Saturday, June 27, 2015

မြန်မာ့ရိုးရာယဉ်ကျေးမှုကို ပုံဖော်သည့်ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲဖြင့် မြန်မာအမျိုးသမီးများ၏အလှကို ဖော်ထုတ်မည်




ရန်ကုန် ဇွန် ၂၆
 
နုနယ်ပျိုမျစ်သည့် အမျိုးသမီးငယ်လေးများ စင်မြင့်ထက်တွင် နေရာယူ သည့်အခါ လာရောက်ကြည့်ရှု သူများထံမှ လက်ခုပ်သံ များ မြည်ဟိန်းထွက် ပေါ်လာသည်။ မြန်မာတို့၏ ယဉ်ကျေးမှုနှင့် ဝတ်စားဆင်ယင်မှု သမိုင်းသည် အလွန်အဆင့်အတန်း မြင့်မားခဲ့ သည့်နည်းတူ သစ်လွင်ဆန်းသစ်သည့် မြန်မာ့တိုင်းရင်းသား ရိုးရာ ဝတ်ဆင်မှုများသည် လာရောက်ကြည့်ရှုသူများ၏ ရင်ကိုအေးမြစေသည်။
 
မြန်မာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့က ကျင်းပသော အမျိုးသမီး ဝတ်စားဆင်ယင်မှုပြပွဲကို ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ဇွန် ၂၇နှင့် ၂၈ ရက် ညနေ ၆ နာရီတွင် ပြသ မည်ဖြစ်ပြီး ယနေ့မွန်းလွဲ ၁ နာရီက တက္ကသိုလ် ကျောင်းများနှင့် အခြေခံ ပညာကျောင်းများမှ အမျိုးသမီးငယ်လေးများ အပါအဝင် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကို အထူးပွဲအဖြစ် တင်ဆက်ပြသခဲ့သည်။

''မြန်မာ အမျိုးသမီးတွေဟာ ခေတ်ကာလနဲ့ လိုက်လျောညီထွေစွာ ဝတ်ဆင်ကြရပါတယ်။ ခေတ်မီတိုး တက်လာတာနဲ့ အပြိုင် နိုင်ငံတကာ ယဉ်ကျေးမှုတွေက မြန်မာအမျိုးသမီး တွေရဲ့ စိတ်နေစိတ်ထားနဲ့ ဝတ်စား ဆင်ယင်မှုတွေကိုပါ ထိုးဖောက် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ အမျိုးသမီးလေးတွေ အနေနဲ့ နိုင်ငံတကာ ယဉ်ကျေးမှုကို အမီလိုက်ဖို့ လိုအပ် သလို မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီပြီး ကိုယ့်တိုင်းပြည် ရာသီဥတု၊ နေထိုင်ရာပတ်ဝန်းကျင်နဲ့ လိုက်ဖက် လျော်ညီတဲ့ဝတ်စုံတွေကို ဝတ်ဆင်ကြဖို့ လိုအပ်ပါတယ်။ ကျွန်မတို့လေ့လာ မိခဲ့တာက နိုင်ငံတကာ ဖက်ရှင်တွေနဲ့ အပြိုင် မြန်မာတိုင်းရင်းသားရိုးရာ ဝတ်စုံတွေဟာ လူငယ်တွေအကြားမှာ နေ့စဉ် ဝတ်ဆင်လာကြတာကို ပြန်လည် တွေ့ရှိခဲ့ပါပြီ။ ဈေးဝယ် စင်တာ တွေ ရှော့ ပင်းမောလ်တွေမှာ မြန်မာတိုင်းရင်းသား ရိုးရာဝတ်စုံတွေ အသင့် ချုပ်လုပ်ပြီး လူကြိုက်များလာတာကို ကြည့်ရင် ကျွန်မတို့အနေနဲ့ ၁၂ နှစ် တိုင်တိုင် ကြိုးစားဖော်ထုတ်ပေးခဲ့တဲ့ အမျိုးသမီးများ ဝတ်စားဆင်ယင်မှု ပြပွဲရဲ့ အောင်မြင်မှုတွေပါပဲ''ဟု ပွဲစီစဉ်သူတစ်ဦး က ပြောကြားသည်။

