Wednesday, July 29, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တတိယအကြိမ်မြောက် စီအယ်လ်အမ်ဗီနှင့် ဒုတိယအကြိမ်မြောက် အက်မက်စ် ခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲ အခမ်အနား


နေပြည်တော် ဇူလိုင် ၂၉
တတိယအကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်(စီအယ်လ်အမ်ဗီ) နှင့် ဒုတိယအကြိမ်မြောက် ဧရာဝတီ၊ ကျောက်ဖယား၊ မဲခေါင် (အက်မက်စ်) ခရီးသွား လုပ်ငန်းဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ဟိုတယ်ဇုံရှိ Hilton Hotel ၌ကျင်းပရာ အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်၍ မိန့်ခွန်း ပြောကြားသည်။


အခမ်းအနားတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက မြန်မာနိုင်ငံသည် (၇)ကြိမ်မြောက် စီအယ်လ်အမ်ဗွီနှင့် (၆)ကြိမ်မြောက် အက်မက်စ်ထိပ်သီး အစည်းအဝေးများကို ဇွန်(၂၂)ရက်မှ (၂၃)ရက်အထိ နေပြည်တော်တွင် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ စီအယ်လ်အမ်ဗွီပူးပေါင်း ဆောင်ရွက် မှုသည် ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့ပြီး ဒေသအတွင်း ဖွံ့ဖြိုးမှု ကွာခြားချက် ကျဉ်းမြောင်းစေရန်နှင့် စီးပွားရေး ပေါင်းစည်း မှုကို အရှိန်အဟုန်မြှင့်တင်ရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း။
အလားတူ အက်မက်စ်ပူးပေါင်းဆောင်ရွက်ရေးသည် ၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံ ပုဂံမြို့တွင် ကျင်းပခဲ့သည့် ပထမ အကြိမ်မြောက် အက်မက်စ်ထိပ်သီး အစည်းအဝေး စတင်ကျင်းပခြင်းနှင့်အတူ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါကြောင်း၊ အက်မက်စ်အဖွဲ့ကြီးကို စတင်ထူထောင်သည့် အဓိကရည်မှန်းချက်များမှာ အိမ်နီးချင်းကောင်း ဖြစ်လာစေရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုအားကောင်းလာစေရေး၊ ၂၀၁၅ ခုနှစ်တွင် အာဆီယံ အသိုက်အဝန်းတည်ထောင်မှုနှင့် နောက်ပိုင်းကာလများအတွက် အထောက်အကူပြုရေး၊ အဖွဲ့ဝင် နိုင်ငံများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေး တို့ဖြစ်ပါကြောင်း၊ မိမိတို့(၅)နိုင်ငံ၏ နယ်စပ်ဒေသများကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဇုန်များ အဖြစ် အသွင်ပြောင်းနိုင်ရေး၊ လူမှုရေးဆိုင်ရာ တိုးတက်မှုများ ရရှိစေရေး၊ ရရှိလာသည့် အကျိုးစီးပွားများကို မျှဝေခံစားရေးတို့ကို အဓိကဦးတည် ဆောင်ရွက်ရန်လည်း ဖြစ်ပါ ကြောင်း။
စီအယ်လ်အမ်ဗွီနှင့် အက်မက်စ်နိုင်ငံများသည် ရိုးရာယဉ်ကျေးမှု၊ ဘာသာတရားနှင့် လူနေမှုဘဝပုံစံများတွင် အလွန်ဆင်တူမှုရှိပါကြောင်း၊ ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုမှတစ်ဆင့် မိမိတို့နိုင်ငံများ၏ ပြည်သူများအတွက် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ အမြင့်ဆုံးရရှိအောင် ဆောင်ရွက်ပေးရန် တူညီသော အမြင်များလည်း ရှိပါကြောင်း။
အက်မက်စ်အဖွဲ့ဝင်နိုင်ငံများအတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့သို့ချီတက်ရမည့် ခြေလှမ်း များအတွက် အဖိုးတန်သော အခွင့်အလမ်းများ လက်ဝယ်ရရှိနေပြီဖြစ်ပါကြောင်း၊ (၆)ကြိမ်မြောက် အက်မက်စ် ထိပ်သီး အစည်းအဝေးတွင် ထုတ်ပြန်သည့် နေပြည်တော်ကြေညာချက်အတိုင်း နိုင်ငံ့ခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာအစီအစဉ် ၂၀၁၆−၂၀၁၈ကို အတည်ပြုခဲ့ ကြပြီး အက်မက်စ် အဖွဲ့ဝင် နိုင်ငံများမှ ပြည်သူများ၏ အကျိုးစီးပွားအတွက် တစ်ဦးချင်းဖြင့် လည်းကောင်း၊ နှစ်နိုင်ငံချင်းဖြင့် လည်းကောင်း၊ စုရုံးပေါင်းစည်း၍ သော်လည်းကောင်း စွမ်းအားများကို နှစ်ဆစိုက်ထုတ်၍ ထိရောက်စွာ ဆက်လက်အကောင်အထည်ဖော် သွားကြရန် သဘောတူခဲ့ကြပါကြောင်း။
