Monday, August 31, 2015

လက်ရှိတွင် သီလဝါအထူးစီးပွားရေးဇုန်၌ လုပ်ဆောင်လျက်ရှိသည့် ဟက်တာ ၄ဝဝ အပြင် ၁ဝ ဟက်တာ တိုးချဲ့လုပ်ဆောင်မည်


သတင်း - ရဲခေါင်ညွန့်၊ ဓာတ်ပုံ - ဖိုးထောင်
သီလဝါအထူးစီးပွားရေးဇုန်အား လက်ရှိတွင် အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိသည့် ဟက်တာ ၄ဝဝ အပြင် ၁ဝ ဟက်တာ တိုးချဲ့လုပ်ဆောင်မည်ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ သန်းသန်းသွယ်ထံမှ သိရသည်။

ယခုလက်ရှိအကောင်အထည်ဖော် လုပ်ဆောင်နေသော သီလဝါအထူး စီးပွားရေးဇုန် ဟက်တာ ၄ဝဝ တွင် ၁ဝ ဟက်တာ ထပ်မံပေါင်းထည့်မည်ဖြစ်၍ ဟက်တာ ၄၁ဝ ရှိလာမည်ဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန်တွင် ဆက်လက်လုပ်ဆောင်မည့် ဟက်တာ ၂ဝဝဝ အား မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းများကို မြန်မာနှင့်ဂျပန်မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဆောင်ရွက်နေသည်။
ပထမဆုံး အထူးစီးပွားရေးဇုန်ဖြစ် လာမည့် သီလဝါအထူးစီးပွားရေးဇုန်ကို ဟက်တာ ၂၄ဝဝ ထားရှိရန် သတ်မှတ်ထား သော်လည်း ထပ်မံတိုးလာမည့် ၁ဝ ဟက်တာကြောင့် စုစုပေါင်း ဟက်တာ၂၄၁ဝ အထိ ရှိလာမည်ဖြစ်သည်။
ဆက်လက်တိုးချဲ့လုပ်ဆောင်မည့် နေရာသည် စီမံကိန်းနှင့် ဆက်စပ်လျက်ရှိပြီး လူနေအိမ်မရှိသည့်နေရာဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။
ယနေ့အချိန်တွင် ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု များလာသည်။ သီလဝါအထူးစီးပွားရေးဇုန် တည်ရှိရာ တောင်ပိုင်း ခရိုင်ရှိ သန်လျင်နှင့်ကျောက်တန်းမြို့များရှိ လူဦးရေသည် ရန်ကုန်မြို့ပေါ်ရှိ လူ နေထိုင်မှုအချိုး၏ ၂ ဒသမ ၅ ရာခိုင် နှုန်းသာ ရှိနေသေးသည်။ ထို့ကြောင့် ရန်ကုန်တောင်ပိုင်းခရိုင်တွင် လာရောက်လုပ်ကိုင်နေထိုင်မည့်သူ ပိုမိုများလာနိုင်သည်။ တောင်ပိုင်း ခရိုင်ကို လူများနေချင်ဖွယ် ဖြစ်လာစေရန် မြို့ပြပညာရှင်များအနေဖြင့် စနစ်တကျ ကြိုတင်တွက်ချက်ထားသင့်ကြောင်း စီမံခန့်ခွဲမှု ကော်မတီတွဲဖက်အတွင်းရေးမှူး ဒေါက်တာ သန်းသန်းသွယ်က ရန်ကုန်တောင်ပိုင်းခရိုင်၏ ရှေ့အလားအလာကို ကြိုတင်ခန့်မှန်းသည်။

သီလဝါအထူးစီးပွားရေးဇုန်ကို မြန်မာနိုင်ငံ၏စီးပွားရေးအရှိန်အဟုန်၊ ဒေသ၏ စီးပွားရေးအရှိန်အဟုန်ကို မြှင့်တင်နိုင်ရန် မြန်မာနိုင်ငံမှ ထုတ်ကုန်များအား နိုင်ငံခြားသို့ တင်ပို့ရသည့် အခြေအနေမျိုး ရောက်အောင် စီးပွားရေး အရှိန်မြှင့်တင်မှုများ လုပ်ဆောင်ရန်၊ လုံခြုံစိတ်ချရသည့် လူမှုဘဝနှင့် သွားလာမှုလွယ်ကူစေရန်၊ မြစ်ချောင်း အင်းအိုင်များ မပျက်မစီးအောင်ထိန်း သိမ်းထားရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် သဘာဝ ပတ်ဝန်းကျင် ဖြစ်အောင်လုပ်ရန်၊ ဒေသခံပြည်သူများနှင့် လာရောက်လုပ်ကိုင်ကြသူများ အဆင်ပြေမှုရှိရန်အတွက် အခြေခံအဆောက်အအုံ ကောင်းမွန်၍ အဆင့်မြင့်မြင့်ရရှိအောင် လုပ်ဆောင်ပေးရန်၊ ဂေဟစနစ်ကို ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး စဉ်းစား၍ ထိန်းသိမ်းလုပ်ဆောင်ရန်ဆိုသည့်အချက် များဖြင့် ရည်ရွယ်လုပ်ဆောင်နေကြောင်း သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

No comments:

Post a Comment