Saturday, June 27, 2015

ယဉ်ကျေးမှု တာဝန်ကျေပွန်သူများအား ဂုဏ်ပြုချီးမြှင့်


ရန်ကုန် ဇွန် ၂၆

ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက ယဉ်ကျေးမှု တာဝန်ကျေပွန် ခဲ့သူများအား ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် ဆင်ရွာမှ ကျောက်စာ၊ စောလူးမင်းကျောက်စာ၊ မြနဒီ ကျောက်စာ အပါအဝင် ရှေးဟောင်း ကျောက်စာများမှ ပုဂံခေတ်မတိုင်မီ ကာလဆိုင်ရာ သုတေသနပြု တွေ့ရှိချက်များ ဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကမ္ဘောဇ ရိပ်သာ ချင်းချောင်းနန်းတော်၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။
 
အခမ်းအနားတွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ယဉ်ကျေးမှုအမွေ အနှစ်များ၏တန်ဖိုးနှင့် တစ်မျိုးသား လုံးဂုဏ်ယူမြတ်နိုးရမည့် အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များအကြောင်း၊ ရှေးဟောင်း သုတေသနပညာနှင့် ပတ်သက်၍ ဆောင်းပါးများရေးသားကာ အများပြည်သူ သို့ အသိပညာ ဖြန့်ဝေခဲ့သော စာရေးဆရာ မောင်သာ (ရှေးဟောင်းသုတေသန)နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ ဝန်ထမ်း များအပါအဝင် မျိုးဆက်သစ်လူငယ် များအား လက်ဆင့်ကမ်း မျှဝေ သင်ကြားပေးခဲ့သော ပျူကျောက်စာ ပညာရှင် ဦးစိန်ဝင်း (ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ ဥပဒေရေးရာ ဆောင်းပါးများ ရေးသား၍ အသိပညာ ပေးဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့သော ဥပဒေ အကြံပေး ဦးဟန်ညွန့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရွာငံမြို့နယ် ကမ်းပါးနီ ကျောက် နံရံ ပန်းချီကိုတွေ့ရှိပြီး တာဝန်သိသိ သတင်းပေးပို့ခဲ့သူ မြစ်သားမြို့နယ် တောတွင်း ကျေးရွာနေ ဦးဝင်းဘို၊ မန္တလေး တိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် ဆင်ရွာမှ ရှေးဟောင်း ပျူကျောက်စာ တွေ့ရှိသူ ဦးထူး (တောင်သူ၊ ဆင်ရွာ) တို့အား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ ပေတောကျောင်း တိုက်အတွင်းမှ တွေ့ရှိရသော စောလူးမင်း ကျောက်စာ၊ သာစည် မြို့နယ် ဆင်ရွာမှ တွေ့ရှိရသော ရှေးဟောင်းပျူကျောက်စာ၊ မန္တလေး တိုင်းဒေသကြီး မြစ်သားမြို့ ရေမုဋ္ဌော ဘုရားဝင်း အတွင်း ထိန်းသိမ်းထားသော မြနဒီပျူ ကျောက်စာများကို အခြေခံကာ ပုဂံခေတ် မတိုင်မီ အစောပိုင်းကာလဆိုင်ရာ သုတေသ နပြု ဖော်ထုတ်တွေ့ရှိချက်များနှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

ခင်ရတနာ

No comments:

Post a Comment