Saturday, June 27, 2015

ရထားစက်ခေါင်းသစ် ၃၁ ခု ထပ်မံဖြည့်တင်းမည်


ရန်ကုန် ဇွန် ၂၆

ရထားစီးခရီးသည်များ သွားလာရေးလွယ်ကူချောမွေ့စေရန်အတွက် မီးရထားစက်ခေါင်းသစ် ၃၁ ခုကို ယခုဘဏ္ဍာနှစ်အတွင်း ဝယ်ယူဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

''ဒီနှစ်ထဲမှာ စက်ခေါင်းတွဲ ၃၁ လုံး ဝယ်ယူဖြည့်တင်းသွားဖို့ ရှိပါတယ်။ စက်ခေါင်းတွေကိုတော့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကနေ ဝယ်ယူသွားမှာ ပါ။ တရုတ်နိုင်ငံကနေ မှာယူထားတဲ့ စက်ခေါင်းတွဲတွေအနက် ၁၁ လုံးက တော့ အောက်တိုဘာလအတွင်း ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်'' ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


မြန်မာ့မီးရထားအနေဖြင့် ပြည်သူ များ ခရီးသွားလာမှု လွယ်ကူစေရေး အတွက် မီးရထားစက်ခေါင်းသစ်များ ဖြည့်တင်းခြင်းအပြင် တွဲဆိုင်းများ ပြုပြင်ခြင်းနှင့် အစားထိုးလဲလှယ်ခြင်း၊ မီးရထားလမ်းများ အဆင့်မြှင့်တင် ခြင်း၊ တိုးချဲ့ခြင်းများကိုလည်း ဆောင် ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ရထားလမ်းအရှည် မိုင်ပေါင်း ၄၇၅ဝ ခန့်ရှိကာ လူစီးရထား၊ ကုန်တွဲရထား၊ သစ်တင်ရထား၊ ကျောက်တွဲရထား စသည်ဖြင့် ရထားစီးရေ ၃ဝဝ ကျော်ဖြင့် နေ့စဉ်ပြေးဆွဲပေးလျက်ရှိ ကြောင်း သိရသည်။

ထို့အပြင် လူဦးရေ ခုနစ်သန်းခန့် နေထိုင်သည့် ရန်ကုန်မြို့တွင် မြို့တွင်း ခရီးသွားလာမှု ချောမွေ့စေရန် အတွက် မြို့ပတ်ရထားများကို အဆင့် မြှင့်တင်လျက်ရှိရာ ရထားတွဲများ ပိုမို သပ်ရပ်ကောင်းမွန်လာသည့်အပြင် အဲယားကွန်းပါ RBE  ရထားတွဲသစ် များကိုပါ တိုးချဲ့ပြေးဆွဲလျက်ရှိသည်။ မြို့ပတ်ရထား လမ်းတစ်လျှောက် ဘူတာများ အဆင့်မြှင့်တင်ခြင်းနှင့် သန့်ရှင်းလှပရေးတို့ကိုလည်း ဆောင် ရွက်လျက်ရှိသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေါ်ပေါက်လာပြီးနောက် ရန်ကုန်မှ မန္တလေးသို့ သွားသူများအနေဖြင့် အချိန်ကုန်နှင့် လူပင်ပန်းသက်သာသည့် အဝေးပြေးခရီးသည်တင်ဘတ်စ်ကား များကို အဓိကထား၍ အသုံးပြုလာ ကြရာ မြန်မာ့မီးရထားအနေဖြင့် အမြန်နှုန်း ပိုမိုခုတ်မောင်းနိုင်သည့် စက်ခေါင်းတွဲသစ်များ တပ်ဆင်၍ ရထားစီးချိန်ကို လျှော့ချနိုင်ရန်လည်း ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment