နေပြည်တော် သြဂုတ် ၆
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနတွင် အာဆီယံ
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းမှုဌာနမှ
အရေးပေါ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးအကြီးတန်းအရာရှိ Mr. Janggam
Adhityaawrama၊ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာ အရာရှိ Mr.Adi Bishry ၊ ထောက်ပံ့ပို့ဆောင်ရေးအရာရှိ
Mr. Yoran Lukas ၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနအကြံပေး Mr.Don Price ၊ ကုလသမဂ္ဂ
လူသားချင်း စာနာမှု ဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး ရုံးနှင့် မြန်မာသတင်းအချက်အလက်
စီမံခန့်ခွဲမှု ယူနစ်တို့မှ တာဝန်ထမ်း ဆောင်နေ သူများက မြန်မာနိုင်ငံ တစ်ဝန်း ရေကြီးရေလျှံမှု၊
မြေပြိုမှုများ အပါအဝင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ သတင်းအချက် အလက်များ စုဆောင်းခြင်း၊
ဆန်းစစ်သုံး သပ်ခြင်း၊ သတင်းထုတ်ပြန်ခြင်းဆိုင်ရာ ဆောင်ရွက် ချက်တို့နှင့် စပ်လျဉ်း၍
ရှင်းလင်းတင်ပြကြပြီး ဒုတိယသမ္မတက လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက် ပေးသည်။
ယင်းနောက် ဒုတိယသမ္မတသည်
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် ရေဘေးသင့်ပြည်သူများအတွက် သတ္တုတွင်းဝန်ကြီး ဌာနနှင့်
မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များအသင်းမှ လှူဒါန်းငွေကျပ်သိန်း (၁၅၀၀)ကို လက်ခံရယူ၍
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က
ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီးတို့က တိုင်းဒေသကြီး၊ ပြည်နယ်
အသီးသီးရှိ ရေဘေးဒဏ်သင့်ဒေသများ၏ ထိခိုက်ပျက်စီးမှုပမာဏစာရင်း ကောက်ယူရရှိမှု၊ ထောက်ပံ့ဖြည့်တင်းပေးရန်
လိုအပ် သည့် ပစ္စည်းအမျိုးအစားအလိုက် လိုအပ်ချက် များတွက်ချက်မှု၊ တိုင်းဒေသကြီး၊ ပြည်နယ်ဒေသအသီးသီးသို့
ထောက်ပံ့ရေး ပစ္စည်းများ လတ်တလောဖြည့်ဆည်း ပေးနေမှု အခြေ အနေနှင့် ပြည်ပနိုင်ငံများ၊
နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အကူအညီ ထောက်ပံ့ပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ
ဒုတိယသမ္မတက ထိခိုက်ပျက်စီးဆုံးရှုံးမှု စာရင်းဇယား အချက် အလက်များ တိကျမှန်ကန်စွာ ကောက်ယူရရှိရေး၊
ပြည်တွင်း၊ပြည်ပအလှူရှင်များ၏ အလှူငွေနှင့်ပစ္စည်းများ စနစ်တကျ စိစစ် ထိန်းသိမ်းလက်ခံ၍
ရေဘေးသင့် ဒေသများသို့ လိုအပ်ချက်နှင့်အညီ ထိရောက်လျင်မြန်စွာ ရောက်ရှိစေရေးနှင့် ပြန်လည်
ထူထောင်ရေး ဆောင်ရွက်မည့် အစီအမံများ စနစ်တကျရှိစေရေးတို့နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။



No comments:
Post a Comment