နေပြည်တော် သြဂုတ် ၁၁
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးသည် တာဝန်ရှိသူ များနှင့်အတူ
သြဂုတ် (၈)ရက် နေ့လည်ပိုင်းတွင် ကြံခင်းမြို့နယ်၊ ဘိလပ်မြေ ဆိပ်ကမ်းဂိုဒေါင်နှင့် အမက(ရွှေတောင်စု)တို့တွင်
ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေး စခန်းများရှိ ရေဘေးရှောင် ဒေသခံပြည်သူများအား တွေ့ဆုံ၍
ဆန်၊ ရိက္ခာခြောက်ထုပ်များ၊ စားသောက်ကုန်ပစ္စည်းများနှင့် ရေသန့်ဆေးဘူးများ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ မြန်အောင်မြို့နယ်၊ မြစ်ကျိုးရွာ၊ နတ်ပီတိရွာနှင့် ရွှေဘုံသာရေဘေး ကယ်ဆယ်စခန်းများသို့
သွားရောက်၍ ရေဘေးရှောင် ဒေသခံ ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ဆန်၊ ရိက္ခာခြောက်ထုပ်၊
ခေါက်ဆွဲခြောက်ထုပ်များနှင့် ရေသန့်ဆေးဘူးများ ပေးအပ်လှူဒါန်းသည်။
သြဂုတ် (၉)ရက် နံနက်ပိုင်းတွင် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသော ကနောင်တိုက်နယ်
ကျေးရွာအုပ်စုများ ဖြစ်သည့် ရွှေကျင်ကျေးရွာအုပ်စု အတွက် ရွှေကျင်ကျေးရွာ၌လည်းကောင်း၊
ပဲတခွဲကျေးရွာအုပ်စုနှင့် မဲခင်ချောင် ကျေးရွာ
အုပ်စုတို့အတွက် ပဲတခွဲလန်ဒါရွာ၌လည်းကောင်း စားသောက်ကုန် ပစ္စည်းများဖြစ်သည့် ဆန်၊ ရိက္ခာခြောက်ထုပ်များ၊
မုန့်များ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ရေသန့်ဆေးဘူးများအား ပေးအပ်လှူဒါန်းကာ အားပေးစကား
ပြောကြားသည်။
ထို့နောက် အင်ပင်ကျေးရွာအုပ်စု၊ အထက(အင်ပင်)ခန်းမတွင် အင်ပင်တိုက်နယ်၊ ဒေါင်းကျတိုက်နယ်နှင့်
တာခွတိုက်နယ်တို့ အတွက် အရေးပေါ်အသက်ကယ်လူနာတင်ယာဉ် (၃) စီးကိုလည်းကောင်း၊ ရေဘေးသင့်
ပြည်သူများအတွက် Crown Advance Co., Ltd. ၊ Sweety Home Co., Ltd.၊ ရွှေတောင်ကြီးကုမ္ပဏီ၊
ရွှေဒေါင်းကုမ္ပဏီတို့မှ လှူဒါန်းသော စားသောက်ကုန်ပစ္စည်းများနှင့် လှူဒါန်းငွေများကိုလည်းကောင်း၊
PTTEP ကုမ္ပဏီနှင့် MPRL E&P ကုမ္ပဏီတို့မှ လှူဒါန်းသော ရေသန့်ဆေးများကိုလည်းကောင်း
အလှူရှင်များကိုယ်စား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများကပေးအပ်ရာ မြို့နယ်နှင့်ကျေးရွာအုပ်စု
ကိုယ်စားလှယ်များက လက်ခံရယူကြသည်။
မြန်အောင်မြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်း (၃၃)ခု၊ အိမ်ထောင်စု (၁၉၇၈)စုနှင့် လူဦးရေ
(၆၉၈၆)ဦးနှင့် ကြံခင်းမြို့နယ်တွင် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း (၉)ခုနှင့်၊ အိမ်ထောင်စု
(၇၀၃)စုနှင့် လူဦးရေ (၂၂၆၃)ဦးတို့ရှိကြောင်း သိရှိရသည်။




No comments:
Post a Comment