Thursday, July 30, 2015

လတ်တလေဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေနှင့်စပ်လျဉ်း၍ မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်အား တွေ့ဆုံမေးမြန်း


ရန်ကုန် ဇူလိုင် ၂၉
မြန်မာနိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်းနှင့် တောင်ပေါ်ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ရေကြီး ရေလျှံ မှုများဖြစ်ပေါ်နေသည့်အပေါ် လတ်တလောရာသီဥတုအခြေအနေကို မိုးလေဝသနှင့်ဇလဗေဒပ ညာရှင် ဒေါက်တာထွန်းလွင်နှင့် အခုလို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ။ လတ်တလောဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့ အခြေအနေကို ရှင်းပြပေးပါ။
ဖြေ။ ။ မုန်တိုင်းငယ်က အရှေ့တောင်ဘက်ကို အနည်းငယ်ရွေ့လျားနေတယ်။ ရခိုင်ကမ်းရိုးတန်းမြောက် ဘက် မောင်တောဘက်ကို နည်းနည်းဦးတည်လာ နေတယ်။ အရှေ့တောင်ဘက်ကို ရွေ့နေတာဆိုတော့ မုန်တိုင်းက ရေပေါ်နည်းနည်းရောက်လာတယ်။ ဒါကြောင့် မုန်တိုင်းအင်အား နည်းနည်းမြင့်တက်နေတယ်။
ရေပေါ်မြင့်တက်လာမှုက မြန်မာနိုင်ငံအပေါ် သက် ရောက်မှုရှိတယ်။ မုန်တိုင်းရဲ့ သွားရာလမ်းကြောနဲ့ ပတ်သက်၍ သင်္ချာပုံစံကိုသုံးပြီး ခန့်မှန်းတဲ့ခန့်မှန်းချက် တွေအားလုံးက ရခိုင်ကမ်းရိုးတန်းကို မဖြတ်နိုင်ဘူး။ အစမှာတော့ အရှေ့တောင်ဘက်ကို နည်းနည်းဆင်းမယ်။ ဒါပေမယ့် နောက်ထပ် ၂၄ နာရီမှ ၃၆ နာရီအတွင်း မုန်တိုင်းက အနောက်၊ အနောက်မြောက်ယွန်းယွန်းကို ရွေ့မယ်။ ပြီးရင် သြဂုတ်လဆန်း ၁ ရက် သို့မဟုတ် ၂ ရက်လောက်မှာ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ကမ်းခြေ ကို ဖြတ်သန်းသွားမယ်လို့ လောလောဆယ် ခန့်မှန်းထား ပါတယ်။ ဒါပေမယ့် အရှေ့တောင်ဘက် မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်ကို နည်းနည်း ချဉ်းကပ်လာတဲ့အတွက် မုန်တိုင်းသတင်းအဖြစ်သာ သတ်မှတ်ပြီး ထုတ်ပြန်ထား ခဲ့ပေမယ့် အခုအဆင့်မှာတော့ မုန်တိုင်းသတိပေးနှိုးဆော် ချက် ထုတ်ပြန်ထားပါတယ်။
မေး။ ။ ဒီမုန်တိုင်းငယ်ရဲ့ ဖြစ်စဉ်ကြောင့်သက် ရောက်မှုရှိနိုင်တဲ့ ဒေသနဲ့အခြေအနေကို ပြောပြပေး ပါ။
ဖြေ။ ။ မုန်တိုင်းက ရေပြင်ပေါ်ကိုဆင်းလာပြီး အားပိုကောင်းလာတဲ့အတွက် ဘင်္ဂလားပင်လယ်အော်ထဲ မှာရှိတဲ့ မုတ်သုံလေကို ပိုပြီးအားကောင်းလာစေတယ်။ဒါကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်လုံးမှာ ဒီ ကနေ့စပြီး နောက်ထပ် ၃၆ နာရီအတွင်း မိုးပျံ့ပျံ့နှံ့နှံ့ ရွာမယ်။
