Tuesday, August 11, 2015

ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ပါဝင်လာဖို့အတွက် ရွေးကောက်ပွဲနှင့်အမျိုးသမီးကဏ္ဍအား ဆောင်ရွက် နေသူ ရောင်ခြည်သစ်၏ ဒါရိုက်တာနှင့် တွေ့ဆုံ



ရောင်ခြည်သစ်အဖွဲ့မှ အမျိုးသမီးသင်တန်းသူ များအား မြန်မာနိုင်ငံသို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ်အဖြစ် ပထမဆုံး အကြိမ် လာရောက်ခဲ့သည့် မစ္စ အင်ဂျလီနာ ဂျိုလီပစ် သည် ၂ဝ၁၅ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်မြို့ရှိ YMCA အဆောက်အအုံတွင် လာရောက်တွေ့ဆုံခဲ့သည်။

နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ မြို့ကြီး ၁၇ မြို့တွင် သင်တန်းသူ ၅ဝ၄ ဦး အား ရွေးကောက်ပွဲဆိုင်ရာအသိပညာများကိုသင်ကြား ပို့ချပေးခဲ့ပြီးဖြစ်သည့် ရောင်ခြည်သစ်အဖွဲ့မှ ‘ဒါရိုက်တာ ဖြစ်သူ ဒေါ်ခင်လှ အား မြန်မာ့သတင်းစဉ် (ပြည်တွင်း) မှ တွေ့ဆုံမေးမြန်းခဲ့သည်။
ဒေါ်ခင်လှ (ဒါရိုက်တာ)
ရောင်ခြည်သစ်အဖွဲ့
မေး။ ။ ရောင်ခြည်သစ်အဖွဲ့ကို ဘယ်လိုရည်ရွယ် ချက်တွေနဲ့ ဘယ်အချိန်က စတင်ဖွဲ့စည်းခဲ့တယ်ဆိုတာ ကို သိလိုပါတယ်။
ဖြေ။ ။ ဒီအဖွဲ့ကို ၂ဝဝ၉ ခုနှစ်မှာ စတင်ဖွဲ့စည်းတဲ့ အခါမှာ အစီအစဉ်သုံးခုကို ကျွန်မတို့ အဓိကလုပ်ဆောင် တယ်။ လူငယ်နဲ့ စွမ်းအားမြင့်တင်ရေး၊ နောက် အမျိုး သမီးနဲ့ပတ်သက်ပြီး ကဏ္ဍနှစ်ခုပေါ့။ လူငယ်နဲ့ စွမ်းအား မြှင့်သင်တန်းမှာ ဝင်ငွေ ရရှိတဲ့လုပ်ငန်းတွေကို သင်တန်း ပေးတယ်။ နောက် Resource Center လို့ အမည်ပေးပြီး ကွန်ပျူတာနဲ့ အင်္ဂလိပ်စာသင်ပေးတာ၊ စာကြည့်တိုက်ဖွင့် လှစ်တာတွေ လုပ်တယ်။ ကျောင်း တက်ဖို့ အခက်ခဲရှိတဲ့ ကလေးတွေကို ပညာသင်ဆုပေးဖို့ ကူညီဆောင်ရွက်ပေး တာတွေလုပ်တယ်။ ဒါတွေကို ရခိုင်ပြည်နယ်မှာ အဓိကထား လုပ်ကိုင်နေတယ်။ ဒါပေမယ့် Capacity Building နဲ့ သက်ဆိုင် တာကိုတော့ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့မှာ လုပ်ဖြစ်တယ်။ အမျိုးသမီး ခေါင်းဆောင် မှုနဲ့ ရွေးကောက်ပွဲ သင်တန်းကိုတော့ မြန်မာတစ်နိုင်ငံလုံးမှာ ဆောင်ရွက်နေပါတယ်။
မေး။ ။ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို အမျိုးသမီးတွေအတွက်ပဲရည်ရွယ်ပြီး လုပ်ဆောင် ဖြစ်တာက ဘာကြောင့်ပါလဲ။
