Thursday, August 6, 2015

ခရိုင်ဥပဒေရုံး အဆောက်အအုံသစ်များ စတင်ဖွင့်လှစ်


ရန်ကုန် သြဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေရုံးတို့၏ ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့သော ခရိုင်ဥပဒေရုံးများဖြစ်သည့် အရှေ့ပိုင်းခရိုင်ဥပဒေရုံးသစ်နှင့် အနောက်ပိုင်း ခရိုင် ဥပဒေရုံးသစ်တို့ကို ယနေ့နံနက်ပိုင်းက အဆိုပါအဆောက်အအုံများ ရှေ့၌ စတင်ဖွင့်လှစ်ခဲ့သည်။


ယနေ့စတင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေရုံးသစ်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ခွင့်ပြုချက် ဖြင့် ၂ဝ၁၃ခုနှစ် ဇန်နဝါရီ ၃ဝ ရက်တွင် ပန္နက်တင်အခမ်းအနား ကျင်းပခဲ့ပြီး အောက်တိုဘာ ၁ဝ ရက်တွင် စတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့ ရာ၂ဝ၁၄ ခုနှစ် မတ် ၃၁ ရက်တွင် ပြီးစီး၍ သတ်မှတ်ကာလ ခြောက်လအတွင်း အပြီးတည်ဆောက်နိုင်ခဲ့သည်။

အဆိုပါအဆောက်အအုံသည် အလျားပေ ၈ဝ၊ အနံပေ ၆ဝ ရှိ အာရ်စီ သုံးထပ်အဆောက်အုံဖြစ်ပြီး စုစုပေါင်းအကျယ်အဝန်း စတုရန်းပေ ၁၄၄ဝဝ ရှိကာ ဗိုလ်မင်းဗိုလ်ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ငွေကျပ် ၄၂၉၁ သိန်း လေးသောင်းကုန်ကျခဲ့ပြီး ယင်းကုန်ကျငွေ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂ဝ၁၃-၂ဝ၁၄ ဘတ်ဂျက်မှ ကျခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအဆောက်အအုံသစ်များဖွင့်ပွဲသို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ တက်ရောက် ကာ အဆောက်အအုံသစ်ဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းတို့ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ မြို့တော်ဝန် ဦးလှမြင့်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးကျော်မိုးနိုင်နှင့် တိုင်းဒေသ ကြီးစာရင်းစစ်ချုပ် ဦးမြင့်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


သတင်း-မင်းခေတ်
ဓာတ်ပုံ-မိုးမခ
(မြန်မာ့အလင်း)

No comments:

Post a Comment