Monday, August 31, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာ့ အနုပညာဗဟိုဌာန (မန္တလေး) အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်


နေပြည်တော် သြဂုတ် ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဦးစိုးဝင်း၊ ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက (၈) နာရီတွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း နှင့် ၇၈ လမ်းကြား၊ မင်္ဂလာမန္တလေးစီမံကိန်း (တောင်ဘက်) တွင် တည်ဆောက်မည့် မြန်မာ့ အနုပညာဗဟိုဌာန (မန္တလေး) အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်သည်။








အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ မြို့တော်ဝန် ဦးအောင်မောင်း၊ သဘင်အစည်းအရုံး နာယက ဦးရွှေနန်းတင်နှင့် အကယ်ဒမီဒါရိုက်တာ မြို့တော်မောင်ယဉ်အောင် တို့က မင်္ဂလာအချိန် ၈ နာရီ ၁၀ မိနစ်တွင် သတ်မှတ်နေရာအသီးသီးရှိ ပန္နက်တော်ဌာန များ၌ ရတနာပန္နက်တော်များကို စိုက်ထူ၍ ပန္နက်တင်ကြပြီး အမွေးနံ့သာ၊ ရွှေရည်ငွေရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင် သို့ရောက်ရှိရာ မြန်မာ့အနုပညာဗဟိုဌာန (မန္တလေး) အကောင်အထည်ဖော်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က နိုင်ငံတကာအဆင့်မီ မြန်မာ့အနုပညာဗဟိုဌာန (မန္တလေး) တည်ဆောက်ရေး စီမံကိန်းအတွက် ဆောင်ရွက်ထားရှိမှု၊ တည်ဆောက်မည့် အဆောက်အဦ၏ ဗိသုကာပုံစံ၊ အဆောက်အအုံတွင် ပါဝင်မည့် အခန်းဖွဲ့စည်းပုံတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားရာတွင် မန္တလေးမြို့သည် အနုပညာရှင်များစွာ ပေါ်ထွန်းခဲ့သည့် မြို့ကြီး တစ်မြို့ဖြစ်သည့်အပြင် ပန်းချီ၊ ပန်းပုစသည့် အနုပညာများ ထွန်းကားခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များ များစွာကျန်ရှိ နေသည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ ထွန်းကားခဲ့သည့် ယဉ်ကျေးမှု အမွေအနှစ်များကို လက်ရှိ ပညာရှင်များသည် သမိုင်းပေး တာဝန်အရ ဆက်လက်ထိန်းသိမ်း ထားနိုင်သကဲ့သို့ မျိုးဆက်သစ်များကလည်း မိမိတို့ယဉ်ကျေးမှု အမွေအနှစ်များနှင့် ပညာရပ်များ မပျောက်ပျက်စေရန် ဆက်လက် ထိန်းသိမ်းသွားနိုင်ရေးတို့မှာ အရေးကြီးသည့် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ် ပါကြောင်း။
ထိုသို့ဆက်လက်ထိန်းသိမ်းနိုင်ရန်၊ ပညာရပ်များကို လက်တွေ့အသုံးချနိုင်ရန်၊ အနုပညာအမွေအနှစ် ပညာရပ်များနှင့် ပတ်သက်၍ ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်နှင့် မျိုးဆက်သစ်များကိုလည်း ယင်းအမွေ အနှစ်များ ပေးအပ်နိုင်ရန် အတွက် ကောင်းမွန်ခန့်ညား ထည်ဝါပြီးခေတ်မီသည့် အဆောက်အဦ လိုအပ်သောကြောင့် မိမိတို့ အစိုးရလက်ထက်တွင် မန္တလေးနှင့် ရန်ကုန်မြို့တို့၌ ယခုကဲ့သို့သော အဆောက်အဦကို တည်ဆောက်ပေးခြင်း ဖြစ်ပါကြောင်း။
ယခုအဆောက်အဦပြီးစီးပါက သမားရိုးကျနည်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်းထက် ခေတ်မီသည့်နည်းစနစ်ကို အသုံးပြုကာ တင်ဆက်ဖျော်ဖြေ သွားနိုင် မည်ဖြစ်ပါ ကြောင်း၊ မိမိတို့ပြည်တွင်း၌သာမက အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှု အမွေအနှစ်များ၊ ယဉ်ကျေးမှုအဖွဲ့များကိုပါဖိတ်ခေါ်၍ ပြသဖျော်ဖြေ တင်ဆက်သွားနိုင်မည် ဖြစ်ပါကြောင်း။
