Saturday, August 8, 2015

ရေကျသွားပြီဖြစ်၍ ကလေးမြို့တွင် သန့်ရှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်




ကလေး သြဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဇူလိုင် ၂၈ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ သြဂုတ် ၃ ရက် ညနေပိုင်းမှစ၍ တစ်ရက်လျှင် ၁ ပေခွဲမှ ၃ ပေအထိ ရေများ တဖြည်းဖြည်း ပြန်လည် ကျဆင်းကာ ရေနစ်မြုပ်ခဲ့သည့် ဌာနဆိုင်ရာ ရုံးများ၊ စာသင်ကျောင်းများ၊ ဈေးဆိုင်များ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြသည်။


အဆိုပါ ရေကြီးရေလျှံမှု ဖြစ်ပွားစဉ်က မြို့ တော်ခန်းမအပါအ၀င် မြို့ ပေါ်ဌာနဆိုင်ရာ အဆောက်အဦ ၂၂ ရုံး၊ စာသင်ကျောင်းများ၊ ဈေးဆိုင်များ၊ လူနေအိမ်များနှင့် လယ်ယာမြေ အမြောက်အမြား ရေနစ်မြုပ်ခဲ့ရာ သြဂုတ် ၅ ရက်မှစ၍ နုံးမြေများအား ပြန်လည်ဖယ်ရှားခြင်း၊ စိုက်ပျိုးရေး/မွေးမြူရေး လုပ်ငန်းများ ပြန်လည်ထူထောင်ရေး၊ ကလေး-ကလေးဝ ကားလမ်းပိုင်းအား လမ်းပန်း ဆက်သွယ်ရေး အမြန် ကောင်းမွန်ရေးနှင့် အချိန်မီပြီးစီးရေး တို့ကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ဆည်မြောင်း ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေး ကော်မတီတို့၏ စက်ယန္တရားကြီးများ အသုံးပြုကာ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဘာသာရေး အသင်းအဖွဲ့များမှ လူငယ်များက သန့်ရှင်းရေး လုပ်ငန်းများကို တက်တက်ကြွကြွ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


No comments:

Post a Comment