Tuesday, June 30, 2015

တစ်နှစ်လျှင် တန်ချိန်တစ်သန်းထွက်ရှိမည့် ဘိလပ်မြေစက်ရုံ သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ဆောက် မည်



သီလဝါ အထူးစီးပွားရေးဇုန်တွင် တစ်နှစ်လျှင် တန်ချိန်တစ်သန်းထွက်ရှိမည့် ဘိလပ်မြေစက်ရုံ တည်ဆောက် နိုင်ရန်အတွက် Resource & Environment Myanmar Ltd., အနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှုများကို ပြုလုပ်နေကြောင်း အဆိုပါ ကုမ္ပဏီ၏ စီမံကိန်းမန်နေဂျာဦးဝင်းထက်ထံမှ သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း(က)တွင် တန်ချိန်တစ်သန်းထွက်ရှိမည့် ဘိလပ်မြေစက်ရုံအား မလေးရှား အခြေစိုက် YTL ကော်ပိုရေးရှင်း၏ YTL ဘိလပ်မြေ စက်ရုံမှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိထားခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှုများကို ပြုလုပ်ပြီးစီးပါက အောက်တိုဘာလဆန်းတွင် စက်ရုံစတင်တည်ဆောက် သွားမည်ဟု YTL ဘိလပ်မြေစက်ရုံ၏ စီမံကိန်းမန်နေဂျာက ပြောသည်။
အဆိုပါ တန်ချိန်တစ်သန်းကျ ဘိလပ်မြေစက်ရုံအား ပတ်ဝန်းကျင်တိုင်းတာစစ်ဆေးမှုများပြုလုပ်၍ သတ်မှတ် စံချိန်စံညွှန်းများနှင့် ကိုက်ညီပါက စက်ရုံကို လာမည့် ၂ဝ၁၅ အောက်တိုဘာလတွင် စတင်တည်ဆောက် သွားမည်ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက မြန်မာလုပ်သား အနည်းဆုံး အယောက် ၁ဝဝ အား ယင်းစက်ရုံတွင် ခန့်အပ်သွားမည်ဟု YTL ဘိလပ်မြေစက်ရုံ၏ စီမံကိန်းမန်နေဂျာထံမှ သိရသည်။
''ဘိလပ်မြေစက်ရုံဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ဆိုင်ရာလေ့လာဆန်းစစ် ချက်များကို အဆင့်ဆင့်ပြုလုပ် သွားရမှာပါ။ ကျွန်မတို့ သီလဝါအထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီလက်အောက်မှာရှိတဲ့ One Stop Service စင်တာမှာ ပြည်တွင်းပညာရှင် နှစ်ယောက်နဲ့ ဂျပန်နိုင်ငံမှ ကျွမ်းကျင်သူ တစ်ယောက်ပါဝင်တဲ့ ပတ်ဝန်း ကျင်ဆိုင်ရာ အဖွဲ့လေးတစ်ဖွဲ့ရှိပါတယ်။ ကျွန်မတို့က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပါမစ်ရရှိထားတဲ့ ကုမ္ပဏီတွေကို Environmental Conservation and Prevention Plan (ECPP)၊ Initial Environmental Evaluation (IEE)၊ Environmental Impact Assessment (EIA)၊ Environmental Management Plan (EMP)အစရှိတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုတွေကို ပြုလုပ်ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာ ဆန်းစစ်မှုတွေ လုပ်တဲ့ အခါမှာ လုပ်ငန်းအမျိုးအစား အလိုက် ခွဲခြားပြီး ခုနကပြောတဲ့ လေ့လာစစ်ဆေးမှုတွေထဲကမှ သင့်လျော်တဲ့ လေ့လာဆောင်ရွက်မှုတွေ သတ်မှတ် ပါတယ်'' ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာသန်းသန်းသွယ်က ပြောသည်။
YTL ဘိလပ်မြေစက်ရုံသည် ဘိလပ်မြေပြုလုပ်မည့် ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှ တင်သွင်းမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမည့် ကျောက်မီးသွေးနှင့် အဆိပ်အတောက်ဖြစ်စေမည့် ဓာတုဗေဒ ပစ္စည်းများ လုံးဝအသုံးပြုမည်မဟုတ်ဘဲ စက်ရုံမှအမှုန်ထွက်ရှိမှု အနည်းဆုံးဖြစ်စေမည့် နည်းပညာကို အသုံးပြု သွားမည်ဟု ဇွန်လနောက်ဆုံးပတ်က သီလဝါအထူး စီးပွားရေးဇုန်တွင် ပြုလုပ်သည့် စီမံကိန်းနှင့် ဆက်စပ်၍ ပါဝင်သင့်သည့် Stakeholders များနှင့် YTL ဘိလပ်မြေကုမ္ပဏီတို့ တွေ့ဆုံပွဲမှ သိရသည်။
YTL သည် Stakeholders များထံမှ ရရှိသည့် အကြံပြုချက်များဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး လာမည့် ဇူလိုင်လတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုလျော့နည်းစေရေး ဆန်းစစ်ဆောင်ရွက်နေမှုကို ဒေသခံများနှင့်တွေ့ဆုံ၍ ရှင်းလင်းသွားမည် ဖြစ်ပြီး ဒေသခံများ၏ ဝေဖန်အကြံပြုချက်များအတိုင်း ဆောင်ရွက်သွားမည် ဟု သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်အား ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး လက်ရှိတွင် YTL ဘိလပ်မြေစက်ရုံ အပါအဝင်ကုမ္ပဏီပေါင်း ၃၆ ခုရင်းနှီးမြှုပ်နှံမှုခွင့်ပြုချက် (Investment Permit) ရရှိထားပြီးဖြစ်သည်။ YTL ဘိလပ်မြေစက်ရုံသည် သီလဝါအထူး စီးပွားရေးဇုန်တွင် လုပ်ကိုင်ခွင့် ရရှိပါက ထုတ်လုပ်ပြီး ဘိလပ်မြေများကို ပြည်တွင်းဈေးကွက်တွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်အတိုင်းအတာဆိုသည်မှာ ပတ်ဝန်းကျင် ဆိုင်ရာအချက်အလက်များ၊ ရေ၊ လေ၊ မြေ၊ လေထု၏ အရည်အသွေးများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခြေအနေ၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများအား မလုပ်ခင်၊ လုပ်ပြီးနှင့်လုပ်နေဆဲ အချိန်ကာလများတွင် စစ်ဆေး တိုင်းတာမှုများပြုလုပ်ခြင်း ဖြစ်သည်။
သတင်း-ရဲခေါင်၊ မြတ်သန္တာ
ဓာတ်ပုံ-ဖိုးထောင်

No comments:

Post a Comment