Tuesday, June 30, 2015

တစ်မျိုးသားလုံး သတိပြုရမည့် သွေးလွန်တုပ်ကွေးရောဂါ


 
သွေးလွန်တုပ်ကွေးရောဂါသည် ကပ်ရောဂါ အသွင်ဖြင့် မြန်မာနိုင်ငံ၌ ၁၉၇ဝ ပြည့်နှစ်က ရန်ကုန်မြို့၌ စတင် ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်များသို့ ကူးစက်ပျံ့နှံ ခဲ့ကြောင်း သိရသည်။

''ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၂၃ ရက်အထိ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအနေနဲ့ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၉၈၉၃ ဦး ရှိပါတယ်။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဇွန်လ ၁၃ ရက်အထိ သွေးလွန် တုပ်ကွေးရောဂါ အသက်အုပ်စု အလိုက်ဖြစ်ပွားမှု အများဆုံးက အသက် ၅ နှစ်မှ ၉ နှစ်အတွင်းဖြစ်ပြီးတော့ ဖြစ်ပွားတဲ့သူ စုစုပေါင်း ၃၉၆၇ ဦးရှိပါတယ်။ ဒီထဲမှာ အသက် ၁ နှစ်အောက် ကလေးဦးရေက ၄၅ဝ နဲ့ အသက် ၁၅ နှစ်အထက်က ၁၂၈ ဦးရှိပါတယ်။
''နောက်တစ်ခုအနေနဲ့ ဖြစ်ပွားမှုအများဆုံး တိုင်း ဒေသကြီးနဲ့ ပြည်နယ်ငါးခုကတော့ ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီး တို့ဖြစ်ပါတယ်။ ဒီတိုင်းဒေသကြီးနဲ့ ပြည်နယ်ငါးခုမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေက ဧရာဝတီ မှာ ၂ဝ၉၃ ဦး၊ မွန်မှာ ၁၆၁၅ ဦး၊ ရန်ကုန်မှာ ၁၄ဝ၂ ဦး၊ မန္တလေးမှာ ၁၁၉၃ ဦးနဲ့ တနင်္သာရီမှာ ၁ဝ၁၉ ဦးရှိပါတယ်။
''သေဆုံးမှုအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ၁ဝဦး၊ ဧရာဝတီတိုင်းဒေသကြီးမှာ ခုနစ်ဦး၊ မန္တလေး တိုင်းဒေသကြီးမှာ ခြောက်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ငါးဦးနဲ့ မွန်၊ ရခိုင်၊ တနင်္သာရီတို့မှာ သုံးဦးစီဖြစ်ပါတယ်။ ပြီးတော့ ဖြစ်ပွားမှုအများဆုံး မြို့နယ် ငါး မြို့နယ်ကတော့ တန့်ဆည်၊ မုံရွာ၊ ရွှေဘို၊ ဘုတလင်နဲ့ ယင်းမာမြို့တွေ ဖြစ်ပါတယ်''ဟု ကျန်းမာရေးဝန်ကြီးဌာန သွေးလွန် တုပ်ကွေးနှင့် ဆင်ခြေထောက် စီမံချက်မန်နေဂျာ ဒေါက်တာ ခင်နန်းလုံက မြန်မာနိုင်ငံ၌ သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြောပြသည်။
ဆက်လက်ပြီး ၎င်းက ''သွေးလွန်တုပ်ကွေး ရောဂါဟာ ၂ဝဝ၅ ခုနှစ်အထိ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်က လွဲပြီး ကျန်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အားလုံးပျံ့နှံ့ခဲ့ပါတယ်။ နောက်၂ဝဝ၈ ခုနှစ်ကျတော့ ကယားပြည်နယ် မှာလည်း ဖြစ်ပွားလာပါတယ်။ အခု ချိန်ထိတော့ ဖြစ်ပွားမှု လုံးဝမရှိတာ ချင်းပြည်နယ်ပဲ ဖြစ်ပါတယ်''ဟု ပြောပြသည်။
ကမ္ဘာ့သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အခြေ အနေတွင် ၂ဝ၁၃ ခုနှစ်၌ ဖြစ်ပွားသူသုံးသန်းကျော်၊ ဖြစ်ပွားသူများထဲမှ ရောဂါပြင်းထန်သူ ငါးသိန်းခန့်ရှိပြီး သေဆုံးသူ ၁၂၅ဝဝ ခန့်ရှိသည်ဟု သိရသည်။ ၂ဝ၁၅ ခုနှစ် မေလအတွင်း ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်များအရ နှစ်ပေါင်း ၇ဝ ကျော် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားခဲ့သည့် ဂျပန်နိုင်ငံတွင် ယခုဖြစ်ပွားလာကြောင်း ထုတ်ပြန်ထားသည်ကို သိရှိ ရသည်။
ဒေါက်တာခင်နန်းလုံက ကျန်းမာရေးဝန်ကြီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါနှင့် စပ်လျဉ်း၍ လုပ်ဆောင်နေမှု များကို ပြောပြရာတွင် ''ကမ္ဘာ့သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အခြေအနေတွေအရ အရှေ့တောင် အာရှဒေသ နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မြန်မာ နိုင်ငံတွေမှာ သွေးလွန်တုပ်ကွေးရောဂါအများဆုံး ဖြစ်ပွား ပါတယ်။
''ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သွေး လွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနဲ့ သွေးလွန်တုပ်ကွေးရောဂါ ကြောင့် သေဆုံးမှုတွေကို လျှော့ချနိုင်ဖို့ မျှော်မှန်းချက်ထား လုပ်ဆောင်လျက်ရှိပါတယ်။
''ဒီလိုလုပ်ဆောင်ရာမှာ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေသလို သွေးလွန်တုပ်ကွေး ရောဂါ ကုသဖို့ အရည်အသွေးမြှင့်သင်တန်းတွေ၊ ကျန်းမာ ရေးပညာပေးလုပ်ငန်းတွေ၊ သုတေသနပြု လုပ်ငန်း တွေကို လည်း လုပ်ဆောင်နေပါတယ်။
''ကျန်းမာရေးပညာပေးလုပ်ငန်းတွေကို လူအများ သွားလာရာနေရာတွေဖြစ်တဲ့ ကျောင်း၊ ရုံး၊ ဆေးရုံ၊ ဆေးခန်း စတဲ့နေရာတွေမှာ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းမှာ ဖုံး၊ သွန်၊ မြှုပ်၊ ရှင်း၊ ခတ်၊ မွေးစတဲ့ ပိုးလောက် လမ်းနှိမ်နင်းရေး၊ ခြင် ဆေးမှုတ်ပြီး ခြင်သက်ကြီးကောင်နှိမ်နင်းရေး၊ ခြင်ကိုက် မခံရအောင် တစ်ကိုယ်ရေ ကာကွယ်ရေးနည်းလမ်းတွေ ပါဝင်ပါတယ်''ဟု ပြောသည်။
ဆက်လက်ပြီး ဒေါက်တာက ''ဒီလုပ်ငန်းတွေကို လုပ် ဆောင်ရာမှာ တစ်ဦးတစ်ယောက်တည်းက လုပ်ဆောင် လို့မရပါဘူး။ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာလုံးကျွတ် ပြည်သူလူထုအင်အားနဲ့ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဆောင်ရွက်ရတာပါ။ ဆောင်ရွက်တဲ့ နေရာမှာလည်း ပိတ်ထားတဲ့ အိမ်ပါမကျန် အိမ်အားလုံး၊ အိမ်တွင်း အိမ်ပြင်မှာ ရေရှိနေတဲ့၊ ရေလှောင်နေနိုင်တဲ့၊ တင်ကျန် နေနိုင်တဲ့ အရာမှန်သမျှ ခုနစ်ရက်တစ်ကြိမ်နဲ့ မှန်မှန် ပြုလုပ်ပေးရမှာပါ။ ဒီလိုအားလုံးပါဝင်ဆောင်ရွက်နိုင် ဖို့အတွက် ပညာပေးလုပ်ငန်းတွေ၊ ပြည်သူတွေ ပိုမို ပူးပေါင်းဆောင်ရွက်လာစေရေးအတွက် နှိုးဆော်တိုက် တွန်းတာတွေကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အလိုက် အဖွဲ့များဖွဲ့စည်း ဆောင်ရွက် လျက်ရှိပါတယ်''ဟု ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်များပေါက်ပွား သော မိုးဦးကျနှင့် မိုးရာသီအတွင်းအများဆုံးဖြစ်ပွား လေ့ရှိသော်လည်း တစ်နှစ်ပတ်လုံးအချိန်မရွေးဖြစ်ပွားနိုင်သည်။
ထို့ကြောင့် ''သွေးလွန်တုပ်ကွေးရောဂါဟာသာမန် တုပ်ကွေးပုံစံကနေပြီး Shock ရတဲ့အထိ ပုံစံအမျိုးမျိုးနဲ့ ရှိနိုင်သလို ကြိုတင်မှန်းဆဖို့လည်း ခက်ခဲပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးလို့ သံသယရှိတာနဲ့ နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတွေထံ ပြသပြီး စနစ်တကျကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အခုအခါ သွေးလွန်တုပ်ကွေးဟာ ကလေးတွေသာမက လူကြီးပိုင်း၊ လူလတ်ပိုင်းတွေမှာပါ ဖြစ်ပွားလာပါတယ်။ တစ်မျိုးသားလုံးအနေနဲ့ သတိပြုရမယ့် ရောဂါတစ်ခု ဖြစ်ပါတယ်''ဟု ဒေါက်တာ ခင်နန်းလုံက ပြောပြသည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်သည့် ရောဂါ လက္ခာဏာများဖြစ်သည့် နှစ်ရက်ထက်ပို၍ ဖျားပြီး ပျို့ ခြင်း၊ အန်ခြင်း၊ ကိုယ်ပေါ်တွင် အနီအစက်လေးများ ထွက် ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနှင့်အဆစ်များ နာကျင်ခြင်း၊ လက်မောင်းကို သွေးပေါင်ချိန်တိုင်း ကိရိယာဖြင့် Hess Test ဟုခေါ်သော စမ်းသပ်ခြင်း ပြုလုပ်ကြည့်ပြီး လက်ဖျံတစ်ဝိုက်၌ အနီအစက်ပျောက် လေးများ ထင်ရှားစွာပေါ်ခြင်းစသည့် ရောဂါလက္ခဏာ များတွေ့ရှိပါက ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွား ရောက်ရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်လျက်ရှိကြောင်း သိရသည်။ ။
ဟန်နီဝင်း

No comments:

Post a Comment