အက်မက်စ်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်ရေး အထူးဦးစားပေး ကဏ္ဍ(၈)ရပ် အနက် တစ်ခုအပါ အဝင် ဖြစ်သော ခရီးသွားလုပ်ငန်းဆိုင်ရာ ကနဦးဆောင်ရွက်မှု များဖြစ်သည့် အက်မက်စ်နိုင်ငံများအကြား နိုင်ငံ ဖြတ်ကျော် ခရီးသွားလာမှု မြှင့်တင်ရေး၊ အဖွဲ့ဝင်(၅)နိုင်ငံကို တစ်ခုတည်းသောခရီးစဉ်ဒေသအဖြစ် ဖော်ဆောင် နိုင်ရေးနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းမြှင့်တင်ဆောင်ရွက်ရေး၊ အထူးသဖြင့် ဗီဇာနှင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ လွယ်ကူချောမွေ့ရေးကဲ့သို့ ခရီးသွားလုပ်ငန်းဆိုင်ရာ အထောက်အပံ့များမြှင့်တင်ပေးရေး၊ ခရီးသွား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေကြသူများအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများဖွင့်လှစ်ပေးရေး၊ အက်မက်စ်ဒေသအတွင်း သဘာဝပတ်ဝန်းကျင် မထိခိုက် စေသော တာဝန် သိခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက် ရေးတို့ကို ၂၀၁၆ ခုနှစ်မှ ၂၀၁၈ခုနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အက်မက်စ်ပူးပေါင်းဆောင်ရွက်မှုအရ ခရီးသွားလုပ်ငန်း ဆက်စပ်လုပ်ငန်းစဉ် အချို့ဖြစ်သည့် ပုဂံ- ချင်းမိုင်-လောင်ပရာဘန်- ဗီယင်ကျန်း-ဆီယမ်ရိ-ဟွေးခရီးသွား စင်္ကြံန် သစ်များဖွံ့ဖြိုးရေး၊ နယ်စပ်ဖြတ်ကျော် ခရီးသွား လုပ်ငန်း၊ ဒေသခွဲအတွင်း ပေါင်းစည်း ဆက်သွယ်မှု မြှင့်တင်ရေး၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြင့်တင်ရေး၊ ကမ္ဘာလှည့် ခရီးသည်များ ဘေးကင်းလုံခြုံရေးနှင့် ခရီးစဉ်ဒေသများ၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ် စောင့်ရှောက်ရေးတို့ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ အဖွဲ့ဝင် နိုင်ငံများအကြား တစ်ခုတည်းသော ဗီဇာစနစ် ကျင့်သုံးအကောင်အထည်ဖော်ရေးသည် အထူးအာရုံ စိုက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ခြင်းဖြင့် ဒေသတွင်းနိုင်ငံများနှင့် ခရီးဝေးဈေးကွက်များမှ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ တိုးတက်ရောက်ရှိရေးကို များစွာအထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဒေသခွဲ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကို အထောက်အကူပြု စေမည် ဖြစ်ပါကြောင်း။
ယခုကဲ့သို့ တာဝန်သိ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများနှင့် ကတိကဝတ်ပြုမှုများအတွက် စီအယ်လ်အမ်ဗွီနှင့် အက်မက်စ် ခရီးသွားလုပ်ငန်းဝန်ကြီးများကို ဝမ်းမြောက် ဂုဏ်ပြု ကြောင်း၊ တစ်ဆက်တည်းမှာ မိမိတို့အချင်းချင်းသည် လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့ အစည်းများ၊ ကမ္ဘာ့အချိတ်အဆက်များနှင့် လည်းကောင်း၊ ပူးပေါင်းဆက်သွယ်ဆောင်ရွက်မှု တိုးမြှင့် သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ယခုနေပြည်တော်တွင် ပြုလုပ်သည့် နှစ်ရက်တာ အစည်းအဝေးများမှ တစ်ဆင့် ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးဖြစ်ထွန်းစေမည့် ဆွေးနွေးဆုံးဖြတ်ချက်များနှင့်ရလဒ်ကောင်းများ ပေါ်ထွက် လာမည်ဟု မျှော်လင့်ပါကြောင်းပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် တတိယအကြိမ်မြောက် ကမ္ဘောဒီး ယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ဒုတိယအကြိမ်မြောက် ဧရာဝတီ၊ ကျောက်ဖယား၊ မဲခေါင် ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်း အဝေးသို့ တက်ရောက်လာကြသူများ နှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကြသည်။  
တတိယအကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ)နှင့် ဒုတိယအကြိမ်မြောက် ဧရာဝတီ၊ ကျောက်ဖယား၊ မဲခေါင် (အက်မက်စ်)ခရီးသွားလုပ်ငန်း ၀န်ကြီးများအစည်းအဝေးကို ဟိုတယ် အေစီအီး ရာမညခန်းမ၌ ဆက်လက်ကျင်းပရာ(၆)ကြိမ်မြောက် အက်မက်စ်ထိပ်သီးအစည်းအဝေးမှ ထုတ်ပြန် သည့် နေပြည်တော်ကြေညာချက်၊ အက်မက်စ်အဖွဲ့ဝင် နိုင်ငံများဆိုင်ရာ ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက် ရေး လုပ်ငန်းစီမံချက်(၂၀၁၃-၂၀၁၅) ဖွံ့ဖြိုး တိုးတက်မှုအခြေအနေများကို ပြန်လည်သုံးသပ်ခြင်း၊ အက်မက်စ် အဖွဲ့ဝင် နိုင်ငံများဆိုင်ရာ ခရီးသွားလုပ်ငန်း ပူးဆောင်ရွက်ရေး လုပ်ငန်းစီမံချက်(၂၀၁၆-၂၀၁၈) အပေါ် ဆွေးနွေးခြင်းနှင့် အဆိုပါ လုပ်ငန်းစီမံချက်ပါ ပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment