Wednesday, July 1, 2015

ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၆၆) ရက်မြောက်နေ့ကျင်းပ


နေပြည်တော် ဇူလှိုင် ၁
ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၆၆) ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀) နာရီ တွင် ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ ပုဒ်မခွဲ (ဃ) ကို ပြင်ဆင်နိုင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်း ပြောကြားသည်။









လွှတ်တော်နာယက က ရှင်းလင်းရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်တွင် ပါဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၆ ခုနှင့်သက်ဆိုင်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေ မူကြမ်းကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကျော်က လက်မှတ် ရေးထိုး ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပါကြောင်း။
အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂၀၁၅ ခုနှစ် ဇွန် ၂၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ပုံမှန် အစည်းအဝေးတွင် လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ ပြင်ဆင်ရန်တင်သွင်းသည့် ပုဒ်မ၊ ပုဒ်မခွဲ ၆ ခုအနက်မှ ပုဒ်မ ၅၉(ဃ)ကို ထောက်ခံဆန္ဒမဲ ၅၅၆ မဲဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူညီသည့်အတွက် ပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်ရန် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကို ကျင်းပဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ဥပဒေသတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ပုဒ်မ ၅၉ ပုဒ်မခွဲ(ဃ) ပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်ရာတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ သီးခြားလုပ်မည်ဆိုပါက အချိန်၊ လုပ်အား၊ ဘဏ္ဍာငွေအားလုံး ထပ်မံလိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ ပုဒ်မခွဲ(ဃ)ပြင်ဆင်နိုင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပူးတွဲပြုလုပ်နိုင်ရန်အတွက် ပြည်ထောင်စု လွှတ်တော်နာယက က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထံသို့ အကြောင်းကြားစာပေးပို့၍ အဆိုပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် လွှတ်တော်သို့ အသိပေး ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ) နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်များက ဆက်လက်ဆွေးနွေးကြသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇) မှ ဒေါက်တာဗညားအောင်မိုးက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ် တို့ကို တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တို့မှ   လွှတ်တော်ကိုယ်စားလှယ်များ က ရွေးချယ်ပြီး ခန့်အပ်ရမည် ဆိုသည်ကို ထောက်ခံ ပါကြောင်းဖြင့် ဆွေးနွေးသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးကျော်စံဦးက သမ္မတဦးဆောင်သော ဒီမိုကရေစီစနစ် ကျင့်သုံးသောနိုင်ငံများတွင် အစိုးရအဖွဲ့ ဖွဲ့စည်းရေးသည် နိုင်ငံတော်သမ္မတ၏တာဝန်ဖြစ်ပြီး အစိုးရအဖွဲ့တွင် ပါဝင်မည့် ၀န်ကြီးများကို သင့်လျော် သောပုဂ္ဂိုလ်များအား ရွေးချယ်ခန့်ထားခွင့်ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတ အနေဖြင့် လိုအပ်လျှင် သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ ရင့်ကျင့်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များအား ရွေးချယ်ခန့်အပ်တာဝန်ပေးနိုင်သော အခွင့်အလမ်းရရှိရန် လိုအပ်ပါကြောင်း။
ပြည်ထောင်စုဝန်ကြီးတစ်ဦးအနေဖြင့် ယခင်က နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်ခဲ့သော်လည်း ၀န်ကြီးတစ်ဦး ဖြစ်လာသည့် နေ့မှစ၍ ၀န်ကြီးဌာနလုပ်ငန်းတာဝန်များကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း၊ ပါတီ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါက မိမိဝန်ကြီးဌာနရှိ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ပါတီနိုင်ငံရေး နှင့် ဆက်နွယ်လာနိုင်ပါကြောင်းဖြင့် ဆွေးနွေးသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိမ်းဆွေက ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ရွေးကောက်တင်မြှောက်ထားကြသည့် လွှတ်တော်ကိုယ်စားလှယ် အများစုပါဝင်သည့် ကော်မတီအသီးသီးကို ပြည်ထောင်စုအဆင့်အဖြစ် သတ်မှတ်ပေးသင့်ပါကြောင်း သို့မှသာ အချို့ကိစ္စများကို အဆင့်နှင့်အညီ ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထုလိုလား နှစ်သက်မှသာ အကျိုးသက်ရောက်မည် ဖြစ်ပြီး ပြည်သူက လေးစားလိုက်နာမည် ဖြစ်ပါကြောင်း၊ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုမရှိပါက မည်သည့် အစိုးရမျှ လုပ်ငန်းများအောင်မြင်မည် မဟုတ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် တပ်မတော်နှင့် ပြည်သူအကြား ယုံကြည်မှုတည်ဆောက်ရန် အခွင့်အလမ်းကြီး ဖြစ်နေပါကြောင်း၊ ပြည်သူချစ်ခင်လေးစားရသည့် တပ်မတော်ဖြစ်ရန် အခြေအနေ ကောင်းများ ရှိနေပြီဖြစ်သည့်အတွက် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည် များကို တိုင်းပြည်နှင့် ပြည်သူအကျိုးအတွက် ဒီမိုကရေစီယဉ်ကျေးမှုနှင့်အညီ ပြုပြင်ပြောင်းလဲကြရန် တိုက်တွန်းလိုပါ ကြောင်းဖြင့် ဆွေးနွေးသည်။
သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဝင်းခိုင်က အခြေခံဥပဒေကို ပြင်ဆင်ရာတွင် တိုင်းရင်းသား ပြည်သူများလိုလားနေသည့် ဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်နိုင်သည့် အခင်းအကျင်းဖြစ်အောင် ပြင်ဆင်ပေးခြင်း၊ အမျိုးသားပြန်လည် သင့်မြတ် ရေးအခြေခံဖြစ်သည့် ဗဟိုချုပ်ကိုင်မှုနည်းပြီး အာဏာခွဲဝေမှုများအတွက် ပြင်ဆင်ပေးခြင်း၊ တိုင်းရင်းသားများ ဆန္ဒပြုနေသည့် နိုင်ရေးတန်းတူမှုဖြစ်အောင် ပြင်ဆင်ပေးခြင်းများ ပြုလုပ်သင့်ပါကြောင်း၊ သို့မှသာ ပြည်သူများ တောင့်တနေသည့် ပြည်တွင်းပဋိပက္ခများ ရပ်စဲနိုင်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ရနိုင်မည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။               
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးပေါ်လျှံလွင်က အခြေခံဥပဒေကို အားလုံးက စောင့်ထိန်းလိုက်နာရန် တာဝန်ရှိပါကြောင်း၊ ထိုဥပဒေသည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးမရှိ အဟန့်အတားဖြစ်နေမည် ဆိုပါက နိုင်ငံသားများ၏ အကျိုးကိုဦးစားပေး၍ ပြင်ဆင်သင့်သည့်ဥပဒေများကို လွှတ်တော်ကိုယ်စားလှယ် အားလုံး က တူညီသောဆန္ဒဖြင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဖြေလျှော့ပေးရန် လိုအပ်သည့်ဥပဒေများကို ဖြေလျှော့ ပေးရန်လိုအပ်ပြီး တိုးမြှင့်ပေးရန်လိုသည့် ဥပဒေ များကို တိုးမြှင့်ပေးရမည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။

ထို့ပြင် ယင်းဥပဒေမူကြမ်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ) နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ် စားလှယ် (၂၁) ဦးတို့ကလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment