Friday, August 28, 2015

အသည်းရောင်အသားဝါ ဘီရောဂါ အနှစ်ချုပ် အပိုင်း(၇)

ပါမောက္ခခင်မောင်ဝင်း(အသည်း)
၂ဝ၁၅ ခုနှစ် မတ်လထုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ ဘီရောဂါ ကာကွယ်စောင့်ရှောက်ရေးနဲ့ ဘီပိုးနာတာရှည်ပိုး သယ်ဆောင်သူများအား ကုသရေးလမ်းညွှန်စာအုပ်ကို မှီငြမ်းပြီး အသည်းရောင် အသားဝါဘီပိုး အကြောင်း ရေးနေပါတယ်။

အသည်းရောင်အသားဝါဘီရောဂါ အနှစ်ချုပ်
ကမ္ဘာတစ်ဝန်းဖြစ်နှုန်းများ
-ကမ္ဘာပေါ်မှာ ဘီလီယံ ၂ဝ လောက် ရှိပါတယ်။
-သန်း ၂၄ဝ လောက်ဟာ ဘီပိုး နာတာရှည် သယ်ဆောင်တဲ့ သူတွေဖြစ်သွားပါတယ်။
-ဘီပိုးနာတာရှည် သယ်ဆောင်လာသူတွေရဲ့ ၂ဝ ရာခိုင်နှုန်းနဲ့ ၃ဝ ရာခိုင်နှုန်းလောက်ဟာ အသည်းခြောက်၊ အသည်း ကင်ဆာဖြစ်သွားကြပါတယ်။
-မြန်မာပြည်မှာတော့ ဖြစ်နှုန်းဟာ ၁ဝ ရာခိုင်နှုန်းလောက် ရှိပါတယ်။
ဘီပိုး ရောဂါကူးစက်ပုံ
-မိခင်မှကလေး ကူးစက်ခြင်း
-ဘီပိုးရှိတဲ့သူကနေ တခြားလူတွေကို ကူးစက်ခြင်း
-လိင်ဆက်ဆံရင်လည်း ဘီပိုးကူးစက်နိုင်ပါတယ်။
-မြန်မာပြည်မှာတော့ မိခင်ကနေ ကလေးကို ကူးစက်တဲ့ နည်းလမ်းကသာ အသည်းရောင် အသားဝါဘီရောဂါ အဓိက ကူးစက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ဘီပိုးရောဂါ
-ဘီပိုးရောဂါဖြစ်နှုန်းဟာ ၁ဝ ရာခိုင်နှုန်းလောက်ရှိပါတယ်။
-ကမ္ဘာပေါ်မှာ ဘီပိုးအဖြစ်များဆုံးနိုင်ငံတွေထဲမှာ ပါဝင်တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။
-မြန်မာနိုင်ငံမှာ အဓိက အသည်းရောင်အသားဝါဘီရောဂါပိုး ကူးစက်မှုဟာ ဘီပိုးရှိတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးကို ကူးစက်တဲ့ နည်းလမ်းဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေ
-အများစု (၉ဝ ရာခိုင်နှုန်း)လောက်ဟာ ဘာရောဂါလက္ခဏာ မှ မပြပါဘူး။
-ဘီပိုးကို တိုက်ခိုက်နိုင်တဲ့ ကိုယ်ခံအားနည်းမယ်ဆိုရင် ဘီပိုးဟာ ထွက်မသွားတော့ဘဲ နာတာရှည်ပိုး သယ်ဆောင်သူ ဖြစ်သွား ပါတယ်။
နာတာရှည်ပိုးသယ်ဆောင်သူ
ဘီပိုးစစ်ကြည့်လို့ ဘီပိုးတွေ့တယ်ဆိုတာနဲ့ ဘီပိုးခြောက်လ ကြာရင် တစ်ခါထပ်စစ်ပါ။
-အဲဒီလို ဘီပိုးတွေ့ပြီး ခြောက်လကြာထပ်စစ်လို့ ဘီပိုးတွေ့မှသာ ဘီပိုးနာတာရှည် သယ်ဆောင်သူလို့ ပြောနိုင်မှာပါ။
နာတာရှည်ပိုးသယ်ဆောင်ထားတော့ ဘာတွေဖြစ်နိုင်လဲ
-အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာဖြစ်နိုင်ပါတယ်။
ဘီပိုးအကောင်အရေအတွက်နဲ့ အသည်းကင်ဆာ
-အသည်းရောင်အသားဝါ ဘီရောဂါပိုးများလေလေ အသည်း ကင်ဆာဖြစ်နှုန်း များလေပါပဲ။
ဘီပိုးနဲ့ အလုပ်အကိုင်
-ဘီပိုးရှိပြီဆိုတာနဲ့ တပ်မတော်နဲ့ ပါဝင်ပတ်သက်တဲ့ တပ်မတော် ဆေးတက္ကသိုလ်၊ စစ်အင်ဂျင်နီယာ တက္ကသိုလ်၊ ဗိုလ်သင်တန်း ကျောင်းစတဲ့ အရာရှိသင်တန်းတွေမှာ လုံးဝတက်လို့ မရပါဘူး။
