Sunday, June 28, 2015

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ




နေပြည်တော်  ဇွန်  ၂၈
သစ်ပင်များကို စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြန်လည်ရှင်သန်အောင် လုပ်ဆောင်ခြင်းသည် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ရှိနေကြောင်း၊ ယခုသစ်ပင် စိုက်ပျိုးပွဲသည် ယခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုးရေးအတွက် တပ်လှန့်နှိုးဆော်ခြင်းပင် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်(၇)နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်အနီး၌ ကျင်းပသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား၌ ပြောကြားသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးရှိ ရုံး/ဌာနများမှ အရာရှိ၊စစ်သည်၊မိသားစုများ တက်ရောက်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ် ခရေပင်နှင့် ကံ့ကော်ပင်များကို စိုက်ပျိုးပေးသည်။
ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်းအနားတက်ရောက် လာကြသူများက စိုက်ပျိုးပင်များအား သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် အရာရှိ၊စစ်သည်၊မိသားစုများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
ယနေ့ကျင်းပသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ ၂၀၁၅ ခုနှစ် ပထမ အကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင် ၂၀၁၀ ၊ ပျဉ်းကတိုးပင် ၁၀၀၀ ၊ ပိတောက်ပင်  ၅၀၀ ၊ ရေမနေပင် ၂၀၀ ၊ ယင်းမာပင် ၅၀၀ ၊ မဟော်ဂနီပင် ၂၀၀ နှင့် သစ်ဆိပ်ပင် ၆၀၀ စုစုပေါင်း အပင် ၅၀၀၀ ကို စုပေါင်းစိုက် ပျိုးကြသည်။
အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေများတွင်လည်း မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲများကို ယနေ့နံနက်ပိုင်းတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပပြုလုပ်ကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၃၃၃၇၃ ပင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် ၄၉၀၈၁ ပင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၁၇၈၂၇ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၂၃၄၆၇ ပင်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်နယ်မြေတွင် ၂၃၇၁၂ ပင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၁၅၁၆၄ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၂၈၅၃၉ ပင်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၂၉၈၀၅ ပင်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်နယ်မြေတွင် ၅၂၃၃၃ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၂၁၄၂၈ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၁၆၅၃၆ ပင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေတွင် ၂၀၁၈၃ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၂၀၈၇၃ ပင်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၄၅၀၃၉ ပင်ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊စစ်သည်နှင့် မိသားစုများက စိုက်ပျိုးခဲ့ကြပြီး တပ်မတော် တစ်ရပ်လုံးအနေဖြင့် ယနေ့စိုက်ပျိုးမှုစုစုပေါင်းမှာ ၃၉၇၂၇၀ ပင်ဖြစ်သည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)အနေဖြင့် ၂၀၁၁ ခုနှစ်တွင် ၁၈၇၅၇ ပင်၊ ၂၀၁၂ ခုနှစ်တွင် ၁၅၅၀၀၊ ၂၀၁၃ ခုနှစ်တွင် ၁၅၀၀၀ နှင့် ၂၀၁၄ ခုနှစ်တွင်  ၁၄၀၀၀ ပင် စိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ဆက်လက်ပြုလုပ်၍ ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(မြ၀တီ)

No comments:

Post a Comment