ညောင်တုန်း
သြဂုတ် ၁ဝ
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်အတွင်း
ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေမှတ်နှင့် အန္တရာယ်ရေမှတ် အထက် သို့ ကျော်လွန်ကာ ၂၂ ဒသမ ၈ ပေအထိ
မြင့်တက်လာခဲ့သဖြင့် ညောင်တုန်းမြို့တွင် အခြေအနေအရ သဘာဝဘေး အန္တရာယ် လျော့ပါးရေးနှင့်
တားဆီးကာကွယ်မှုကွပ်ကဲရေးရုံးဖွင့်လှစ်ကာ မြို့ပေါ်ရပ်ကွက် ၁ဝ ခုအတွက် ရေဘေးလွတ်စခန်း
၁၁
ခုနှင့် ကျေးရွာ ဒေသများတွင်လည်း သင့်တော်သောသတ်မှတ်နေရာများ၌ ရေဘေးလွတ်စခန်းများဖွင့်လှစ်၍
လိုအပ်သောကွပ်ကဲ မှုများ စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။ စိုးရိမ်ရသော အခြေအနေရှိသည့်
(၁၂) ကမ်းနားနှင့် အခြားရေ စိမ့်နေရာအချို့အား သဲအိတ်ချခြင်း၊ မြေဖို့ခြင်း၊ ရေခွေ ခွေခြင်း၊
တုတ်တန်းရိုက်ခြင်း၊ ရေကင်းလှည့် ကြည့်ရှုစစ်ဆေးခြင်း၊ နာရီစဉ် ရေမှတ် ဖတ်ခြင်းနှင့်
လိုအပ်သောကဏ္ဍ ဆောင်ရွက်ခြင်းများ အချိန်ပြည့် ဆောင်ရွက်ခဲ့ရာ အတိုင်း အတာတစ်ခုအထိ ထိန်းသိမ်းနိုင်
ခဲ့ကြောင်း သိရသည်။
''ညောင်တုန်းရေမှတ်က ၂၅ ဒသမ ၈ ပေအထိတက်ခဲ့
ပေမယ့် သြဂုတ် ၁ဝ ရက်မှာ ၂၅ ဒသမ သုည ပေ ဆိုတော့ ရေက ပြန်လည်ကျဆင်းနေပြီလို့ ပြောလို့
ရပါတယ်။ အန္တရာယ်ရေမှတ်နဲ့ စိုးရိမ်ရေမှတ်အောက်တော့ မရောက်သေး ပါဘူး။ ရေကြီးနစ်မြုပ်တဲ့ဒုက္ခကို
ကျွန်တော်တို့ တော်တော်ခံစားခဲ့ရတယ်။ ဒီရေတက်မှု ကြောင့် သြဂုတ် ၉ ရက်အထိ ညောင်တုန်းမြို့နယ်အတွင်း
စိုက်ပျိုးဧက ၉၉၈၈ ဧက၊ ဘုန်းတော်ကြီးကျောင်း ၄၄ ကျောင်း၊ စာသင်ကျောင်း ၆၈ ကျောင်း၊
အိမ်ထောင်စု ၁ဝ၆၇၄ စုနှင့် ရေဘေးသင့်ပြည်သူ ၄၆၇ဝ၃ ဦး ထိခိုက် ခံစားခဲ့ရတယ်လို့ သက်ဆိုင်ရာက
ထုတ်ပြန်တဲ့ သတင်းတွေအရ သိရပါတယ်။ ကျွန်တော်တို့ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်မောင်က
စေတနာရော စီမံခန့်ခွဲမှုပါ ကောင်းတဲ့အတွက် ကွပ်ကဲရေးရုံးက ဝေခြမ်းရေး ခွဲတမ်းနဲ့ အလှူရှင်တွေလည်း