ဖြေ။ ။ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့သင်တန်းတွေ မပေး ခင် အရင်တုန်းက Civic Education သင်တန်းတွေ ပေးတယ်။ မြန်မာနိုင်ငံမှာကျင့်သုံးတဲ့ ရွေးကောက်ပွဲစနစ် အကြောင်းတွေကို အဲဒီတုန်းက ထည့်သင်ပေးတယ်။ အခု IFES (International Foundation for Electoral Systems) က ကျွန်မတို့ကို ငွေကြေးထောက်ပံ့ ပေးတယ်။ အမျိုးသမီးတွေအတွက်ပဲ အဓိက သီးသန့်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လုပ်ငန်းတွေ အများဆုံးပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ သီးသန့်ချည်းပဲလည်း မဟုတ်ဘူး။ အပိုင်း(၂)ပိုင်း ပါတယ်။ အမျိုးသမီးတွေအတွက် ခေါင်းဆောင်မှု စွမ်းရည်က တစ်ပိုင်း၊ ရွေးကောက်ပွဲ ဆိုင်ရာအသိပညာ ပေးခြင်းက တစ်ပိုင်းပါ။
မေး။ ။ ဒါဆိုရင် ဒီသင်တန်းတွေမှာ ဘယ်လို သင်ခန်းစာတွေကို သင်ကြားပို့ချပါသလဲ။
ဖြေ။ ။ မော်ကျူးသုံးခုခွဲခြားပြီး သင်ကြားတယ်။ မော်ကျူး(၁)နဲ့ (၂) ရွေးကောက်ပွဲဖြစ်စဉ်စက်ဝိုင်းရဲ့ ပထမပိုင်းနဲ့ ‘ဒုတိယပိုင်းဖြစ်တဲ့ ရွေးကောက်ပွဲအကြို ကာလနဲ့ ရွေးကောက်ပွဲကာလတွေမှာပါတဲ့ လုပ်ငန်းစဉ်တွေ ကို လေ့လာကြမှာဖြစ်တယ်။ မော်ကျူး (၃) ကတော့ ရွေးကောက်ပွဲအလွန် ကာလကအပိုင်းတွေကို လေ့လာ ကြမှာဖြစ်တယ်။
မော်ကျူး(၁) မှာ အဓိကအားဖြင့် ခေါင်းဆောင်မှု ဆိုင်ရာစွမ်းရည်တွေကို သင်တယ်။Leadership Skills တွေ၊ နောက်လူတွေကို ဘယ်လိုစည်းရုံးကြမလဲ၊ လူတွေနဲ့ ဘယ်လို စကားပြောကြမလဲ စတာတွေကို သင်တယ်။ ရွေးကောက်ပွဲဆိုတာ လူတိုင်းပါဝင်ဖို့၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဘာတွေလိုမလဲဆိုတာကို သင်ကြား တယ်။ နောက်ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ လူတွေ အကြောင်းကို လေ့လာကြတယ်။ အဓိကကတော့ မဲစာရင်း သွားရောက်စစ်ဆေးဖို့အကြောင်းကို လေ့လာတယ်။
မော်ကျူး (၁) အပြီးမှာ လက်တွေ့ကွင်းဆင်းတဲ့အနေနဲ့ သင်တန်းသူတွေက လူတွေအား မဲစာရင်းစစ်ဖို့နဲ့ လူတွေ အနေနဲ့ မဲစာရင်းမှာ ပြင်ဆင်ဖြည့်စွက်ဖို့အတွက် အခက် အခဲရှိရင် လိုအပ်တဲ့ပုံစံတွေကို ဖြည့်တဲ့ နေရာမှာ ကူညီပေး ဖို့၊ လှုံ့ဆော်ပေးဖို့ သင်တန်းသူတွေကို လက်တွေ့လုပ်ဆောင် ခိုင်းတယ်။ တစ်နိုင်ငံလုံး ၁၇ နေရာမှာ ပို့ချခဲ့ပါတယ်။ သင်တန်းသူ စုစုပေါင်း ၅ဝ၄ ဦးကို သင်ကြားပေးပြီးသွားပြီ။ သင်တန်းပြီးသွားတဲ့ အမျိုးသမီးတော်တော်များများဟာ သူ့ဒေသမှာ မဲစာရင်းစစ်ဖို့ လှုံ့ဆော်ကြတယ်။ နောက် ကိုယ့်ဝန်းကျင်မှာရှိတဲ့ ဘာသာရေးအဆောက်အအုံလို နေရာမျိုးမှာ သူတို့သင်တန်းမှာ သင်ကြားခဲ့ရတာတွေကို ပြန်ပြီး ဖြန့်ဝေတာ မျိုးလုပ်တယ်။