မြန်မာအမျိုးသမီးများ၏ ပုဂံ၊ အင်းဝ၊ ပင်းယ၊ တောင်ငူ၊ ညောင်ရမ်း နှင့် ကုန်းဘောင်ခေတ် အဆက်ဆက်မှ သည် ယနေ့တိုင် သေသပ်လှပစွာ ဝတ်စားဆင်ယင်ခဲ့ကြပုံများကို အနုပညာရှင်များနှင့် အလှမယ်များက ခေတ်အဆင်နှင့် ယနေ့အသွင် အစီအစဉ်ဖြင့် တင်ဆက်ဖျော်ဖြေရာ လှပခံ့ညားသော မြန်မာ အမျိုးသမီးများ၏ ပုံရိပ်နှင့် အတုယူဖွယ်ဝတ်စား ဆင်ယင်မှုများ ကို မြင်တွေ့ကြရသည်။

နိုင်ငံ၏ ရာသီဥတုနှင့် လိုက်ဖက် လျော်ညီစေမည့် ဝတ်စားဆင်ယင်မှု ဖြစ်သော ဆောင်းရာသီဖက်ရှင်တွင် ခြုံထည်များဖြင့် ဆင်ယင်ထုံးဖွဲ့ခြင်း၊ နွေရာသီတွင် ရိုးရာချည်ထည်များ ဝတ်ဆင်ခြင်းဖြင့် အသွင်သစ်ဖြင့် ဖက်ရှင်ကျနစေမည့် ဆင်ယင်ထုံး ဖွဲ့ခြင်းနှင့် မိုးရာသီနှင့် လိုက်လျောညီ ထွေရှိစေမည့် ပါးလွှာအေးမြသော ပါတိတ်အထည်ဆန်းများ ဝတ်ဆင်ခြင်းတို့ကို သုံးရာသီ အလှသဘာဝ အစီအစဉ်တွင် ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။

''ဒီနှစ်မှာ ထူးခြားပါတယ်။ ကျွန်မတို့တွေက ဟာသလူရွှင်တော်တွေအဖြစ် သရုပ်ဆောင်ကြမှာပါ။ မြန်မာ အမျိုးသမီး တစ်ယောက် အနေနဲ့ မြန်မာဝတ်စုံကို ဝတ်ရတာ ကြိုက်နှစ်သက်ပါတယ်။ လုံချည်ဝတ် ထားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် လုံခြုံမှု ရှိတယ်၊ လှပ တယ်၊ ပွဲလယ်တင့်တယ်လို့ ခံစားရပါတယ်။ ဒီပွဲမှာ မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုတွေနဲ့ ဖျော်ဖြေမှာဖြစ်သလို အကယ်ဒမီ ရွှေ ပန်းချီ အငြိမ့်မှာ ကျွန်မနဲ့အတူ မြတ်ကေသီ အောင်၊ ဆုပန်ထွာ၊ စိုးမိုးကြည်နဲ့ ခိုင်သင်းကြည်တို့ကလည်း လူရွှင်တော် အဖြစ် ဖျော်ဖြေမှာ ဖြစ်ပြီး ဂျင်းနီနဲ့ ချောရတနာတို့က မြန်မာအကနဲ့ ဖျော်ဖြေပေးပါမယ်။ ကျွန်မတို့တွေရဲ့ ဖျော်ဖြေမှုတွေကို ပရိသတ်ကြီး ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။ အနုပညာရှင်တွေနဲ့ မော်ဒယ်လ် အလှမယ်လေးတွေကိုလည်း ကျွန်မအနေနဲ့ ပြောကြားလိုတာက ကျွန်မတို့တွေကို ရုပ်မြင်သံကြားတွေ၊ မီဒီယာတွေကနေ အမြဲတမ်း ချစ်ခင်အားပေးနေကြ တဲ့ မြန်မာ အမျိုးသမီးလေးတွေအတွက် အတုယူဖွယ်ဖြစ်အောင် ဝတ်စားဆင်ယင်ဖို့ လိုအပ်သလို သင့်လျော်တဲ့ ဝတ်စား ဆင်ယင်မှုတွေဖြစ်ဖို့လည်း အမြဲတမ်း ဂရုပြုဖို့ အလေးအနက် တိုက်တွန်းပါတယ်''ဟု အကယ်ဒမီ စိုးမြတ်သူဇာ က ပြောကြား သည်။