မိုးသည်းထန်မယ်၊ လောလောဆယ် အထူး သတိပြုဖို့ လိုအပ်တဲ့ ဒေသကတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တို့ဖြစ်တယ်၊ အဲဒီဒေသတွေမှာ ၂၄ နာရီ အတွင်း မိုးရေချိန် ခြောက်လက်မကနေ ရှစ်လက်မလောက်အထိ ရွာနိုင်တဲ့အနေအထားရှိတယ်၊ ဒါကြောင့် ကုန်းပေါ်မှာ မိုးသည်းထန်စွာ ရွာသွန်းမယ်၊ နေရာကွက်ပြီး မိုးကြီးမယ်၊ ပင်လယ်ပြင်မှာဆိုရင်တော့ လေပြင်းတွေတိုက်ပြီး လှိုင်းကြီးမယ်။ ဒါတွေက ရခိုင်ကမ်းရိုးတန်း ကမ်းလွန် ပင်လယ်ပြင်မှာ အနည်းဆုံး ၃၆ နာရီအတွင်း ကြုံတွေ့ နိုင်တဲ့ အနေအထားတွေပါ၊ ရခိုင်ကမ်းရိုးတန်း တစ်ခု လုံးနဲ့ ချင်းပြည်နယ်ကုန်းတွင်းပိုင်းဒေသ တချို့အထိ အကျိုးသက်ရောက်မှုရှိနိုင်တဲ့အတွက် သတိပြုဖို့ လိုတယ်။ အထူးသဖြင့်ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်း ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း စတဲ့ ဒေသတွေမှာ မိုးကြီးရင်ဖြစ်တတ်တဲ့သဘာဝဘေးတွေရှိတယ်၊ မိုးသည်း ထန်စွာရွာသွန်းရင် မြေပြိုကျခြင်းနဲ့ လျှပ်တစ်ပြက် ရေကြီးမှုတွေကို အထူးဂရုစိုက်ဖို့လိုတယ်။ ပိုပြီးတော့ သတိထားရမယ့် အချက်တစ်ခုကတော့ ရေဖုံးလွှမ်းမှု ခံနေရတဲ့နေရာတွေမှာ ရေပိုတိုးလာနိုင်တယ်။ ကြိုတင် ကာကွယ်တားဆီးမှုတွေ လုပ်ထားဖို့လိုအပ်ပါတယ်။
မေး။ ။ဒီနှစ် ရာသီဥတုအခြေအနေကို ပြောပြ ပေးပါ။
ဖြေ။ ။ဒီနှစ်က အယ်လ်နီညိုရာသီဥတုဖြစ်တဲ့နှစ်ပါ။အယ်လ်နီညိုရာသီဥတုဖြစ်တဲ့နှစ်ရဲ့ သဘာဝအရ ဆိုရင် မိုးနည်းရမယ်။ အပူချိန်က ပုံမှန်ထက် ပိုရမယ်။ လက်ရှိ ကြုံတွေ့ နေရတာကတော့ အပူချိန်က ပုံမှန်ထက်ပိုတယ်။ ဒါပေမယ့် မိုးက မနည်းပါဘူး၊ မိုးကောင်းတဲ့နှစ်ဖြစ်နေတယ်၊ အယ်လ်နီညိုရာသီဥတု ဖြစ်တဲ့ အတွက်ကြောင့် အာရှတိုက် မှာရှိတဲ့ နိုင်ငံတွေကိုကြည့်ရင် နိုင်ငံအားလုံးပုံမှန်ထက် မိုးရေချိန် လျော့နည်း နေတာတွေ့ရတယ်၊ အယ်လ်နီညို ဖြစ်နေကျပုံစံနဲ့ မကိုက်ညီဘဲ မိုးများနေတာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပဲရှိတယ်၊ မြန်မာနိုင်ငံမှာဆိုရင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ မိုးအလွန် ကောင်းခဲ့တယ်၊ ကချင်ပြည်နယ်ဆိုရင် ဧရာဝတီ ရဲ့ မြစ်ဖျားပိုင်းဖြစ်သလို၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ဆိုရင်လည်း ချင်းတွင်းမြစ်ရဲ့ မြစ်ဖျားပိုင်းဖြစ်နေတော့ အဲဒီဒေသဝန်းကျင်က မြို့တွေ အရင်ဆုံးရေဖုံး လွှမ်းတယ်၊ တဖြည်းဖြည်းနဲ့ မြစ်အောက်ပိုင်းတွေမှာရှိတဲ့ မြို့တွေ ရေလွှမ်းမိုးမှုဖြစ်ခဲ့ရတာပါ၊ မိုးများတဲ့ ဒေသကိုကြည့်ရင် မြန်မာနိုင်ငံ မြောက်ပိုင်းတောင် ထူထပ်တဲ့ဒေသဖြစ် နေတယ်၊ အဲဒီဒေသတွေမှာ မိုးများရင် လျှပ်တစ်ပြက် ရေကြီးတာ ဖြစ်တတ်သလို တောင်ကျချောင်းတွေ ကလည်းရေ ဒလဟောစီးဆင်းမှုတွေ ဖြစ်တတ်တယ်၊ အပူပိုင်းဒေသ တွေမှာဆိုရင်လည်း ဆည်၊ တမံတွေ များတော့ ဆည် ရေလျှံတာနဲ့ တာကျိုးမှုတွေဖြစ်တယ်၊ ဒါကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့တာပါ။
