Friday, August 28, 2015

နိုင်ငံတော် အနေဖြင့် ဂြိုဟ်တု နည်းပညာ ပိုင်ဆိုင်ရေး အတွက် ရေတိုရေရှည် စီမံကိန်းများ ချမှတ် ဆောင်ရွက်သွားရန်ရှိ

သတင်း-ကျော်သူထက်၊ မျိုးမြင့်
နိုင်ငံတစ်နိုင်ငံတွင် အာကာသ နည်းပညာ အသုံးပြုမှုနှင့် ဂြိုဟ်တု နည်းပညာ ပိုင်ဆိုင်မှုအတွက် ဆောင်ရွက်ရာတွင် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် အဓိက ရည်မှန်းချက်ထားပြီး ဆောင်ရွက် ရမည်ဖြစ်သည်။

အာကာသစခန်းများ၏လုပ်ငန်း များနှင့် ဆောင်ရွက်ချက်များကို သိရှိ နိုင်စေရန် အာကာသအတွင်း ရက်ပေါင်း ၁၇၇ ရက်ကြာ နေထိုင်ခဲ့ သည့် ဂျပန်နိုင်ငံ ဂျက်ဆာ အာကာသ ယာဉ်မှူးအဖွဲ့၏ အကြီးအမှူးဖြစ်သူ စောအိချီနိုကိုချီ၏ အတွေ့အကြုံ ရှင်းလင်းပွဲကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ယနေ့ ကျင်းပခဲ့သည်။
''မြန်မာနိုင်ငံမှာ လေကြောင်းနဲ့ အာကာသ နည်းပညာ အသုံးပြုမှု ဖွံ့ဖြိုး တိုးတက်လာစေဖို့၊ အထောက် အကူပြုစေဖို့၊ အတွေ့အကြုံတွေရရှိ စေဖို့နဲ့ ပညာရေးမြှင့်တင် ပြောင်းလဲမှု တွေကို အထောက်အကူပြုစေဖို့ဆို တဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို ကျင်းပ ပေးတာပါ။ နိုင်ငံတော်ရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတော်လုံခြုံမှု နဲ့ သဘာဝ ဘေးအန္တရာယ်တွေကို ကြိုတင်သိရှိနိုင်ဖို့အတွက် အာကာသ နည်းပညာအသုံးပြုမှုဟာ မဖြစ်မနေ လိုအပ်ချက်တစ်ခု အနေနဲ့ ရှိလာပါပြီ''ဟု ယနေ့ရှင်းလင်းပွဲတွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘရွှေက ပြောသည်။
နိုင်ငံတော်အနေဖြင့် အာကာသ နည်းပညာအသုံးပြု မှုဖွံ့ဖြိုးတိုးတက် ရေး၊ ဂြိုဟ်တုနည်းပညာပိုင်ဆိုင်ရေး တို့အတွက် အာကာသဆိုင်ရာမူဝါဒ၊ ရည်မှန်းချက်များနှင့် ရေတိုရေရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်သွား ရန်ရှိကြောင်း သိရသည်။
''ကျွန်တော်ရဲ့ ပထမဦးဆုံးခရီး စဉ်ဖြစ်ပြီး အခုလိုမျိုး ကျွန်တော်ရဲ့ အတွေ့အကြုံ ဗဟုသုတတွေကို မြန်မာနိုင်ငံက ကျောင်းသား ကလေးငယ်လေးတွေဆီ လာရောက်ဖြန့်ဝေ ခွင့်ရရှိတဲ့အတွက် အလွန်ပျော်ရွှင် ဝမ်းမြောက်မိပါတယ်။ ကျွန်တော် ယုံကြည်ပါတယ်။ ဂျပန်နိုင်ငံသား တစ်ယောက်အနေနဲ့ ပြောရရင် ကာလ ရှည်ကြာစွာ ရင်းနှီးချစ်ကြည် ခဲ့တဲ့ ဂျပန်- မြန်မာ ဆက်ဆံရေးမှာ ဒါဟာ ကျွန်တော်ရဲ့ ပထမဦးဆုံး ခြေလှမ်း တစ်ရပ်လည်း ဖြစ်ပါတယ်။
''ကျွန်တော့်အနေနဲ့ ကလေးငယ် တွေကို မိတ်ဆက်ပေးချင်တာက အာကာသနည်းပညာနဲ့ နိုင်ငံတကာ အာကာသ စခန်းဆိုင်ရာ ဗဟုသုတ တွေဖြစ်ပါတယ်။ နိုင်ငံတကာ အာကာသစခန်းဆိုင်ရာများနဲ့ပတ် သက်လို့ ကျွန်တော်တို့ သိပ္ပံဆိုင်ရာ လုပ်ငန်းအတော်များများလုပ်ခဲ့ကြ ရတယ်။ သင်ကြားမှုတွေလုပ်ခဲ့ကြ ရတယ်။ ဒီအတွက် ဒီနေ့ဆိုရင် ကျောင်းသားအရွယ် ကလေးငယ်တွေ ကို ကျွန်တော်ပြန်ပြောပြနိုင်ပြီ။ အဲ့ဒါဘာလဲဆိုတော့ ကျွန်တော်တို့ အာကာသမှာ ဘာတွေလုပ်နိုင်ကြပြီ လဲဆိုတာကိုပါ။ အခုဆိုရင် ကလေး တွေအနေနဲ့ သင်္ချာ၊ သိပ္ပံပညာရပ် ဆိုင်ရာနဲ့ အာကာသ နည်းပညာ ဆိုင်ရာတွေကို လေ့လာနိုင်ကြပြီ ဖြစ်ပါတယ်''ဟု ဂျပန်အာကာသယာဉ် မှူး ဆူအိချီနိုကိုချီက ဆွေးနွေးပွဲ အပြီးတွင် ပြောပြသည်။
ထို့ပြင် ၎င်းက ''အာကာသ နည်းပညာကို လေ့လာခြင်းအားဖြင့် လူသားတွေအနေနဲ့ အကျိုးကျေးဇူး များစွာရရှိလာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆေးဝါးအသစ် အဆန်းတွေ၊ သဘာဝ ဘေးအန္တရာယ်တွေကို ကာကွယ်ဖို့ အတွက် ဖန်တီးပေးနိုင်မယ့် အခွင့်အလမ်းတွေ ရရှိလာမှာ ဖြစ်ပါတယ်။ ဂြိုဟ်တုကရလာတဲ့ အချက်အလက်တွေကို လေ့လာခြင်း အားဖြင့် ပိုမိုကောင်းမွန်တဲ့ ပုံရိပ် ကောင်းတွေရရှိလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဂျပန်နိုင်ငံရဲ့ အာကာသ အေဂျင်စီအနေနဲ့ ဆိုရင်လည်း နောက်ဆုံးပေါ် အကောင်းဆုံး ဂြိုဟ်တု နည်းပညာ ဆိုင်ရာတွေ ထူထောင်ထား ပြီး မြန်မာနိုင်ငံရဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စောင့်ကြည့်မှု တွေကိုလည်း လုပ်ဆောင် ပေးလျက် ရှိပါတယ်။ အနာဂတ်မှာ ကြုံတွေ့လာနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တွေကို ကာကွယ် လာနိုင်မှာ ဖြစ်ပါတယ်''ဟု ဆက်လက် ပြောပြသည်။

