Monday, August 10, 2015

လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ တင်သွင်းလွှာကို ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီများသို့ အသိပေး အကြောင်းကြား သွားမည်

နေပြည်တော် သြဂုတ် ၁၀
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ အမည်စာရင်း တင်သွင်းလွှာကို ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေး ပါတီများသို့ အသိပေး အကြောင်း ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

လွှတ်တော် အသီးသီး၏ မဲဆန္ဒနယ်များ အတွက် လွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ အမည် စာရင်းများကို ၂၀၁၅ ခုနှစ် ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၁၄ ရက်အထိ လည်းကောင်း၊ အမည်စာရင်း တင်သွင်းလွှာ ရုပ်သိမ်းခြင်းကို ၂၀၁၅ ခုနှစ် သြဂုတ် ၁၇ ရက် နောက်ဆုံးထား၍ လည်းကောင်း သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲရုံးများသို့ တင်သွင်း နိုင်ကြောင်း ကော်မရှင်က သတ်မှတ် ကြေညာထားပြီး ဖြစ်သည်။
လွှတ်တော် ကိုယ်စားလှယ် တစ်ဦးသည် လွှတ်တော် မဲဆန္ဒနယ် တစ်ခုတွင် အမည်စာရင်း တင်သွင်းထားပြီး ထိုမဲဆန္ဒနယ်မှ အမည်စာရင်းကို မရုပ်သိမ်းဘဲ အခြား လွှတ်တော် မဲဆန္ဒနယ် တစ်ခုတွင် အမည်စာရင်း ထပ်မံ တင်သွင်း ထားပါက သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၂၃  အရ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းမည် ဖြစ်သည်။
အမည်စာရင်း တင်သွင်းပြီးပါက တင်သွင်း ထားသော အမည်စာရင်း တင်သွင်းလွှာကို ရုပ်သိမ်းလိုလျှင် ၂၀၁၅ ခုနှစ် သြဂုတ် ၁၇ ရက် နောက်ဆုံးထား၍ ကော်မရှင် အဖွဲ့ခွဲထံ တင်ပြရမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင်  မိမိအမည်စာရင်း တင်သွင်းထားပြီး ဖြစ်သည့် မဲဆန္ဒနယ်တွင် ၀င်ရောက် ယှဉ်ပြိုင်လိုခြင်း မရှိဘဲ အခြားမဲဆန္ဒနယ် တစ်ခုတွင် ပြောင်းလဲ ယှဉ်ပြိုင်ရန် အကြောင်း ပေါ်ပေါက်လာပါက ပြဋ္ဌာန်းချက်နှင့် ငြိစွန်းခြင်း မရှိစေရေး အတွက် ၂၀၁၅ ခုနှစ် သြဂုတ် ၁၄ ရက် မတိုင်မီ ရုပ်သိမ်းလွှာ တင်သွင်းကြရမည် ဖြစ်သည်။
သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲက လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာကို ရုပ်သိမ်းကြောင်း လက်ခံပြီးပါက သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ၃၄ နှင့်အညီ ကိုယ်စား လှယ်လောင်း အဖြစ်မှ ရုပ်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ထုတ်ပြန် ပြီးစီးပါက အခြား မဲဆန္ဒနယ်သို့ ပြောင်းလဲ၍ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်း တင်သွင်းလိုပါက ကော်မရှင်က သတ်မှတ် ထားသည့် ကာလ အတွင်း သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲထံသို့ အမည်စာရင်း ထပ်မံ တင်သွင်းနိုင်မည် ဖြစ်သည်။

No comments:

Post a Comment