- ဘီပိုးရှိရင် ဘဏ်တွေအတော်များများက အလုပ်လက်မခံပါဘူး။
- ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်တွေမှာ အလုပ်လျှောက်လို့ မရပါ၊
- ဘီပိုးရှိရင် နိုင်ငံခြားဆေးရုံတွေမှာ ဆရာဝန်၊ သူနာပြုလုပ်လို့ လုံးဝမရပါဘူး။
မလေးရှား၊ ကိုရီးယားနဲ့ ဘီပိုး
- ကိုရီးယားနိုင်ငံနဲ့ မလေးရှားနိုင်ငံ နှစ်နိုင်ငံဟာ ဘီပိုးရှိရင် ဘာအလုပ်မှ လုပ်လို့မရပါဘူး။
ဘီပိုးနဲ့ စင်ကာပူ
- ဘီပိုးရှိပေမယ့်လည်း ကျန်းမာရေးကောင်းမွန်တယ်။ အသည်း ရောဂါမရှိဘူး။ အသည်းဟာကောင်းတယ်။ မည်သည့်တာဝန် မဆို ထမ်းဆောင်နိုင်တယ်လို့ ထောက်ခံစာရေးပေးလိုက်ရင် စင်ကာပူနိုင်ငံက လက်ခံပါတယ်။
အသည်းကင်ဆာ ကာကွယ်ပါ
- အသည်းကင်ဆာမဖြစ်စေချင်ရင် အသည်းကင်ဆာကို ကာကွယ် ချင်တယ်ဆိုရင် အသည်းရောင်အသားဝါ ဘီပိုးမဝင်နိုင်အောင် ဘီပိုးကာကွယ်ဆေးထိုးထားကြပါ၊
- အသည်းရောင်အသားဝါဘီပိုးရှိနေတဲ့သူတွေရောက်တော့ ဘီပိုး ပျောက်သွားအောင် ဘီပိုးသေဆေးတွေနဲ့ ထိထိမိမိ ကုသရ မှာပါ၊
ဘီပိုးမဝင်အောင် ကာကွယ်နည်းတွေ
- ဘီပိုးကာကွယ်ဆေး စနစ်တကျ ဆေးထိုးပါ။
ဘယ်ဘီပိုးကာကွယ်ဆေးကို ထိုးရမလဲ
- သွေးရည်ကြည်ကထုတ်တဲ့ ကာကွယ်ဆေးကို လုံးဝ မသုံးသင့် ပါဘူး။
- စက်မှုဝန်ကြီးဌာနကထုတ်တဲ့LEVOVAX B ဘီပိုး ကာကွယ် ဆေးကိုပဲ ယုံယုံကြည်ကြည်နဲ့ ထိုးကြပါ။
ဘီပိုးကာကွယ်ဆေးကို ဘယ်လိုထိုးရမှာလဲ
• လူကြီးမှာဆိုရင် လက်မောင်းမှာထိုးပါ။ ကလေးမှာဆိုရင် ပေါင်ရှေ့ဘေးနားလေးမှာ ထိုးပါ။
- ကလေး ၁ဝμg ထိုးပါ။
- လူကြီး ၂ဝ μg ထိုးပါ။
- အလွယ်ဆုံးနည်းကတော့ တစ်လတစ်လုံး သုံးလ ဆက်တိုက်ထိုးပါ။
မိခင်ကနေကလေးကို ဘီပိုးမကူးအောင် ကာကွယ်နည်း
- ဘီပိုးရှိတဲ့မိခင်ကနေ ကလေးကိုမကူးဖို့ နည်းသုံးနည်းနဲ့ တားဆီး ရပါမယ်။
- မိခင်ကို ကိုယ်ဝန် ၃၂ ပတ်ရောက်ရင် တင်နိုဖိုဗီဟာ (Tenofovir) ဘီပိုးသေဆေးတိုက်ပါ။
- မွေးလာတဲ့ကလေးကို ၂၄ နာရီအတွင်းမှာ ဘီပိုးကာကွယ်ဆေး ထိုးပါမယ်။ နောက်ပြီးတော့ ဘီပိုးသေဆေး Hepatitis B Immune Globulin (HBIG) ကိုလည်း ထိုးပေးပါမယ်။
ဘီပိုးရှိတဲ့သူတွေကို ကုရမယ်
- ဘီပိုးနာတာရှည် သယ်ဆောင်သူတွေ၊ ဘီပိုးသေဆေးနဲ့ ကုပေး ရမယ်ဆိုတာဟာလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါ။
- ဒီလိုပိုးတွေရှိနေတဲ့ လူအုပ်စုကြီးကို ဘီပိုးသေဆေးတွေနဲ့ ကုသပေးမှသာ ပိုးရှိတဲ့လူဦးရေအရေအတွက် လျော့နည်းသွားပြီး လူထုကို ကူးစက်မှုလည်းနည်းသွားမှာ ဖြစ်ပါတယ်။
- ဒီလိုနာတာရှည်ပိုး သယ်ဆောင်ထားတဲ့သူတွေကို ဘီပိုးသေဆေး နဲ့ ထိရောက်အောင်ကုသပေးပြီး အသည်းကင်ဆာမဖြစ်အောင် ကာကွယ်ထားဖို့လိုပါတယ်။
ဘီပိုးနဲ့ပတ်သတ်ပြီး လွဲမှားနေတဲ့ အယူအဆတွေ
