Friday, June 26, 2015

ဂျပန်နိုင်ငံတွင် ကျင်းပမည့် Miss International 2015 ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြု အလှမယ် တစ်ဦး စေလွှတ်မည်

ရန်ကုန် ဇွန် ၂၅
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ဦးဆောင်၍ Miss Myanmar International အလှမယ် များကို ၂ဝ၁၂ ခုနှစ်မှ စတင်ကာ နှစ်စဉ် ရွေးထုတ်ပေးလျက်ရှိရာ ယခုနှစ်တွင်လည်း စတုတ္ထမြောက် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် တစ်ဦးကိုရွေးချယ်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည့် Miss International 2015ပြိုင်ပွဲသို့ စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ အလှမယ်ပြိုင်ပွဲလောကသို့ တစ်ကျော့ ပြန် စတင်ဝင်ရောက်ခဲ့သည့် Miss International ပြိုင်ပွဲကို ၂ဝ၁၂ ခုနှစ် မှစတင်ရွေးချယ်စေလွှတ်ခဲ့ရာ ယခု ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် မနန်း ခင်ဇေယျာက စတင်သွားရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၃ ခုနှစ်တွင် ဂုဏ်ရည် အေးကျော်နှင့် ၂ဝ၁၄ ခုနှစ်တွင် 1st Runner Up ရရှိသည့် မေဘဏီသော်က မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်သည်။ ၂ဝ၁၄ ခုနှစ်တွင် Winner ဆုပိုင်ရှင် ခင်ဝေဖြိုးဟန်မှာ အသက်မမီသဖြင့် ပြိုင်ပွဲနှင့် လွဲချော် ခဲ့ရသည်။ ယခု ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၅ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ (၅၅)ကြိမ်မြောက် ကျင်းပမည့် Miss International 2015 ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်နိုင်မည့် အလှ မယ်တစ်ဦးကို စေလွှတ်နိုင်ရန် နိုင်ငံ တစ်ဝန်းမှ ဆယ်ကျော်သက် လှပျိုဖြူ များ စတင် လျှောက်ထားနိုင်ပြီ ဖြစ်သည်။
''ကျွန်မ Miss Myanmar Int-ernational 2013 ရဲ့ Winner တစ်ဦးအနေနဲ့ ပြောရရင် ခုလာမယ့် ၂ဝ၁၅ ပြိုင်ပွဲမှာ မျိုးဆက်သစ် မြန်မာ အမျိုးသမီးတွေ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်သင့်တဲ့ ပြိုင်ပွဲလို့ မြင်ပါတယ်။ ဘာကြောင့် ကျွန်မဒီလို ပြောရလဲဆိုရင် ဒီပြိုင်ပွဲကရလာမယ့် သင်ခန်းစာတွေ၊ အတွေ့အကြုံ ကောင်းတွေက အမျိုးသမီးတစ်ဦး အနေနဲ့ ဘဝကို ဖြတ်သန်းတဲ့အခါမှာ ယုံကြည်ချက် အပြည့်အဝ ပေးနိုင်ပါ တယ်။ အခုဆိုရင် ကျွန်မအရင် Winner ဖြစ်ခဲ့တဲ့ မနန်းခင်ဇေယျာ ဆိုရင် ယုံကြည်ချက် အပြည့်ရှိတဲ့ ရုပ်ရှင်မင်းသမီး တစ်ယောက် ဖြစ်နေပါပြီ။ ခုလာမယ့် နှစ်တွေမှာ ကျွန်မတို့တုန်းကနဲ့ မတူတော့ပါဘူး။ ကျွန်မတို့တုန်းက အာဆီယံ အဆင့်လောက်ပဲ အတွေ့အကြုံ ယူခွင့်ရခဲ့ပေမယ့် ခုနောက်ပိုင်း ကမ္ဘာနဲ့ ရင်ပေါင်တန်းပြီး အနောက်နိုင်ငံတွေ အထိပါ ကျယ်ပြန့် လာတာကြောင့် နိုင်ငံတစ်ဝန်း အနာဂတ် မျိုးဆက်သစ် အမျိုးသမီး တွေအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်သင့်တယ်လို့ ထင်ပါတယ် မြင်ပါတယ်''ဟု Miss Myanmar International 2013 ခုနှစ် winner ဆုရှင်အလှမယ် ဂုဏ်ရည်အေးကျော်က ဇွန် ၂၄ ရက် တွင် ရန်ကုန်မြို့ Summit Parkview Hotel ၌ ကျင်းပသည့် မီဒီယာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်က Winner ဆုရရှိခဲ့သည့် အလှမယ် ခင်ဝေဖြိုးဟန်သည် Miss International 2014 ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိသော်လည်း ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သော အာဆီယံ ခရီးသွားပြပွဲနှင့် မတ်လ အတွင်းက ဂျာမဏီနိုင်ငံ၌ ပြုလုပ်ခဲ့ သည့် ကမ္ဘာ့အကြီးဆုံး ခရီးသွားပြပွဲ ITB Berlin 2015 တွင် မြန်မာ့ခရီး သွားလုပ်ငန်း မြှင့်တင်ရေး လုပ်ငန်း၌ ပါဝင် ဆောင်ရွက်ခွင့် ရခဲ့သည်။
''ကျွန်မတို့ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ် အမျိုးသမီးလေးတွေကို အခုလိုကမ္ဘာ့အဆင့်မီ Miss ပြိုင်ပွဲတွေကို စေလွှတ်တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ကဏ္ဍတွေမှာ တစ်တပ် တစ်အား ပါဝင်လာဖို့ရယ်၊ မြန်မာနိုင်ငံရဲ့ ရိုးရာအမွေအနှစ်၊ လှပတဲ့ ရှုခင်းတွေနဲ့ ယဉ်ကျေးမှုတွေကို ကမ္ဘာက သိအောင် ဖော်ထုတ် ချင်တာကြောင့် အခုလိုနှစ်စဉ်မပျက် Miss International ပွဲတွေကို အဆက်မပြတ် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်''ဟု ပြိုင်ပွဲဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဒေါ်တင်မာမြင့်က ပြောသည်။
Miss Myanmar International 2015 ပြိုင်ပွဲကြီးကို ဩဂုတ် ၃ဝ ရက်တွင် ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)

ဓာတ်ပုံ- မိုးမခ

No comments:

Post a Comment