ဒုတိယ ကမ္ဘာစစ်ပြီးနောက် အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက် ပြည်ထောင်စုတို့သည် ကမ္ဘာ ပေါ်တွင် အင်အား အကြီးဆုံးနိုင်ငံများ ဖြစ်လာခဲ့ပြီး အာကာသ သွားလာမှု၌ အပြိုင်အဆိုင် တီထွင်ဖန်တီး လုပ်ကိုင် လာကြသည်။ ဆိုဗီယက် ပြည်ထောင်စုသည် ပထမဆုံး ဂြိုဟ်တုကို အာကာသ အတွင်းသို့ အောင်မြင်စွာ ပစ်လွှတ် နိုင်သကဲ့သို့ အမေရိကန်ပြည်ထောင်စု အစိုးရသည်လည်း လေကြောင်းပညာနှင့် အာကာသ စူးစမ်းရှာဖွေရေး လုပ်ငန်းများ သုတေသနပြု တီထွင် လုပ်ကိုင်စေရန် အမျိုးသား လေကြောင်းနှင့် အာကာသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ ''နာဆာ'' (NASA) ကို တည်ထောင်ပြီး ဆောင်ရွက်လျက် ရှိသည်။ ယခုအခါ ကမ္ဘာ့လူသားများ အနေဖြင့် အာကာသ စူးစမ်းလေ့လာ ရေးမှ အရေးပါသည့် အောင်မြင်မှုများ ရရှိနေပြီဖြစ်သည်။

No comments:

Post a Comment