ယခုအဆောက်အဦကို တည်ဆောက်ပြီးစီးသွားသည့်အခါ အနုပညာရှင်များ၏ လက်ဝယ်သို့ပေးအပ်သွားမည်ဖြစ်၍ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက် သွားနိုင်ရန် အတွက် အဖွဲ့အစည်းများဖွဲ့စည်းခြင်း၊ စည်းမျဉ်းစည်းကမ်း များရေး ဆွဲခြင်း စသည်တို့ကို ဆောင်ရွက်ကာ ရေရှည်တည်တံ့ခိုင်မြဲစေရန် ဆက်လက်ပြီး ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရတာဝန်ယူ သည့်ကာလအတွင်း အနုပညာရှင်များအား ယခုကဲ့သို့သော အဆောက်အဦမျိုးကို တည်ဆောက်ပေးရန် ဆောင်ရွက်နိုင်ခဲ့ခြင်း အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။
ယခုအဆောက်အဦ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ မိမိတို့၏အနုပညာရှင်များက ပိုမိုကောင်းမွန်ပြည့်စုံသည့် အနုပညာရပ်များ တင်ဆက်နိုင်ရန်၊ မျိုးဆက်သစ် များကို လက်ဆင့်ကမ်းအမွေအနှစ် ပေးအပ်သွားနိုင်ရန်၊ ကမ္ဘာ့ယဉ်ကျေးမှု အနုပညာရပ်များနှင့် မိမိတို့ ယဉ်ကျေးမှုအနုပညာရပ် များအချင်းချင်းဖလှယ် အသုံးချနိုင်ရန် စသည့်ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်းဖြင့်မှာကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် ပန်း(၁၀)မျိုး အစည်းအရုံး၏ အနုပညာရှင် များကိုယ်စား သဘင်အစည်းအရုံး နာယက ဦးရွှေနန်းတင်က ကျေးဇူးတင် စကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် ပန်း(၁၀)မျိုးမှ အနုပညာရှင်များနှင့်အတူ မြန်မာ့အနုပညာဗဟိုဌာန (မန္တလေး) အထိမ်း အမှတ်ဆိုင်းဘုတ်ရှေ့၌ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ အဆိုပါ မြန်မာ့အနုပညာဗဟိုဌာန(မန္တလေး) အဆောက်အဦကို မြေဧက ၈ ဒသမ ၅၀ ဧကအပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး အမြင့်ပေ ၁၀၀ ခန့်ရှိမည်ဖြစ်ကာ အထပ် ၇ ထပ်ပါဝင်မည်ဖြစ်ပြီး လူ ၃၀၀၀ ၀င်ဆန့်နိုင် မည်ဖြစ်သည်။ ယင်းအဆောက် အဦ၌ စားသောက်ဆိုင်များ၊ တစ်နှစ်ပတ်လုံး ကပြဖျော်ဖြေနိုင်မည့် ပြဇာတ်ရုံများ၊ မြန်မာ့အနုပညာ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် ယာဉ်ရပ်နား ရန်နေရာတို့ကို ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်သည်။
ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် ပန်း (၁၀) မျိုး ပညာရှင်များအား အနုပညာဗဟိုဌာန တည်ဆောက်ပေးခြင်းဖြင့် အသက် မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ၀င်ငွေများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး အနုပညာဆိုင်ရာ ဖျော်ဖြေတင်ဆက်မှုများကို တစ်နှစ်ပတ်လုံး ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်းနှင့် အနုပညာ သင်တန်းများကိုပါ ဖွင့်လှစ်ဆောင်ရွက် သွားနိုင်မည်ဖြစ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာစီမံကိန်းနှင့် ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီရပ်ကွက်ရှိ စိတ္တရမဟီ အဆင့်မြင့် အိမ်ရာစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင်များသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

No comments:

Post a Comment