မျှမျှတတနဲ့ ရသင့်သလောက်ရကြပါတယ်။ ကျွန်တော်တို့ရွာနဲ့ တိုက်ရိုက် ပတ်သက်တဲ့ အလှူရှင်တွေလည်း
လာရောက်လှူကြတယ်ဆိုတော့ လတ်တလော စားဝတ်နေရေး အတွက် အတော့်ကို အထောက်အကူဖြစ်ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး၊
ရွာလူကြီး ဦးသောင်းငြိမ်းနဲ့ အလှူရှင်တွေကို အများကြီးကျေးဇူးတင်ပါတယ်။ တကယ်ခံစားရတဲ့
ဒုက္ခတွေကို တကယ်ဖြူစင်တဲ့စိတ်ဓာတ်နဲ့ ဆောင်ရွက် ပေးတာ သေချာပါတယ်''ဟု ဂေါ်ဒူကျေးရွာမှ
ဦးညွန့်ဗိုလ်က ပြောသည်။
''ကျွန်တော်တို့ရွာက လက်လုပ်လက်စားသမား
များပါတယ်။ မမျှော်လင့်ဘဲ ရေဘေးကြုံတော့ သွားစရာလည်း လှေမရှိ၊ ပြေးစရာလည်း မြေမရှိ၊
စိုက်ပျိုးစားစရာလည်း နေရာတွေ မရှိတော့ပါဘူး။ တော်တော်လည်း စိတ်ညစ်ပါတယ်။ ဘူး၊ သခွား၊
ဖရုံ၊ ပဲ၊ ကြက်ဟင်းခါး၊ ကွမ်း စိုက်ပျိုးတဲ့ ကျွန်တော်တို့ဒေသ ဘယ်ကနေ ပြန်စရပါမလဲ။
လောလောဆယ်ကွပ်ကဲရေးရုံးက တာဝန်ရှိသူတွေနဲ့ အလှူရှင်တွေ စေတနာကောင်းလို့ တစ်နေ့စာ တစ်နေ့
ဖြေရှင်းလို့ရနေတာပါ။ ကျေးဇူးလည်းတင်၊ ဝမ်းလည်းသာပါတယ်။ စားဝတ်နေရေးက ဘယ် တော့မှ ပုံမှန်ပြန်ဖြစ်ပါ
မလဲမသိဘူး။ ရေကျရင်တော့ အိမ်ပြန်လို့ရမယ်ထင်တာပဲ''ဟု ရေနက်ပိုင်းနေသူ ဦးစိန်လှမောင်က
ပြောသည်။
အဆိုပါရေဘေးဒုက္ခကြုံတွေ့ခံစားခဲ့ရသော
ညောင်တုန်း မြို့၏စိုးရိမ်ရေမှတ် ၂၂ ဒသမ ၅ ပေ၊ အန္တရာယ်ရေမှတ် ၂၄ ဒသမ ၅ ပေ၊ သြဂုတ် ၇
ရက်အထိ အမြင့်ဆုံး တက်ခဲ့သောရေမှတ် ၂၅ ဒသမ ၈ ပေနှင့် သြဂုတ် ၁ဝ ရက် နံနက် ၆နာရီ အချိန်တိုင်းထွာချက်အရ
ပြန်လည်ကျဆင်းရေမှတ် ၂၅ ဒသမ သုည ပေဖြစ်ကြောင်း သိရပြီး မြို့နယ်အတွင်း ရေဘေးသင့်ဒေသများမှာ
ဂေါ်ဒူ၊ ကရင်ပြာသာ၊ ဘုရားကုန်း၊ အလယ်ကုန်း၊ ကညင်ကောက်၊ ပေစိ၊ ဘောလုံး၊ ထိပ်ဝကြီး၊ ထိပ်ဝလေး၊
ရှမ်းစု၊ အေးရွာ၊ ရွာသစ်၊ ရွှေသောင်ယံ၊ ငွေသောင်ယံ၊ ဂျုံးဂျုံးကျ၊ ထိန်ကုန်း၊ စာဖြူစု၊
ကျောင်းကြီးစုနှင့် အခြားကျေးရွာအများအပြားဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-သပြေထွန်း

No comments:
Post a Comment