Wednesday, August 5, 2015

ရေကြီးခြင်းနှင့်အတူ သတိပြုစရာအန္တရာယ်များ

အေးသန်း(စိန်တုံးကြီး)
မြန်မာနိုင်ငံတစ်ဝန်း ယခုနှစ် ဇွန်လလယ်နှင့် ဇူလိုင်လဆန်းပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာ နိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် အသီးသီးတို့တွင် ရေကြီးခြင်း၊ မြေပြိုခြင်း၊ ခရီးသွားလာရေး လမ်းကြောင်းများတွင် အဓိကကျသော လမ်းတံတားများပျက်စီးခြင်းတို့ကို နေ့စဉ် ကြုံတွေ့နေကြရပေသည်။ အချို့ဒေသရှိ ဆည်တာတမံများ ရေကြီး ရေလျှံခြင်းကြောင့်လည်း တောင်သူ လယ်သမားများ စိုက်ပျိုးထားရှိသော လယ်မြေများနစ်မြုပ် ပျက်စီးခြင်း၊ ကျေးရွာအချို့ ရေနစ်မြုပ်မှု ဖြစ်နေ၍ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများကို နေရာအနှံ့ ဆောင်ရွက်နေကြရသည်ကို နေ့စဉ်ထုတ် သတင်းစာများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ ဖော်ပြနေသဖြင့် တွေ့ မြင်နေရပေသည်။

