Monday, June 29, 2015

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်းများ၏ Mobile Radio သတင်းအစီအစဉ်ကို တိုင်းရင်းသားဘာသာ (၁၁) မျိုးဖြင့် ထုတ်လွှင့်မည်



နေပြည်တော် ဇွန် ၂၈
ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် Blue Ocean Operating Management Company Limited တို့ ပူးပေါင်း၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းများကို Mobile Phone များတွင် အလွယ်တကူ နားဆင်နိုင်ရန်အတွက် Mobile Radio အစီအစဉ်ကို  ၂၀၁၅ ခုနှစ် မေလ ၁၅ ရက်နေ့တွင် စတင်ကာ နေ့စဉ် နံနက် ၈ နာရီ၊ မွန်းလွဲ ၁ နာရီ၊ ည ၇ နာရီတို့တွင် တစ်နေ့(၃)ကြိမ်စီ ထုတ်လွှင့်လျက်ရှိသည်။

ယခုအခါ နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ Public access to information ကို ပိုမိုကျယ်ပြန့်စွာ ရရှိနိုင်စေရန်အတွက် Mobile Radio သတင်းထုတ်လွှင့်မှုကို တိုင်းရင်းသားဘာသာ စကားများဖြင့်ပါ တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်သည်။
တိုင်းရင်းသားဘာသာ Mobile Radio သတင်း အစီအစဉ်များအဖြစ် ကချင်ဘာသာ၊ ကယားဘာသာ၊ စကောကရင်ဘာသာ၊ အနောက်ပိုးကရင်ဘာသာ၊ အရှေ့ပိုးကရင်ဘာသာ၊ ချင်း(လိုင်ဇိုး)ဘာသာ၊ ချင်း (ချိုး)ဘာသာ၊ မွန်ဘာသာ၊ ရခိုင်ဘာသာ၊ ရှမ်းဘာသာ၊ “ ၀” ဘာသာ စသည့် တိုင်းရင်းသားဘာသာ (၁၁)မျိုး ဖြင့် စက္ကန့် ၉၀ စာသတင်းများကို ၂၀၁၅ ခုနှစ် ဇူလိုင်လ  ၁ ရက်နေ့တွင်စတင်ကာ နေ့စဉ် တစ်နေ့(၃)ကြိမ်စီ ထုတ်လွှင့် သွားမည်ဖြစ်သည်။
ယင်းသို့ထုတ်လွှင့်ရာတွင် ကချင်ဘာသာ၊ ကယားဘာသာနှင့်  စကောကရင်ဘာသာတို့ကို နံနက် ၈ နာရီ၊ မွန်းလွဲ ၁ နာရီ၊ ည ၇ နာရီတို့တွင် လည်းကောင်း၊ အနောက်ပိုးကရင်ဘာသာ၊ မွန်ဘာသာ၊ ရခိုင်ဘာသာ နှင့် ချင်း(ချိုး)ဘာသာတို့ကို နံနက် ၉ နာရီ၊ မွန်းလွဲ ၂နာရ၊ီ ည ၈နာရီတို့တွင်လည်းကောင်း၊ အရှေ့ပိုးကရင်ဘာသာ ၊ ချင်း(လိုင်ဇိုး)ဘာသာ၊ ရှမ်းဘာသာနှင့် “ဝ” ဘာသာတို့ကို နံနက် ၁၀ နာရီ၊ ညနေ ၃ နာရီ၊ ည ၉ နာရီတို့တွင်လည်းကောင်း အသီးသီးထုတ်လွှင့်သွားမည်ဖြစ်ပြီး နားဆင်လိုသူ မိဘပြည်သူများအနေဖြင့် ဖုန်းနံပါတ် ၀၁-၂၃၉၉၁၀၃ ကိုခေါ်ဆို၍ Subscribe လုပ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်းများကို အလွယ်တကူ နားဆင်နိုင်ကြမည်ဖြစ်သည်။
အဆိုပါ တိုင်းရင်းသားဘာသာ Mobile Radio  သတင်းအစီအစဉ်များတွင် နောက်ဆုံးရ ပြည်တွင်း သတင်းများ၊ ဒေသဆိုင်ရာသတင်းများ၊ နိုင်ငံတကာ သတင်းများ၊ အားကစားသတင်းနှင့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု၊ အနုပညာဆိုင်ရာ စိတ်ဝင်စားဖွယ်သတင်းများကို  နားဆင်ကြရမည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်းများကို Mobile Phone  များတွင် အလွယ်တကူ နားဆင်နိုင်သည့် Mobile Radio သတင်းအစီအစဉ်များနှင့် စပ်လျဉ်း၍မေးမြန်းစုံစမ်းလိုပါက ပြန်ကြားရေးဝန်ကြီးဌာန၏ Call Center ဖုန်းနံပါတ် ၁၈၈၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

No comments:

Post a Comment