Tuesday, June 30, 2015

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၆၅ ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် -ဇွန် ၃၀
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၆၅ ရက်မြောက်နေ့ကို ယနေ့ နံနက်(၁၀)နာရီ တွင် ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့သည့် ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်များကို လွှတ်တော်က မှတ်တမ်းတင်ခြင်း၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများ ဆိုင်ရာအပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် ၁၉၆၆ တွင် မြန်မာ နိုင်ငံမှ ပါဝင်လက်မှတ်ရေး ထိုးရန် လွှတ်တော်က အတည်ပြုခြင်း၊ နိုင်ငံတော်သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ဖတ်ကြားပြီး အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေ၏ ၂၀၁၅ ခုနှစ် ဇွန်လ နောက်ဆုံး အပတ်တွင်း မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီးရှိ မြို့နယ်အချို့တွင် ကျေးရွာအချို့ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံပြည်သူများ မူလ အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရေးအတွက် ပြည်ထောင်စုအစိုးရမှ အထူးအစီအစဉ် တစ်ရပ် အနေဖြင့် ထိရောက်သည့် ပံ့ပိုးမှု၊ ကာကွယ်မှု၊ ကူညီဆောင်ရွက်မှုများနှင့် ပြုပြင်တည်ဆောက်မှုများ အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးနိုင်ရေးတိုက်တွန်းကြောင်း အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဘုန်းဆွေက နိုင်ငံတော်အနေဖြင့် သဘာဝဘေး အန္တရာယ်ကြို တင်ကာကွယ်ရေး အစီ အစဉ်များ ဆောင်ရွက်ထားရှိမှုနှင့် လက်ရှိရေကြီး နစ်မြုပ်မှုဖြစ်ပွား သည့်ဒေသများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြန်လည်ရှင်းလင်းတင်ပြရာ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှပေးပို့သည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အောက်တွင် ရန်ကုန် လျှပ်စစ် ဓာတ်အား ပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့အား ပြည်ထောင်စု ဘဏ္ဍာရန် ပုံငွေစာရင်းပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအဖြစ် ရငွေ၊ သုံးငွေ စာရင်းများ ပြောင်းလဲပြင်ဆင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုး က ရှင်းလင်းတင်ပြရာ လွှတ်တော်က ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
အလားတူ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့် တင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ပြီးစီးမှုနှင့် အကောင်အထည်ဖော် နိုင်မှုအခြေအနေများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးအုန်းသန်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးခင်မောင်အေးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်တို့က တင်ပြကြရာ လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးကြပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ)နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။
ဝက်လက်မဲဆန္ဒနယ်မှ သူရဦးအေးမြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၆၂)၊ (၆၃) နှင့်(၆၄)တို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ၂၀၃၌ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု လွှတ်တော်သို့ တာဝန်ခံရမည်၊ ဒုတိယ သမ္မတများသည် နိုင်ငံတော်သမ္မတအား လည်းကောင်း၊ နိုင်ငံတော်သမ္မတမှတစ်ဆင့် ပြည်ထောင်စု လွှတ်တော် အားလည်းကောင်း တာဝန်ခံရမည်ဟု ပြဋ္ဌာန်းထားသဖြင့် မလိုအပ်တော့သည့်အတွက် ပယ်ဖျက်လိုခြင်း ဖြစ်ပါကြောင်း၊ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၃၂(ဂ)၏ မူလပြဋ္ဌာန်းချက်ကို  နိုင်ငံတော်သမ္မတသည် မိမိရွေး ချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည် စာရင်းနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ထံမှရရှိသည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်းတို့ကိုစုစည်း၍ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း ၍ သဘောတူညီချက်ရယူရမည်ဟု ပြင်ဆင်ပြဋ္ဌာန်းလိုပါကြောင်း ဆွေးနွေးသည်။
ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၁၁(က)ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာ တို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်း ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အသက် ၀ိညာဉ်ဖြစ် ပါကြောင်း၊ ပုဒ်မ-၃၀၃ ၌ ပြည်ထောင်စုတရားသူကြီးများ၏ ရာထူးသက်တမ်း ၅ နှစ်၊ ပုဒ်မ-၃၁၂ ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၏ ရာထူးသက်တမ်း ၅ နှစ်ကို ပြန်လည် စဉ်းစားသုံးသပ်သင့်ပါကြောင်း၊ မူလဥပဒေ ပုဒ်မ-၃၀၁(က)တွင် ပြည်ထောင်စု တရားသူကြီးများ၏ ရာထူး သက်တမ်းသည် နှစ်ပေါင်း ၂၀ ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ အဆက်ဆက်ပြောင်းလဲသွားသော်လည်း ၎င်းတို့ကို လွယ်လွယ်ကူကူဖြင့် မပြောင်းလဲ စေခြင်းမှာ တရားစီရင်ရေးကဏ္ဍ မှန်ကန်ဖြောင့်မတ်စေရန်နှင့် ဒီမိုကရေစီစနစ် ခိုင်မာ ရှင်သန်ရန် အာဏာ(၃)ရပ်ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းတို့တွင် အခြားသောမဏ္ဍိုင်များက တရားစီရင်ရေးမဏ္ဍိုင်ကို ၀င်ရောက် မစွက်ဖက်နိုင်ရန် ပြု လုပ်ထားခြင်းဖြစ်ပါကြောင်း ဆွေးနွေးသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးမြင့်ထွန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် သမ္မတ၊ ဒုတိယ သမ္မတများကို လွှတ်တော်ကိုယ်စားလှယ် မဖြစ်စေရဆိုပါက လွှတ် တော်နှင့် ကင်းကွာသွားမည့်အပြင် လွှတ်တော် လာရန် မလိုသည့်သဘောလည်း ဖြစ်နေပါ ကြောင်း၊ ထို့ကြောင့် ပုဒ်မ(၆၄)ကို ပြင်ဆင်ရာတွင် လိုအပ်ပါကြောင်း၊ ထိုသို့ပြင်ဆင်ရာတွင် ပြည်သူ့အရေးထက် ပါတီကိစ္စကို တစိုက်မက်မက် အာရုံစိုက်ခြင်းမျိုး မဖြစ်ရန်ထိန်းပေးမည့် တားမြစ်ချက်တစ်ခုကို ဥပဒေတွင် ထည့်ပေးရန်လိုအပ်ပါကြောင်း ဆွေးနွေးသည်။

အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥတ္တရသီရိမဲဆန္ဒနယ်မှ ဦးမင်းသူ၊ မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဒေါက်တာ သန်းဝင်း၊ နွားထိုးကြီးမဲဆန္ဒနယ်မှ ဦးပေါခင်၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးသန်းဝင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးကျွန်ခဲန်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ခင်မောင်ထွန်း နှင့် ဗိုလ်မှူးကြီးမြင့်ဟန်တို့က ဆွေးနွေးကြသည်။

No comments:

Post a Comment