မေး။ ။ ရောင်ခြည်သစ်အနေနဲ့ အခြေခံမဲဆန္ဒရှင် စာရင်းကပ်ထားရာမှာ သင်တန်းသားတွေနဲ့ လက်တွေ့ ကွင်းဆင်းရာမှာ ဘယ်လိုအတွေ့အကြုံတွေ ရရှိပါလဲ။
ဖြေ။ ။ တချို့ကတော့ မဲစာရင်းမပါတာ၊ မှားတာတွေ ရှိတယ်။ UEC ကတော့ မဲစာရင်းမှားယွင်းပေမယ့် မဲစာရင်းမှာ နာမည်ပါရင် ပေးလို့ရတယ် ပြောတယ်။ အခု လက်ရှိတွေ့နေရတာက အမည်မပါတာတွေ၊ မှတ်ပုံတင် တွေတူနေကြတာ။ နောက်ရွှေ့ပြောင်းနေထိုင်သူတွေ အလွန်များတယ်။ အဲ့ဒါထက် အရေးကြီး တာက လူတွေက အလွန်ခက်တယ်။ မဲစာရင်းမှာ နာမည်ပါမပါ သွားစစ်ဖို့ကို မသွားချင်ကြဘူး။ သင်တန်း သူတွေက ပြန်ပြောကြတယ်။ မဲစာရင်းသွားကြည့်ဖို့ လူတွေကိုစည်းရုံးရတာ ပိုခက်ခဲ ပါတယ်။
မေး။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တို့၊ အခြားရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ နဲ့ ပူးတွဲလုပ်ဆောင်တာမျိုးတွေ ရှိပါသလား။
ဖြေ။ ။ နည်းပညာပိုင်းနဲ့ သင်ရိုးညွှန်းတမ်း ရေးဆွဲတာ ကိုတော့ IFES ရဲ့ ပညာရှင်တစ်ယောက်က ကူညီတယ်။ သူက အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားတို့မှာ ဒီလိုသင်ရိုးညွှန်း တမ်းရေးဆွဲတဲ့ နိုင်ငံတကာ အတွေ့ အကြုံ ရှိတယ်။UEC ကထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့တော့ ပြန်ချိန်ညှိရတယ်။ သူစီစဉ်ပေးတဲ့ သင်ရိုးညွန်းတမ်းတွေက ကျွန်မတို့အတွက် အလွန်အဆင်ပြေတယ်။
မော်ကျူး(၁)ကို သင်ကြားတဲ့အခါမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်ရှိသူတွေက UEC ရဲ့ မဟာဗျူဟာ အကြောင်းနဲ့ မဲစာရင်းကို ဘယ်လိုပြုစုသလဲ ဆိုတာတွေကို သင်တန်းသူတွေကို ရှင်းပြပေးတယ်။ နောက် UEC က သူတို့ရဲ့ ဝက်ဘ်ဆိုက်နဲ့ MERIN (Myanmar Electoral Resource and Information Network) ဝက်ဘ်ဆိုက် တွေမှာ သတင်းအချက် အလက်တွေ ရယူနိုင်ကြောင်း ညွှန်းတယ်။ နောက် UEC ရဲ့ နည်းဥပဒေတွေ၊ ဥပဒေတွေ၊ အမိန့်၊ ညွှန်ကြား ချက်တွေကို ကျွန်မတို့ကို ဆော့ဖ်ကော်ပီ ပေးပါတယ်။ ကျွန်မတို့ကဒါတွေကို သင်တန်းဆရာတွေကို မျှဝေပြီး သင်တန်းသူတွေကို တော့ လေ့လာဖို့ လိုအပ်တာ လောက်ကို ပြန်ဝေမျှပေးပါတယ်။
မေး။ ။ ဟုတ်ကဲ့။ ကျန်တဲ့ မော်ကျူးသင်ကြားတဲ့အပိုင်း ကရော။
