Wednesday, July 1, 2015

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း စင်ကာပူသမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ ပူးပေါင်း ညှိနှိုင်းရေးနှင့် ပြည်ထဲရေးဝန်ကြီး မစ္စတာ တိုချီဟန်းနှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော် ဇူလိုင် ၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် စင်ကာပူသမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ ပူးပေါင်း ညှိနှိုင်းရေးနှင့် ပြည်ထဲရေးဝန်ကြီး မစ္စတာ တိုချီဟန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နေလည် ၁၂ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးဆောင်ရွက်မှု အခြေအနေများ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးနေမှု အခြေအနေများ၊ နည်းပညာနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသော ဦးမောင်မောင်သိမ်း၊ ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးကိုကိုနိုင်၊ ဒေါ်အေးအေးမူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး စင်ကာပူသမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာရောဘတ်ချွာ လည်းတက်ရောက်သည်။

စင်ကာပူသမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၏ (၆၆) ရက်မြောက်နေ့ အစည်းအဝေးကျင်းပနေမှုအား လေ့လာကြည့်ရှု ကြသည်။

No comments:

Post a Comment