- ဘီပိုးဆို ကုလို့မရဘူး။ ဘီပိုးရှိရင် တစ်သက်လုံး ကုမရတော့ဘူး လို့ ပြောကြတယ်။
- အခုခေတ်မှာ ဘီပိုးကို လုံးဝပျောက်အောင် သေစေတဲ့၊ ကုတဲ့ ဆေးတွေအများကြီး ပေါ်နေပြီပဲ။
- ဘီပိုးဆိုတာကို လုံးဝပျောက်သွားအောင် ကုလို့ရနေပါပြီ ဆိုတာကို ပြောလိုက်ချင်ပါတယ်။
ဘီပိုးသေဆေးတွေ
ဒီနေ့ကမ္ဘာပေါ်မှာရှိတဲ့ ဘီပိုးသေဆေးတွေကို အဓိကအားဖြင့် အုပ်စု နှစ်စု ခွဲထားပါတယ်။
- ကိုယ်ခံအားမြှင့်စေတဲ့ ဆေးတွေ
• ပက်ဂလိတ်တက် အင်တာဖရွန် ထိုးဆေး
ဘီပိုးသေဆေး စားဆေး
- လင်မီဗြူဒင်း (Lamivudine)
- အဒက်ဖိုဗီယာ (Adefovir)
- အင်တက်ကဗီယာ (Entecavir)
- တင်နိုဖိုဗီယာ(Tenofovir)
ဘီပိုးကုမယ်ဆိုရင် ဘာတွေစစ်ရမှာလဲ
ဘီပိုးအကောင်အရေအတွက်(HBV DNA)
- ဘီပိုးအကောင်အရေအတွက်HBV DNA ဆိုတာဟာ သွေးထဲမှာ ဘီပိုးဘယ်နှစ်ကောင် ရှိတယ်ဆိုတာကိုပြော တာပါ။
ဘီပိုးပျောက်နှုန်း(qHBsAg)
- အလွယ်တကူ ပြောရမယ်ဆိုရင်တော့ qHBsAg စမ်းသပ်မှု test ကို ဘီပိုးပျောက်နှုန်း၊ ဘီပိုးဘယ်တော့ ပျောက်မှာလဲ ပြောနိုင်တဲ့ test တစ်ခုလို့ခေါ်ရမှာပါ။
ဘီပိုးသေဆေးထိုးမယ်ဆိုရင်
- ဘီပိုးသေဆေးနဲ့ကုရင် ဘီပိုးလုံးဝပျောက်သွား HBsAg negative ဖြစ်သွားနိုင်ပါတယ်။ qHBsAg အနည်းအများကို တိုင်းတာပြီး စနစ်တကျ ဘီပိုးသေဆေးထိုးပြီး ကုမယ်ဆိုရင် ဘီပိုးလုံးဝပျောက်အောင် ကုလို့ရပြီလို့ ပြောရမှာပါ။ ကမ္ဘာပေါ်ရှိ ဘယ်နိုင်ငံမှာသွားစစ်စစ်HBsAg negative ဖြစ်သွားမှာပါ။
- ဘီပိုးသေဆေးထိုးဆေးနဲ့ ဘီပိုးပျောက်အောင် ကုမယ်ဆိုရင် qHBsAg ကို ပထမဆုံးတိုင်းတာရမှာပါ။
-qHBsAg ၁၅ဝဝ အထက် ပျောက်နှုန်း ၄ဝ ရာခိုင် နှုန်းခန့်
- qHBsAg ၁၅ဝဝ အောက် ပျောက်နှုန်း ၇ဝရာခိုင် နှုန်းခန့်
- qHBsAg ၁ဝဝဝ အောက် ပျောက်နှုန်း ၈ဝ ရာခိုင် နှုန်းခန့်
-qHBsAg ၅ဝဝ အောက် ပျောက်နှုန်း ၉ဝ ရာခိုင် နှုန်းခန့်
- qHBsAg ၁ဝဝ အောက် ပျောက်နှုန်း ၉၉ ရာခိုင် နှုန်းခန့်
နာတာရှည်ဘီပိုးသယ်ဆောင်ထားသူတွေ ဘယ်သူတွေကို ကုရမလဲ
- လူကြီး၊ လူငယ်၊ ကလေး ဘယ်သူ့မှာမဆို အသည်းခြောက်နေပြီ ဆိုရင် ဘီပိုးသေဆေးနဲ့ မဖြစ်မနေကုရပါမယ်။
- အပြည်ပြည်ဆိုင်ရာ guidelines လမ်းညွှန်မှုတွေ အားလုံး ဟာ ဘီပိုးသေဆေးပေးဖို့ဆိုတာကို အဓိကထားတာကို ပြန်ပြောရမယ်ဆိုရင်တော့ –
(က) အသည်းခြောက်ရမယ်၊
(ခ) အသည်းအင်ဇိုင်း ALT ဟာ ပုံမှန်ထက် နှစ်ဆများရပါမယ် ဆိုတဲ့အချက် နှစ်ချက်နဲ့ ကိုက်ညီရပါမယ်လို့ပြောပါတယ်။
လမ်းညွှန်မှုguidelines တွေက ဘာပဲပြောပြော
- ဘီပိုးသေဆေးနဲ့ကုတဲ့အခါမှာ လမ်းညွှန်တွေက ဘာပဲ ပြောပြော ဘီပိုးအကောင်အရေအတွက်များရင် ဘီပိုး သေဆေးနဲ့ ကုရမယ်ဆိုတဲ့ အယူအဆတွေဟာ ခေတ်စား လာပါတယ်။
နိဂုံး
- ယနေ့ခေတ်မှာ ဘီပိုးလုံးဝပျောက်အောင် ကုလို့ရနေပါပြီ။

- ဒါကြောင့် ဘီပိုးရှိပြီး မေ့မေ့လျော့လျော့နေတဲ့သူတွေ စနစ်တကျ စစ်ဆေးပြီး ဘီပိုးပျောက်အောင် ကုကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

1 comment:

  1. ဘီပိုးခံစားရသူတယောက်ပါ
    ဖြစ်တာ ၃နှစ်လောက်ရှိပြီ အူအတက် ခွဲပြီးပိုးရှိကြောင်းသိရတယ် အဲ့နေ့ကစပြိး Tenop ဆိုတဲ့ ဘီပိုးသေဆေးသောက်ခဲ့တယ် ခုပိုးကောင်ရေ ၇၀ကျော်ရှိတယ်လို့စစ်ဆေးတွေ့ရှိတယ်
    နောက်ထပ်သုံးလ အရင်ဆေးထပ်သောက်ဆိုပြီး ဆရာဝန်ပြောခဲ့တယ် သို့သော် ကျွန်တော်ဆေးတော့ဆက်သောက်တယ် ၃လပြည့်လည်း ပြန်သွားမပြဖြစ်ဘူး အဲ့လိုဆို ဘယ်လို ဆက်ဖြစ်မလဲ ဘာဆက်လုပ်သင့်လဲသိချင်ပါတယ်

    ReplyDelete