Monday, August 31, 2015

ဒုတိယသမ္မတဦးဥာဏ်ထွန်း မြန်မာ-ထိုင်းချစ်ကြည်ရေး ကော့ကရိတ်-သင်္ဃန်း ညီနောင်-မြ၀တီ လမ်းလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားနှင့် မြ၀တီ-မဲဆောက် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ်(၂) ပန္နက်တင် အခမ်းအနားများသို့ တက်ရောက်


ဘားအံ သြဂုတ် ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးဥာဏ်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေး ကော့ကရိတ်-သင်္ဃန်းညီနောင်-မြ၀တီလမ်း (၄၅ ဒသမ ၄၅) ကီလိုမီတာ လွှဲပြောင်းပေးအပ်ပွဲနှင့် မြ၀တီ-မဲဆောက် ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ် (၂) ပန္နက်တင် အခမ်းအနားများသို့ တက်ရောက်ကြသည်။





လမ်းသစ်လွှဲပြောင်းပေးအပ်ပွဲကို သင်္ကန်းညီနောင်လမ်းဆုံတွင်ကျင်းပရာ ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးကျော်လွင်၊ ဒုတိယ၀န်ကြီးများ၊ ကရင်ပြည်နယ် (ခေတ္တ) ၀န်ကြီးချုပ် ဦးစောဝင်းထိန်နှင့် တာဝန်ရှိ သူများ၊ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဝင်းမောင်၊ KNU၊ KNU/KNLA(PC) ၊ DKBA (KKO) တို့မှတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် Dr.Somkid Jatusripitak ၊ နိုင်ငံခြားရေးဝန်ကြီးဌာဝန်င်္ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန၀န်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး၊ ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနလမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr.Chusak Gaywee နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများ၊ သတင်းမီဒီယာများ တက်ရောက်ကြ သည်။
ရှေးဦးစွာ ထိုင်းနိုင်ငံသယ်ယူပို့ ဆောင်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr.Chusak Gayweeကမြန်မာ-ထိုင်း ချစ်ကြည်ရေး ကော့ ကရိတ်-သင်္ဃန်းညီနောင်-မြ၀တီလမ်းဆောင် ရွက်ခဲ့ မှုများကိုရှင်းလင်းတင်ပြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတဦးဥာဏ်ထွန်းက ယနေ့လွှဲပြောင်းပေးအပ်သည့် ကော့ကရိတ်-သင်္ဃန်းညီနောင်-မြ၀တီ လမ်းမကြီးသည် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နှင့် ဆက်စပ်လျက်ရှိသည့်အပြင် အိန္ဒိယ-မြန်မာ-ထိုင်း (၃)နိုင်ငံကို ဆက်သွယ်ပေးထားသည့် လမ်းမကြီး၏ အစိတ်အပိုင်းဖြစ်ရုံမျှ သာမက မဟာမဲခေါင်ဒေသ အရှေ့-အနောက် စီးပွားရေး စင်္ကြန်လမ်းတို့၏ အစိတ်အပိုင်းလည်း ဖြစ်ပါကြောင်း၊ (၄၅ ဒသမ ၄၅) ကီလိုမီတာရှည်လျားသည့် ယခုလမ်းမကြီးကို တည်ဆောက်လိုက်ခြင်းသည် မြန်မာနှင့်ထိုင်းနိုင်ငံအကြား ကုန်သွယ်မှု တိုးတက်ဖွံ့ဖြိုးလာစေမည့်အပြင် မဟာမဲခေါင်ဒေသ အတွင်းရှိ နိုင်ငံများသာမကအာရှနိုင်ငံများနှင့်လည်း ဆက်သွယ်မှု ပိုမိုကောင်းမွန် လာစေမည်ဖြစ်ကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား နီးကပ်သည့်ချိတ်ဆက်ဆောင်ရွက်မှုများ၊ အကျိုးရှိသောပူးပေါင်း ဆောင်ရွက်မှုများနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး၊ နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးရှိစေသည့် ဆက်ဆံရေး တစ်ရပ် တည်ဆောက် ထားခြင်းကြောင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးတက်လျက်ရှိပြီး ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံ များအနက် အဆင့် (၂) တွင် ရပ်တည်လျက် ရှိသည့်နိုင်ငံဖြစ်ကြောင်း၊ မြ၀တီ-ကော့ကရိတ် လမ်းသည် နယ်စပ်ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေမည့် အဓိက လမ်းကြောင်း တစ်ခုဖြစ်သောကြောင့် ဆက်သွယ် သွားလာမှုကောင်းခြင်းသည် မိမိတို့ မျှော်မှန်းထားသည့် ကုန်သွယ်မှု