ထို့အပြင် ဂီတသည် ကမ္ဘာသုံး ဘာသာစကားဖြစ်ပြီး ယဉ်ကျေးမှု ဖလှယ်ရာတွင် အလျင်မြန်ဆုံး ပျော်ဝင် စီးဆင်းနိုင်ခြင်းကို အခြေခံကာ တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည် ရင်းနှီးစွာ ကူးလူးဆက်ဆံခြင်းဖြင့် ပိုမိုညီညွတ်သော ပြည်ထောင်စုအဖြစ် တည်ဆောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ထည့်သွင်း တင်ဆက်ထားသော သံစဉ်ဖလှယ် ဂီတညီအစ်မအစီအစဉ် ဖြင့် အနုပညာရှင်များနှင့် အမျိုးသမီး တိုင်းရင်းသူအဆိုရှင်များက ဖျော်ဖြေခြင်းနှင့် ရိုးရာအကများဖြင့် တင်ဆက်ခြင်းတို့ကိုလည်း ထည့် သွင်းတင်ဆက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖျော်ဖြေပွဲတွင် အမျိုးသမီးအနုပညာရှင် ၆ဝ ကျော်၊ အလှမယ် ၃၅ ဦးတို့အပါအဝင်၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသူလေးများက စုပေါင်း တင်ဆက်ခဲ့ကြခြင်းဖြစ်ပြီး အမျိုးသမီး များ၏ ဝတ်စုံများကို ဒီဇိုင်နာ မချောစု၊ မသဇင်ခင်၊ မဝါဝါကျော်နှင့် မအမ်လီ မိုးတို့က ချုပ်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

အထူးပွဲပြသခြင်းအခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ ချုပ်မှ နာယက ဒေါ်နီနီဝင်းနှင့် ဒေါ်ခင်မိမိ၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပါမောက္ခ ဒေါ်ခင်မာထွန်းနှင့် ဒုတိယဥက္ကဋ္ဌ ဒေါ်တင်တင်လတ်နှင့် ဒေါ်ခင်မေစိုး အပါအဝင် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေ သကြီး အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်ခင်သက်ဌေး၊ ဒေါ်သင်းသင်းမြနှင့် ဒေါ်ခင်အေးနွယ်၊ ဥက္ကဋ္ဌ ဒေါ်ဆွေဆွေလတ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် အဖွဲ့အစည်းအသီးသီးမှ ဖိတ်ကြားထား သူများအပြင် အခြေခံ ပညာကျောင်းများနှင့် တက္ကသိုလ် အသီးသီးမှ ကျောင်းသူ ၁ဝဝဝ ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်က ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့သို့ ငွေကျပ် သိန်း၁၅ဝကို ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများက (၁၂)ကြိမ်မြောက် အောင်မြင်စွာ ကျင်းပလျက်ရှိသည့် မြန်မာအမျိုး သမီးများနေ့အထိမ်းအမှတ် ဝတ်စား ဆင်ယင်ထုံးဖွဲ့မှုပြပွဲကြီးတွင် ကူညီပေးခဲ့ကြသူများအား ဂုဏ်ပြုပန်းချီ ကားနှင့် ပန်းစည်းများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

''အခမ်းအနားက အလွန်ကြီးကျယ်ပါတယ်။ ကျွန်မပါဝင်ခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူပါတယ်။ အခုနောက်ပိုင်းမှာ ပြည်ပကို အလှမယ်တွေ သွားယှဉ်ပြိုင်ကြတဲ့အခါ နိုင်ငံတကာ ဖက်ရှင်နဲ့ ယှဉ်ပြိုင်ကြရသလို ရိုးရာဝတ်စုံတွေကို ဆန်းသစ်ထားတဲ့ ဒီဇိုင်းတွေနဲ့လည်း ယှဉ်ပြိုင်ရပါတယ်။ မကြာခဏလည်း ကျွန်မ တို့မြန်မာအမျိုးသမီးတွေရဲ့ တိုင်းရင်းသားရိုးရာ ဝတ်စုံတွေကြောင့် ကမ္ဘာ့ အလယ်မှာ အလှပေါ်အယဉ်ဆင့်လို့ မော်ကြွားခွင့်ရခဲ့တယ်။ ရိုးရာဝတ်စား ဆင်ယင်မှုကို ဆန်းသစ်ဖို့ ကြိုးပမ်း ပြင်ဆင် ထားတာမို့ လာရောက်ကြည့်ရှု ဖို့ဖိတ်ခေါ်ပါတယ်''ဟု အလှမယ် မိုးစက်ဝိုင်က ပြောကြားသည်။

သတင်း-ခင်ရတနာ၊
ဓာတ်ပုံ-တင်စိုး

No comments:

Post a Comment