ဖြေ။ ။ မော်ကျူး(၂) က မဲပေးတဲ့အခါမှာ မဲရုံမှာ မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေကို Video တွေနဲ့လေ့လာပြီး သူတို့ ကိုယ်တိုင်ပါဝင်တဲ့ လက်တွေ့လုပ်ငန်းတွေကို ဆောင်ရွက် ရပါတယ်။ နောက်တစ်နိုင်ငံလုံး မဲစာရင်းကလာမယ့် သြဂုတ်လမှာ ကပ်မှာဖြစ်တဲ့အတွက် မဲစာရင်းစစ်ဖို့ အရေး ကြီးတယ်ဆိုတာကို သင်တန်းသူတွေကို သတိပေးတဲ့ အနေနဲ့ မော်ကျူး(၂) မှာ ထည့်သွင်းထားတယ်။ မော်ကျူး (၂) ကိုတော့ ရန်ကုန်မှာ ဇူလိုင် ၂၂ ရက်ကနေ ၂၄ ရက်အထိဖွင့်လှစ်ခဲ့ပြီး စစ်ကိုင်း၊ နေပြည်တော်နဲ့ မန္တလေး မှာ လက်တွေ့ကွင်းဆင်းဆောင်ရွက်ခဲ့တယ်။ မော်ကျူး(၂) အတွက် တစ်နိုင်ငံလုံး သင်တန်းတွေဟာ အောက်တိုဘာလ ဒုတိယပတ် သို့မဟုတ် တတိယပတ်မှာ ပြီးဆုံးမယ်။
မော်ကျူး(၃) ကိုတော့ ရွေးကောက်ပွဲပြီးမယ့် ဒီဇင်ဘာ၊ ဇန်နဝါရီလတွေမှာ သင်ကြားမယ်။ သင်တန်းသူတွေကို ပြောင်းလဲမှုတစ်ခုဖြစ်နိုင်ဖို့ တွန်းအားပေးတဲ့အပိုင်းတွေ ပါတယ်။ နောက်ရွေးကောက်ပွဲအပြီးမှာ ဖြစ်လာမယ့် အငြင်းပွားမှုတွေကို ဖြေရှင်းတဲ့အကြောင်းတွေပါမယ်။ အဓိကကတော့ သူတို့ကို ရွေးကောက်ပွဲစက်ဝန်းအပိုင်း (၃)ပိုင်းမှာ အမျိုးသမီးတွေက ဘယ်ကဏ္ဍတွေမှာ ပါဝင် နိုင်မလဲဆိုတာကို စဉ်းစားခိုင်းတယ်။ နောက်ကျင်း ပမယ့် ရွေးကောက်ပွဲတွေမှာ အမျိုးသမီးတွေ ပါဝင်လာအောင် ဘယ်လိုလှုံ့ဆော်ကြမလဲ။ ဘယ်သူတွေကို ပညာပေးကြမလဲ ဆိုတာတွေကို မော်ကျူး(၃) မှာ ပြန်လေ့လာသုံးသပ်ကြမယ်။
မေး။ ။ မစ္စ အင်ဂျလီနာ ဂျိုလီပစ်နဲ့ ရောင်ခြည်သစ် တွေ့ဆုံကြတော့ ဘာတွေကို အဓိကဆွေးနွေးခဲ့ကြပါသလဲ။
ဖြေ။ ။ ကျွန်မတို့နိုင်ငံမှာ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါလာဖို့ပေါ့။ အမျိုးသမီး ခေါင်းဆောင်မှုနဲ့ ရွေးကောက်ပွဲအသိပညာပေးသင်တန်း ဆိုတော့ ကျွန်မတို့ အစီအစဉ် ဘယ်လောက်ထိ ထိထိ ရောက်ရောက်လုပ်နိုင်လဲဆိုတာကို လာပြီးတော့ ဆွေးနွေးတာပါ။ သူကျွန်မတို့ကို အကြံပြုတာက မြန်မာ နိုင်ငံမှာ အမျိုးသမီးတွေက နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ရှိပြီး မဲဆန္ဒရှင်စာရင်းမှာလည်း ထက်ဝက် ကျော်တယ်။ အမျိုး သမီးထက်ဝက်ကျော်ရဲ့အားကို ဒီရွေးကောက်ပွဲမှာ ပါလာဖို့အတွက်ရယ်၊ နောက်မဲ ပေးနိုင်တဲ့ လူတိုင်းလည်း မဲပေးခွင့်မဆုံးရှုံးစေဖို့ကို တွန်းအားပေးပြောသွားတယ်။ ဒါဟာ မြန်မာနိုင်ငံ အတွက် အရေးကြီးတဲ့ ရွေးကောက် ပွဲဖြစ်တယ်။ နိုင်ငံတကာကလည်း စောင့်ကြည့်နေတယ်။ သူတို့ကိုယ် တိုင်လည်း ဒါကို စောင့်ကြည့်လေ့လာနေတယ်။ ဒီဟာအတွက်ကို ကျွန်မတို့ သင်တန်းအနေနဲ့ လူတွေကို သတင်းအချက်အလက် များများစားစားရစေဖို့ လုပ်ပေး နိုင်ဖို့ မျှော်လင့်ပါတယ်လို့ သူပြောသွားပါတယ်။