ရေကြီးနစ်မြုပ်၍ ဒုက္ခခံစားနေကြရသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ရွာများ အခြေအနေကို နေ့စဉ်ထုတ် နိုင်ငံပိုင် သတင်းစာများမှ နေ့စဉ်ဖော်ပြနေသဖြင့် ထပ်မံ၍ အသေးစိတ် မဖော်ပြလိုသော်လည်း ရေကြီး ရေလျှံခြင်းနှင့်အတူ ထပ်၍လိုက်ပါလာသည့် အခြားသော ဘေးအန္တရာယ်တို့ကိုလည်း အထူးသတိထားကြဖို့လို ပေသည်။ ရေကြီးနစ်မြုပ်နေသော ကျေးရွာများတွင် နေထိုင်ကြသူများအဖို့ ရက်ရှည်လများ ရေနစ်မြုပ်နေခြင်း ကြောင့် မိမိတို့နေအိမ် အနီးရှိ သစ်ပင်ကြီးငယ်တို့၏ အောက်ခြေ တွယ်ကုတ်ထားသော အမြစ်များ မြေပွလာပြီး အမြစ်များ ကျွတ်ထွက် လဲပြိုကျလာနိုင်သည့် ဘေးအန္တရာယ်များကိုလည်း သတိထားကြရမည်ဖြစ်သည်။ ထို့ အပြင် ရေကြီးခြင်းနှင့်အတူ မျောပါလာနိုင်သော မြွေဆိုးများသည်လည်း နေစရာမရှိတော့သဖြင့် မိမိတို့ အိမ်တွင်းသို့ ဝင်ရောက်ခိုအောင်းကာ အဖုံးမရှိသောရေအိုး၊ ဆန်အိုး၊ သေတ္တာများအကြားတွင် နေတတ်သဖြင့် အဆိုပါ ဆန်အိုး၊ ရေအိုးနှင့် သေတ္တာများအကြား ခြောက်လှန့်ပြီး ဓာတ်မီးများဖြင့် ထိုးကြည့်ပြီးမှ ကိုင်တွယ်ကြရန်လည်း သတိထားကြရမည့် အန္တရာယ်များပင်ဖြစ်သည်။
စာရေးသူ၏ ကိုယ်တွေ့တစ်ခု ပြောပြရလျှင် ဧရာဝတီ တိုင်းဒေသကြီးတွင် နေထိုင်ခဲ့စဉ်က စာရေးသူတို့၏ ကျေးရွာတစ်ခုလုံး ရေကြီးနစ်မြုပ်နေစဉ် အိမ်ပေါ်ဆင့် ရေမမြုပ်တစ်မြုပ်ဖြစ်နေသဖြင့် ဆင့်ထိုး၍အိပ်ကြရာ မည်သည့်အချိန်က အိမ်ထဲရောက်နေသည်မသိသော မြွေပွေးတစ်ကောင်က ပက်လက်လန် အိပ်နေသည့် ဦးလေး ဖြစ်သူ၏ ရင်ဘတ်ပေါ်မှ လျှော၍ ဆင်းသွားခဲ့သည့် ဖြစ်စဉ်ကို ဦးလေးက မှန်အိမ် အလင်းရောင် ဖျော့ဖျော့မှ မြင်တွေ့လိုက်ရပြီးနောက် မိမိပေါ်မှမြွေ ကျော်လွန်သွားပြီးမှထ၍ ရိုက်သတ်လိုက်သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့ပါသည်။ ဦးလေးက သတ္တိရှိ၍ မိမိရင်ဘတ်ပေါ် မြွေကျော်ဖြတ်နေစဉ်ကပင် ''အေးခနဲ'' ခံစားလိုက်ရသည်ကို သိပြီး မျက်လုံးဖွင့်
ကြည့်ကာ မြွေမှန်းသိ၍ အသက်အောင့်ထားပြီး ငြိမ်နေခဲ့ခြင်းကြောင့် ဦးလေး အသက်မသေဘဲ မြွေကိုသတ်နိုင်ခဲ့ခြင်း
ဖြစ်သည်။ အကယ်၍သာ မြွေတက်လာသည်ကို ကြောက်လန့်ပြီး ထလိုက်ပါက ဦးလေးအား မြွေကိုက်လိုက်မည်မှာ
မလွဲပေ။ ဤဖြစ်စဉ်မျိုးက ရှားသလောက် လူတိုင်းလည်း ဤလိုစိတ်ကူးမျိုး ရှိကြမည် မဟုတ်သကဲ့သို့ ဤသို့သော မမျှော်လင့်ဘဲ ကြုံတွေ့လာနိုင်သည့် အန္တရာယ်များကို သတိထားကြဖို့ လိုပေသည်။
အထူးသဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြစ်ကမ်းနံဘေးနှင့် တာတမံများအနီးနေထိုင်ကြသူများ အနေဖြင့်လည်း အထူးသတိထား နေထိုင်ကြဖို့ လိုပေသည်။ မိမိတို့နေထိုင်ရာ အနီးရှိ တာတမံများ ကြံ့ခိုင်မှု ရှိမရှိ၊ ထူးပေါက်များ၊ ကြွက်တွင်းပေါက်များမှ ရေစီးကြောင်းများ စိမ့်ထွက်လာခြင်းများ၊ ရေလှိုင်းပုတ်ခတ်မှုကြောင့် တာတမံများ ပြိုလာခြင်း၊ ကျိုးလာခြင်းမရှိစေရန် သဲအိတ်၊ ကျောက်စရစ်များ၊ ဝါးများ၊ မျောတိုင်များ၊ ဂုန်နီအိတ်များကို ကြိုတင် စုဆောင်းထားရှိခြင်း၊ တာတမံများ၏ မိုင်တိုင်အလိုက် (သို့မဟုတ်) ရပ်ကွက် အလိုက် ၊ ကျေးရွာ အုပ်စုအလိုက် မြို့နယ်၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ ရေဘေး ကာကွယ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက် သွားကြမှသာ ရေဘေး အန္တရာယ်ကို ကြိုတင် ကာကွယ်နိုင်ကြမည် ဖြစ်သည်။ သို့မဟုတ်ပါက တာတမံကြီးများ ကျိုးပေါက်သွားလျှင် တာတမံအနီး နေထိုင်ကြသော လူနေအိမ်များ အိမ်တိုင်ပါကျွတ်၍ ရေစီးနောက်မျော ပါသွားနိုင်သည့် ဘေးအန္တရာယ်များကို ကြုံတွေ့ကြရမည့်အပြင် လယ်မြေဧက များစွာလည်း ဆုံးရှုံးကြရမည့် အခြေအနေကို ရင်ဆိုင်ကြရမည် ဖြစ်သည်။
သို့ပါ၍ ရေကြီးရေလျှံခြင်းများ တွေ့ကြုံခံစားနေရသော ပြည်နယ်များနှင့် တိုင်းဒေသကြီးများတွင် ရေဘေး
အန္တရာယ်များကို အမျိုးသား သဘာဝဘေးကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီမှ ကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာချထားရေး ကိစ္စများကို အလေးထား ဆောင်ရွက် ပေးနေသကဲ့သို့ ပြည်သူများ အနေဖြင့်လည်း စာရေးသူ

အထက်က ဖော်ပြခဲ့သည့် ရေကြီးခြင်းနှင့်အတူကပ်၍ လိုက်ပါလာတတ်သည့် ဘေးအန္တရာယ်များကိုလည်း အထူး သတိထားကြရန် လိုအပ်ကြောင်း စေတနာထား သတိပေးရေးသား လိုက်ရပါတော့သည်။

No comments:

Post a Comment