ပမာဏကို ရောက်ရှိစေပြီး နယ်စပ်ဒေသနှင့် ယင်းဒေသနေ ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုကိုလည်းများစွာ အထောက် အကူ ဖြစ်စေမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောမူတူးစေးဖိုးက ယနေ့ ဖွင့်လှစ်လိုက်သည့် လမ်းသစ်ကြောင့် ကရင်ပြည်နယ်ဆီသို့ ကုန်စည်စီးဆင်းမှုလွယ်ကူခြင်းမှ တစ်ဆင့် တစ်နိုင်ငံလုံးအတွက် အကျိုးခံစားကြရမည်ဖြစ်ကြောင်း၊ အဆိုပါလမ်းသစ်မှ ဒေသတွင်းနိုင်ငံများအတွက် အကျိုးကျေးဇူးများ မျှဝေခံစားနိုင်ကြမည်ဖြစ်ပြီး အာဆီယံစီးပွားရေး လူ့အဖွဲ့အစည်း (AEC) ဖော်ထုတ်ရေးကိုအဓိကအထောက်အကူပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်ယခုတရားဝင်လွှဲပြောင်း ပေးအပ်မှုမှစ၍ မြန်မာနိုင်ငံအနေဖြင့် လမ်းမကြီးအတွက် ထိန်းသိမ်းစောင့်ရှောက်မှုနှင့် တည်ငြိမ်မှုတို့အား ရှေ့ဆက် တာဝန်ယူကြ ရမည်ဖြစ်ကြောင်း၊ မျှတသည့် အကျိုးစီးပွား တိုးတက် ဖွံ့ဖြိုးမှုကို ဆောင်ကျဉ်းလာစေမည့် အာရှအမြန်လမ်းမကြီးနှင့် ထိုင်း-မြန်မာချစ်ကြည်ရေးပိုမို တိုးတက် ကောင်းမွန်အဓွန့်ရှည် ပါစေကြောင်း ဆန္ဒပြုပြီးကျေးဇူးတင် ကြောင်း ပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံဒုတိယ ၀န်ကြီးချုပ်က မြ၀တီ-ကော့ကရိတ်ကြား တွင်ရှိနေသည့်လမ်းကို ပိုမို ကောင်းမွန်အဆင်ပြေ ချောမွေ့စေရန်အတွက် ယခုအမြန်လမ်းကို တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု အဆင့်မြှင့် တင်ဖောက်လုပ်ခဲ့သော အမြန်လမ်းသည် အရှေ့-အနောက် စီးပွားရေး စင်္ကြံကြားတွင်ရှိသည့် လမ်းကြောင်းဖြစ်ပြီး ပြည်တွင်းသာမက နိုင်ငံတကာ အတွက်လည်း အထောက်အကူပြု နိုင်မည်ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံအကြား ကုန်စည် စီးဆင်း မှုပိုမိုမြန်ဆန်လွယ်ကူလာပြီး မဲဆောက်အထူးစီးပွားရေးဇုန်မှ ထွက်ရှိလာမည့် ကုန်စည်များကို လွယ်ကူချောမွေ့စွာ သယ်ဆောင်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက်ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ကရင်အမျိုးသား အစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုး၊ ထိုင်းနိုင်ငံပို့ဆောင်ရေး ၀န်ကြီးဌာန၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၀န်ကြီးတို့က ကော့ကရိတ်-သင်္ဃန်းညီနောင်-မြ၀တီလမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက်ဒုတိယသမ္မတနှင့် ထိုင်းနိုင်ငံဒုတိယ၀န်ကြီးချုပ်တို့သည် ကဗ္မည်းမော်ကွန်း ကျောက်စာတိုင်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး နှစ်နိုင်ငံခေါင်းဆောင် များနှင့်အဖွဲ့သည် ကဗ္မည်းမော်ကွန်း ကျောက်စာတိုင်ရှေ့တွင် စုပေါင်း၍ မှတ်တမ်း တင်ဓါတ် ပုံရိုက်ကြသည်။
ထို့နောက် ထိုင်းနိုင်ငံ see sang Co.,Ltd ဥက္ကဌက ယာဉ်အလေးချိန် စစ်ဆေးသည့် ကတ္တားနှင့် သက်ဆိုင်သော စာရွက်စာတမ်း များအား ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ လမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ထံသို့ လွှဲပြောင်းပေးအပ်သည်။
ကော့ကရိတ်-သင်္ဃန်းညီနောင်-မြ၀တီလမ်းပိုင်းမှာ ၁၆မိုင်၊ ၆ဖာလုံအရှည်ရှိပြီး ၂၀၁၂ခုနှစ် ဇန်န၀ါရီ (၁၁) ရက်မှ စတင်ကာ ထိုင်းနိုင်ငံ အကူအညီဖြင့်ဖောက် လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်ဧပြီလ တွင်ပြီးစီးခဲ့သည်။ အဆိုပါလမ်းပိုင်းအား ထိုင်းဘတ်ငွေ (၁၁၆၆) သန်းအသုံးပြု တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ရောက်ရှိကြပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် (၂) ပန္နက်တင်အခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ ဒုတိယသမ္မတနှင့် ထိုင်းနိုင်ငံဒုတိယ၀န်ကြီးချုပ် တို့သည် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် (၂) တည်ဆောက်ရေး ရှင်းလင်းဆောင်တွင် ခင်းကျင်းပြသထားသည့် တံတားပုံစံငယ် အားကြည့်ရှု့ ကြသည်။
