဲ့ပြီး ရေဘေးဒဏ်ခံခဲ့ရသည့် အိမ်ထောင်စု ၄၃၆၇ စု၊ လူဦးရေ ၂ဝ၆၄၈ ဦးတို့ကို ကူညီကယ်ဆယ်ရေး လုပ်ငန်း များဆောင်ရွက်ပေးခဲ့သည်။ သြဂုတ် ၆ ရက်မှ စတင်ကာ ပဲခူးမြစ်သည် ပဲခူးမြို့၏စိုးရိမ်ရေအမှတ်အောက် ၈၁၁ စင်တီမီတာသို့လည်းကောင်း၊ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်အောက် ၁၁၅၅ စင်တီမီတာသို့လည်း ကောင်း၊ ရွှေကျင်မြစ်ရေသည် စိုးရိမ်ရေအမှတ်အောက် ၆၉၂ စင်တီမီတာသို့ လည်းကောင်း ကျဆင်းခဲ့၍ ရေဘေး သင့်ပြည်သူများ ရေကြီးရေလျှံမှုဖြစ်စဉ်မှ လွတ်ကင်းကာ ၄င်းတို့နေထိုင်ရာနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ နေထိုင်ခဲ့ ကြသည်။
ပဲခူးခရိုင်သည် အခြားသော တိုင်းဒေသကြီး/ပြည်နယ်များနှင့် နှိုင်းစာပါက ရေကြီးရေလျှံမှုဖြစ်စဉ်ကို မကြာခဏ ကြုံတွေ့ရလေ့ရှိသော်လည်း မြန်မာ နိုင်ငံတစ်ဝန်းရှိ အခြားသော တိုင်းဒေသကြီး/ပြည်နယ်များတွင် ရေကြီး ရေလျှံမှုဖြစ်စဉ်များ ကြုံတွေ့ကြရသည့် ယခုနှစ်တွင်မူ တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၏ နေ့ညမရွေး သတိကြီးစွာ စည်းစည်းလုံးလုံးပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ကြောင့်လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ အစီအမံ၊ နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေတို့ဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရေကြီးရေလျှံမှုကို ရေနုတ်မြောင်းစနစ်ဖြင့် ရေဆွဲအား ကောင်းမွန်စေရန် တူးဖော်ခဲ့မှုနှင့် အခြားရေဘေးကာကွယ်ရေး လုပ်ငန်းများကို ကြိုတင်စီမံဆောင်ရွက်ထားနိုင်မှု ကြောင့်လည်းကောင်း ရေကြီးရေလျှံမှုဖြစ်စဉ်ကြီးကို ကြံ့ကြံ့ခံအောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

သတင်းနှင့် ဓာတ်ပုံ - နေသန်၊ ရာမည

No comments:

Post a Comment