Saturday, August 8, 2015

4 TV နွေးထွေးသော ကမ်းလက်များမိသားစုက ရေဘေးသင့်ဒေသများသို့ ဆက်လက်ကူညီ ထောက်ပံ့ရန် စီစဉ်လျက်ရှိ






ရန်ကုန် ဩဂုတ် ၈

4 TV နွေးထွေးသော ကမ်းလက်များမိသားစု၏  ကနဦး မတည်လှူဒါန်းငွေ ကျပ်သိန်းတစ်ထောင်နှင့် Forever Group ၏ မိတ်ဖက် အလှူရှင်များ၊ အခြားစေတနာရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ရေဘေးသင့်ဒေသများသို့ ဆက်လက် ကူညီ ထောက်ပံ့ရန် Forever Group မှ တာဝန်ရှိသူများနှင့် ဝန်ထမ်း ၁၀၀၀ ကျော်တို့သည် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရှင်စောပုလမ်း Myanmar Event Park ၌ ထောက်ပံ့ရေးပစ္စည်းများကို စနစ်တကျ ထုပ်ပိုးစီစဉ်  ဆောင်ရွက်လျက်ရှိသည်။


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်သည် ယနေ့ နံနက်(၁၀)နာရီတွင်  Myanmar Event Park  ၌ ထောက်ပံ့ရေးပစ္စည်းများ စီစဉ် ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှု အားပေးသည်။

4 TV နွေးထွေးသော ကမ်းလက်များ မိသားစုအစီအစဉ်က အိမ်ထောင်စုဝင် ၅ ဦး အသုံးပြုနိုင်ရန် ဆေးဝါးနှင့် အသုံးဝင်မည့် ပစ္စည်းအမျိုးပေါင်း ၃၀ ကျော်ပါဝင် သည့် ပလတ်စတစ်ပုံးကြီး ၇၀၀၀ နှင့် အိမ်ထောင်စုဝင် သုံးဦးအသုံးပြုရန် အဆိုပါပစ္စည်းများပါဝင်သည့် ပလတ်စတစ် ပုံးသေး ၁၆၀၀၀ ကို ရေဘေးသင့် ဒေသများသို့ ပေးပို့ ထောက်ပံ့လျက် ရှိသည်။

အဆိုပါပုံးများတွင် နိုင်ငံတော်သမ္မတကြီး၏ ခရီးစဉ်အတွင်း ရေဘေးသင့် ပြည်သူများအတွက် နေ့စဉ်သုံး လိုအပ်သည့် ပစ္စည်းများ ပါဝင်စေရေး လမ်းညွှန်ချက်နှင့်အညီ ဆန်၊ ငါးခြောက်ကျော်၊ မာမားခေါက်ဆွဲ၊ ယုဇနလက်ဖက်၊ ဘီစကစ်အထုပ်ကြီး၊ PEP နို့မှုန့်၊ ကွေကာ၊ ရေသန့်၊ ဓာတ်ဆား၊ သီးစုံဓာတ်ဆား၊ ရေသန့်ဆေးပြား၊ ဆရာခို ဆေးဘူး၊ ဖယောင်းတိုင်၊ မီးခြစ်၊ ရေစစ်၊ နိုင်လွန်ကြိုး၊ ပလပ်စတစ်ကြိုး၊ ဓား၊ စတီးပန်းကန်၊ ဇွန်း၊  ရေခွက်၊ ဇလုံအကြီး၊ ဓာတ်မီး၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ စောင်၊ ပုဆိုး၊ ပီနံအိတ်နှင့်အပ် တို့ ပါဝင်ကြောင်း သိရသည်။

ယင်းပစ္စည်းများကို ဩဂုတ် ၅ ရက်မှ ၇ ရက်အထိ ရေဘေးသင့် ဒေသများဖြစ်သည့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တိုသို့ ပုံးကြီးပေါင်း ၁၉၇၀၊ ပုံးသေးပေါင်း ၅၇၁၀ စုစုပေါင်း ၇၆၈၀ ကို 4 TV နွေးထွေးသော ကမ်းလက်များ မိသားစု အဖွဲ့သားများက  သွားရောက် လှူဒါန်းခဲ့ပြီး ဖြစ်သည်။

ဆက်လက်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ ရေဘေးသင့်ဒေသအသီးသီးသို့ ထပ်မံ ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)

No comments:

Post a Comment