မေး။ ။အရင်တုန်းက အခုလို ရေကြီးမှုမျိုးတွေ ရှိခဲ့သလား ပြောပြပေးပါ။
ဖြေ။ ။၂ဝဝ၄ ခုနှစ်တုန်းက စံချိန်တင် ရေကြီးမှု ရှိခဲ့တယ်၊ အဲဒီတုန်းက မြစ်တွေထဲမှာပဲ ရေကြီးခဲ့တာပါ၊ မြစ်ကြောင်း တစ်လျှောက်မှာရှိတဲ့ မြို့တွေပဲ ရေကြီးခဲ့တာ၊ ကုန်းတွင်းပိုင်း မြို့တွေ မပါခဲ့ဘူး၊ မြစ်တွေ အားလုံး မှာရှိတဲ့ မိုးလေဝသနဲ့ဇလဗေဒစခန်းအားလုံးရဲ့ စိုးရိမ်ရေမှတ်ကို ကျော်ခဲ့တယ်၊ အရင်က သမိုင်းမှာ တစ်ခါမှ မရှိခဲ့ပါဘူး၊ အခု တက်နေတဲ့ရေက ၂ဝဝ၄ ခုနှစ်က တက်တဲ့ရေကို မြစ်ရေအနေနဲ့ မမီသေးပါဘူး၊ ဒါပေမယ့် ဧရိယာအနေ နဲ့ကတော့ ကျော်သွားခဲ့ပါပြီ။
မေး။ ။အခုရေလွှမ်းမိုးမှု ဒေသတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်း တွေအပေါ်ကို ပြောပြပေးပါ။
ဖြေ။ ။နာဂစ်ပြီးခဲ့တဲ့အချိန်မှာ အစိုးရအနေနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး အမျိုးသား ကော်မတီကို ဖွဲ့စည်းခဲ့တယ်၊ ဒါ့အပြင် အစိုးရ ရုံးတွေမှာ သဘာဝဘေးအန္တရာယ် လုပ်ငန်းစီမံချက် ဆိုတာရှိ တယ်၊ ဒါပေမယ့် အခုအချိန်မှာ အဲဒီ နှစ်ခုစလုံး Function မဖြစ်တာကို တွေ့နေရတယ်၊ ရေမြုပ်တဲ့ဒေသ တွေမှာ စီမံချက်အတိုင်း ကြိုတင်ပြင်ဆင် ကာကွယ်မှု လုပ်ထားတာ သိပ်မတွေ့ရဘူး၊ ဒါ့ကြောင့်လည်း အမေရိကန်နိုင်ငံမှာရှိတဲ့ NOTRE DAME တက္ကသိုလ် က ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ရာသီဥတုပြောင်းလဲခြင်းနဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြုံတွေ့နိုင်တဲ့ အနေအထား အနည်းအများကို ဆန်းစစ်ချက် လုပ်တဲ့အခါမှာ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနဲ့ပတ်သက်ရင် မြန်မာနိုင်ငံက အောက်ဆုံး ၁ဝ နိုင်ငံမှာ ပါနေတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့လုပ်နေတဲ့ အလုပ်တွေက သိပ်ပြီးစံမမီသေး ပါဘူး၊ တကယ် ဆိုရင် မဖြစ်ခင်မှာ ကြိုတင်ကာကွယ် ရမှာပါ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းဆိုတာ တစ်ဦး တစ်ယောက်ကောင်း လုပ်လို့ မရပါဘူး၊ အားလုံးပေါင်းပြီးလုပ်မှ အောင်မြင်မှာပါ။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး(ပဏိတ)

No comments:

Post a Comment