ထို့နောက် ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနလမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ချစ်ကြည် ရေးတံတားအမှတ်(၂) တည်ဆောက် သွားမည့်ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်Dr.Somkid Jatusripitak ကအရှေ့-အနောက် စီးပွားရေး စင်္ကြံဆက်သွယ်မှုသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့အကြားတွင်ရှိသည့် ပိုမိုတိုးတက်လာမည့် ဆက်သွယ်ရေး လမ်းကြောင်းများအတွက် အဆိုပါ တံတားအား ဆောက်လုပ်ခဲ့ ခြင်းဖြစ်ကြောင်း၊ ၎င်း ချစ်ကြည် ရေးတံတား သည် မကြာမီ တာခ့်ခရိုင်အတွင်းတွင် တည်ဆောက် မည့် အထူးစီးပွားရေးဇုန်အတွက်လည်း အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် ထိုင်းနှင့် မြန်မာနိုင်ငံ အပြင် နိုင်ငံတကာ ကုန်သွယ်ရေး ကိုလည်းအထောက်အကူဖြစ်ပြီး အာဆီယံအမြန်လမ်း ပုံစံအတိုင်း အဆင့်မီတည်ဆောက်မည့် တံတားဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ဒုတိယသမ္မတက မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂) ပန္နက်တင် မင်္ဂလာအခမ်းအနားသည်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးအတွက် သံန္နိဋ္ဌာန်ချမှတ်ထားသည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ထိုင်းနိုင်ငံပို့ဆောင် ရေးဝန်ကြီးဌာနတို့အကြား တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို မကြာမီ လက်မှတ် ရေးထိုးနိုင်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍအသစ်တစ်ရပ် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) သည် နှစ်နိုင်ငံပြည် သူများအကြား စည်းလုံးညီညွတ်မှု၊ ဆက်ဆံရေးကောင်မွန်မှုများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မှုတို့ကို ဖော်ဆောင် ပြသနိုင်မည့် မှတ်တိုင်သစ်တစ်ခုဖြစ်ကြောင်း၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)သည် ဗီယမ်နမ်၊ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့အား ဆက်သွယ်ပေးမည့် အရှေ့-အနောက် စီးပွားရေး စင်္ကြံ၏ အရေးပါသော လမ်းကြောင်းပေါ်တွင် တည်ရှိနေပါကြောင်း၊ အဆိုပါတံတားသည် မြန်မာ-ထိုင်းနှစ်နိုင်ငံအတွက် သာမကဘဲ မဟာမဲခေါင်ဒေသ ခွဲနိုင်ငံများအတွက်လည်း အကျိုးစီးပွားဖြစ်ထွန်းစေမည့် တံတားကြီး တစ်စင်းဖြစ်ကြောင်း၊ ယခုထပ်မံ တည်ဆောက်မည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားကြီးသည် အိမ်နီးချင်းနှစ်နိုင်ငံကို ပိုမိုနီးကပ် စေရန် ဆက်သွယ်ပေးမှုအပြင် နယ်စပ်ဒေသရှိပြည်သူများအကြား တစ်ဦး အပေါ်တစ်ဦးနားလည်မှု၊ ရိုင်းပင်းကူညီမှုနှင့် လူမှု-စီးပွားဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်တက်သော ခံယူချက်များ ကိုလည်း ချိတ်ဆက်ပေးမည့် တံတားတစ်စင်းဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတနှင့်ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်တို့သည် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် (၂) စတင်တည်ဆောက်နိုင်ရေးအတွက် စက်ခလုပ်နှိပ်၍ ပန္နက်တင်ပေးပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြသည်။
မြန်မာ-ထိုင်းချစ်ကြည်ရေး တံတား အမှတ်(၂)သည် အရှည် ၂၇၀ မီတာ၊ မြန်မာဘက်ခြမ်း ချဉ်းကပ်လမ်း ၃ဒသမ၆၀ ကီလိုမီတာနှင့် ထိုင်းနိုင်ငံဘက်ခြမ်း တံတားချဉ်းကပ်လမ်း ၁၇ ဒသမ၂၅ မီတာဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ ပြန်/ဆက်

No comments:

Post a Comment