မေး။ ။ မစ္စ အင်ဂျလီနာ ဂျိုလီပစ်အနေနဲ့ မြန်မာနိုင်ငံမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဘယ် အချက်တွေကို စိတ်ဝင်စားတာ တွေ့ရလဲ။
ဖြေ။ ။ အဓိကက မဲစာရင်းစစ်တဲ့ကိစ္စကို သူစိတ်ဝင် တစားရှိတယ်။ ဘယ်လောက်အထိ လွယ်လွယ်ကူကူ မဲစာရင်းကို စစ်နိုင်လဲဆိုတာကို စိတ်ဝင်စားတယ်။ ကျွန်မ တို့နဲ့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ မဲစာရင်းစစ်ဆေးလို့ ရနိုင်တဲ့ဝက်ဘ်ဆိုက်မှာ လက်တွေ့မဲစာရင်း စစ်ကြည့်ကြတယ်။ဒါက တစ်နိုင်ငံလုံး က လူတွေအတွက် လက်တွေ့ကျကျ လုပ်လို့ရနိုင်သလား လို့ မေးခွန်းထုတ်တယ်။ ပြီးတော့ လူတွေ လက်တွေ့ ကျကျ မဲစာရင်းစစ်နိုင်ဖို့၊ သတင်းအချက်အလက် ရနိုင်ဖို့ ဘာက အဓိက အထောက် အကူပြုမလဲ။ သတင်းစာလား၊ ရေဒီယိုလား၊ တီဗွီလား။ လူတွေကို ပိုပြီး သတင်း အချက်အလက် ရောက်နိုင်တဲ့ နေရာတွေကို ပံ့ပိုးပေးဖို့ အလှူရှင်တွေကို သူ့အနေနဲ့ တွန်းအားပေးမယ့် အကြောင်းပြောတယ်။ ရွေးကောက် ပွဲမှာ မဲပေးနိုင်တဲ့ သူတွေ မဲပေးနိုင်ဖို့ ကျွန်မတို့လို ပညာပေးလုပ်ငန်း ဆောင်ရွက်နေသူတွေ ထိထိ ရောက်ရောက် လုပ်ဆောင် ပေးဖို့ တိုက်တွန်းတယ်။ နောက်သူသိချင်တာက မြန်မာ နိုင်ငံက ကျောင်းတွေမှာ အခြားနိုင်ငံတွေလို မဲပညာပေး လုပ်ငန်းတွေ ဆောင်ရွက်တာမျိုးရှိလားလို့ မေးတယ်။(ကျေးဇူးတင်ပါတယ်။)
ရောင်ခြည်သစ်အဖွဲ့သည် မြန်မာနိုင်ငံတစ်ဝန်းရှိ အမျိုးသမီးများအား ၂ဝ၁၅ ခုနှစ် မတ်လမှစတင်ကာ ''အမျိုးသမီးများခေါင်းဆောင်မှုနှင့် ရွေးကောက်ပွဲအသိ ပညာပေးသင်တန်း'' များ ပို့ချလျက်ရှိသည်။ ရောင်ခြည် သစ်မှဖွင့်လှစ်သည့် သင်တန်းများတွင် ရွေးကောက်ပွဲ ဖြစ်စဉ်စက်ဝိုင်းတွင်ပါဝင်သည့် ရွေးကောက်ပွဲအကြို ကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန် ကာလ လုပ်ငန်းစဉ်များကိုသင်ကြားကာ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများကို လက်တွေ့လုပ်ဆောင်လျက် ရှိသည်။
တွေ့ဆုံမေးမြန်း-ရဲခေါင်ညွန့်၊ မြတ်သန္တာမောင်
ဓာတ်ပုံ-အောင်သူရ

No comments:

Post a Comment