Tuesday, June 30, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ


နေပြည်တော် ဇွန် ၃၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးသိန်းစိန်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီတွင် မွန်ဂိုလီးယားနိုင်ငံအူလန်ဘာတာမြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူး လေယာဉ်ဖြင့်ထွက်ခွာရာ မွန်ဂိုလီးယားနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး H.E. Mr.L. Purevsuren ၊မြန်မာ နိုင်ငံဆိုင်ရာ မွန်ဂိုလီးယား သံအမတ်ကြီး H.E. Mr. Ch. Battumur ၊ မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ အာရှ-အရှေ့အလယ်ပိုင်းနှင့် အာဖရိကဌာန ညွန်ကြားရေးမှူး Mr. N. Naranbat ၊ သံတမန်ရေးရာဌာန ညွန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Chinggis Khan အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။


နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် နေပြည်တော်သို့ နံနက် ၁၁နာရီခွဲ တွင်  ပြန်လည်ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့်ဦးဉာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် တာဝန် ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးရဲထွဋ်၊ ဒေါက်တာမြင့်အောင်၊ ဒေါက်တာ ကံဇော်၊ ဦးဌေးအောင်၊ စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် ကိုကိုနိုင်နှင့် နေပြည်တော် ကောင်စီဝင် ဦးကံချွန်တို့ ပြန်လည်လိုက်ပါလာကြသည်။
မြန်မာ -မွန်ဂိုလီးယား သံတမန်ဆက်သွယ်မှုကို ၁၉၅၆ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် သာမန်ဆက်ဆံမှုသာ ရှိခဲ့သော်လည်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရသစ်တာဝန်ယူပြီး နောက်ပိုင်းတွင် ပိုမိုရင်းနှီး နွေးထွေးသည့် ဆက်ဆံမှုများရှိလာခဲ့ရာ မွန်ဂိုလီးယားနိုင်ငံ သမ္မတ မစ္စတာ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ် ယာဒ်နှင့် ဇနီးတို့သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ၂၀၁၅ ခုနှစ် ဇွန် ၂၈ ရက်မှ ၃၀ ရက်အထိ မွန်ဂိုလီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး အပြန်အလှန် သွားရောက်ခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်းမွန်ဂိုလီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် လူမှုစီးပွား ပြုပြင် ပြောင်းလဲရေး ကြိုးပမ်းအား ထုတ်မှုများတွင် ဆက်လက်အားပေးထောက်ပံ့သွားရန် အသင့်ရှိကြောင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ဈေးကွက် စီးပွားရေးစနစ် ပြောင်းလဲမှု ကာလများ အတွင်း တွေ့ကြုံခဲ့ရသည့် အတွေ့ အကြုံများနှင့် သင်ခန်းစာများ မျှဝေရာတွင် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မွန်ဂိုလီးယားနိုင်ငံအနေဖြင့် ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပခြင်းဆိုင်ရာ အတွေ့အကြုံများကို ဖလှယ် သွားရန်နှင့် မွန်ဂိုလီးယား နိုင်ငံမှ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့များ မြန်မာနိုင်ငံသို့စေလွှတ်ရန် နှစ်ဖက်သက် ဆိုင်ရာ တာဝန်ရှိသူများအကြား ပူးပေါင်းဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ၊ သတင်းအချက်အလက်နှင့် ကျွမ်းကျင် သူများဖလှယ်ရေး၊ ကုန်သွယ်ရေး၊ သတ္တုကဏ္ဍ၊ ကမ္ဘာလှည့်ခရီးသွားလာရေးကဏ္ဍ၊ ယဉ်ကျေးမှု နှင့် စီးပွားရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝသယံဇာတ များကို သင့်လျော်စွာ အသုံးချရေး၊ ဥပဒေရေးရာ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဘူမိဗေဒဆိုင်ရာ တူးဖော်မှုတွင် ကျွမ်းကျင်မှုဖလှယ်ရေးနှင့် အရင်း အမြစ် တူးဖော်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေးလုပ်ငန်းစဉ်(EITI) မူဘောင် အတွင်း ပူးပေါင်း ဆောင်ရွက် သွားရေး စသည့် ပူးပေါင်းဆောင်ရွက်မှု အခွင့် အလမ်းများကို သဘောတူညီခဲ့ကြပြီး အောက်ပါ စာချုပ် စာတမ်းများ လက်မှတ် ရေးထိုးခဲ့ကြသည်-
(က)      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မွန်ဂိုလီးယားနိုင်ငံတို့ အကြား ခရီးသွားလာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်၊
(ခ)        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နေပြည်တော်ကောင်စီနှင့် မွန်ဂိုလီးယားနိုင်ငံ၊ အူလန် ဘာတာ မြို့တော် ကောင်စီတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊
(ဂ)        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မွန်ဂိုလီးယားနိုင်ငံအမျိုးသားကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတို့ အကြား နားလည်မှုစာချွန်လွှာ၊

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် မွန်ဂိုလီးယားနိုင်ငံ တို့၏ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် လာမည့် ၂၀၁၆ ခုနှစ်တွင် နှစ်(၆၀) ပြည့်မြောက်မည်ဖြစ်သည်။

No comments:

Post a Comment