Tuesday, June 30, 2015

သာတူညီမျှ သမ၀ါယမ

ဆောင်းပါး
လူ့ဘောင်အဖွဲ့အစည်း၏ အခြေခံစီးပွားရေးပြဿနာမှာ မြေယာ၊ လုပ်အား၊ အရင်းအနှီးဟူသည့် ကုန်ထုတ် အင်အားစု (Factors of Production) ရှားပါးမှုဖြစ်သည်။ နိုင်ငံတိုင်းတွင် အကန့်အသတ်ဖြင့်သာရှိသော ထိုအင်အားစုများကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက် မည်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို မည်မျှထုတ်လုပ်မည်၊ မည်သည့်ကုန်ထုတ်နည်းလမ်းများကို အသုံးပြုမည်၊ မည်သူတို့အတွက် ထုတ်လုပ်မည် (တစ်နည်းအားဖြင့် မည်သို့ခွဲဝေအသုံးပြုမည်) ဟူသည့် အချက်သုံးချက်ဖြင့် စဉ်းစားဆောင်ရွက်ကြသည်။ ၄င်းကို အင်အားစုခွဲဝေမှု ပြဿနာ (Resource Allocation Problem) ဟု ခေါ်ကြသည်။ အဆိုပါ အင်အား စုခွဲဝေမှု ပြဿနာကို ပုံစံအမျိုးမျိုးဖြင့် ဖြေရှင်းကာ အများစုပေါင်းဆောင်ရွက်ပြီး ပါဝင် ဆောင်ရွက်မှုအလျောက် အခွင့်အလမ်း သာတူညီမျှရှိသော သမဝါယမပုံစံဖြင့် ဖြေရှင်းခဲ့ရာ အောင်မြင်မှု များရှိကြောင်း ကမ္ဘာ့သမိုင်း စာမျက်နှာများတွင် တွေ့ရသည်။

သမဝါယမစနစ်ကို စတင်ဖော်ထုတ်သူမှာ ရော ဘတ်အိုဝင် (Robert Owen) (၁၇၇၁-၁၈၅၈) ဖြစ် သည်။ သမဝါယမစနစ်သည် အချို့နိုင်ငံများတွင် စိတ်ကူးယဉ် သက်သက်ဖြစ်ခဲ့ရသော်လည်း ၁၈၄၄ တွင် အင်္ဂလန်နိုင်ငံ ရော့ခ်ဒေးမြို့ တုတ်လိမ်းလမ်းမှ စက်ရုံ အလုပ်သမား ၂၈ ဦး တည်ထောင်ခဲ့သော ရော့ခ်ဒေးမူ (Rochdale Principle) ကို အခြေခံသည့် ရော့ခ် ဒေး ရှေ့ဆောင် သာတူညီမျှအသင်းများ (Rochdale Society of Equitable Pioneers)နှင့် ဂျာမနီ ငွေစု ငွေချေးအသင်းများ (Credit Unions) က အောင်မြင် မှုရှိကြောင်း တွေ့ရသည်။ ထိုမှတစ်ဆင့် ဥရောပ၊ လက်တင်အမေရိကနှင့် အာရှနိုင်ငံများသို့ ပျံ့နှံ့ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်(Internatio- nal Co-operative Alliance -ICA) ကို ဖွဲ့ စည်းကာ ၁၈၉၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ လည်းကောင်း၊ ၁၉၅ဝ ပြည့်နှစ်နောက်ပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် လည်းကောင်း၊ ယခုအခါ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် လည်းကောင်း ရုံးစိုက်ဖွင့် လှစ်ထားပါသည်။ ICA တွင် ယခုအခါ နိုင်ငံပေါင်း ၉၃ နိုင်ငံမှ ပြည်ထောင်စုတစ်စုအဆင့် ၂၆၈သင်းပါဝင် ပြီး အသင်းသားအနေဖြင့် ကမ္ဘာ့လူဦးရေ၏ (၁၄ ရာခိုင် နှုန်း) ခန့်ရှိနေပြီဖြစ်ကြောင်း သိရပါသည်။ မြန်မာနိုင်ငံ အနေဖြင့် ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ICA အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။
''သမဝါယမအသင်းဟူသည် ဆန္ဒအရ ညီညွတ် စွာပူးပေါင်းကြသူတို့က ၄င်းတို့၏ အများနှင့်သက်ဆိုင် သည့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်များနှင့် မျှော်မှန်းချက်များကို ဖြည့်ဆည်းရန် အလို့ငှာ လုပ်ငန်းများကို ပူးတွဲပိုင်ဆိုင်ခြင်း၊ အများ ဆန္ဒနှင့်အညီ ဒီမိုကရေစီနည်းလမ်းများဖြင့် ပူးပေါင်း ဆောင်ရွက် နိုင်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဖွဲ့အစည်း ဖြစ်သည်''ဟူ၍ ICA ၏ နှစ် ၁ဝဝ ပြည့် ညီလာခံမှ အဓိပ္ပာယ်ဖွင့်ဆို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ညီလာခံမှပင် ၂၁ ရာစု အတွက် သမဝါယမ အခြေခံ သဘောတရားများ ချမှတ်ရာတွင် ''အသင်း၏ စီးပွား ရေးလုပ်ငန်းများတွင် အသင်းသားများက စိတ်ဝင်စား ကာ ပူးပေါင်း ဆောင်ရွက်ရေး'' ဟူသည့် အချက်ကို ထည့်သွင်းဖော်ပြခဲ့ပြီး ယင်းအချက်ကို အကောင် အထည်ဖော်သည့် နည်းလမ်းတစ်ရပ်အဖြစ် အသင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး အစီ အစဉ် (Co- operative Member Participation Programme -CMPP) ကို လက်တွေ့ဆောင်ရွက်နိုင် စေရန် စနစ်တကျ သုတေသနပြုလုပ်၍ ချမှတ်ပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သမဝါယမသမိုင်းကြောင်းကို လေ့လာသောအခါ နိမ့်ချည်တစ်ခါ သာချည်တစ်လှည့် ဖြစ်ခဲ့ရသည်ကို တွေ့ရသည်။ သို့သော် သမဝါယမစိတ်ဓာတ်ပြင်းထန် သူတို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် ၂၁ ရာစုတွင် အောင်မြင်မှုသိသိသာသာ ရခဲ့သည်။ ICA သည် ကမ္ဘာ့ကုလသမဂ္ဂတွင် Observer Status ရရှိထားပြီး ''ကမ္ဘာ့ကုလသမဂ္ဂလူမှုရေးနှင့် ပညာရေးကောင်စီ၊ အခြား နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကာ သမဝါယမ လုပ်ငန်းများဖြင့် ပိုမိုကောင်းမွန်သောကမ္ဘာကို တည်ဆောက်ကြပါစို့'' ဟူသော ဆောင်ပုဒ်ဖြင့် ၂ဝ၁၂ ခုနှစ်ကို သမဝါယမနှစ်အဖြစ် အသိအမှတ်ပြုခဲ့ကြောင်း လေ့လာ တွေ့ရှိရပါသည်။ ထို့အပြင် သမဝါယမလှုပ်ရှား မှုကို ဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ၁၉၂၇ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ ပထမပတ် စနေနေ့မှ စတင်၍ ICA က ကြီးမှူး ကျင်းပခဲ့သည်။ နောင်တွင် စက်တင်ဘာလ ပထမပတ် တနင်္ဂနွေနေ့သို့ ပြောင်းလဲကျင်းပပြီး ၁၉၉၄ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံမှ ပြန်လည်ဆုံးဖြတ်ပေး ချက်အရ အင်္ဂလန်နိုင်ငံ မန်ချက်စတာတွင် ၁၉၉၅ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သော သမဝါယမရာပြည့် နေ့ မှစတင်၍ နှစ်စဉ် ဇူလိုင်ပထမပတ် စနေနေ့တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကျင်းပလာခဲ့သည်မှာ ယနေ့အထိပင်ဖြစ်သည်။ ယခုနှစ် ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ပထမပတ် စနေနေ့ (ဇူလိုင်လ ၄ ရက်နေ့) သည် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (International Day of Co- operative) ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ (၁) သမဝါယမအသင်း အချင်းချင်း စည်းလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ (၂) ကမ္ဘာ ပေါ်ရှိ သမဝါယမအဖွဲ့ဝင်အားလုံး စီးပွားရေးနှင့် လူမှုရေး မြင့်မားတိုးတက်လာစေရန်၊ (၃) သမဝါယမ အနှစ်သာရ များ၊ သမဝါယမစိတ်ဓာတ်များကို အဖွဲ့ဝင် အားလုံး ကောင်းစွာ သဘောပေါက်နားလည်ပြီး နှလုံးသားတွင် စွဲမြဲကိန်းအောင်းရေးအတွက် နည်းမျိုးစုံ ဖြင့် ပညာပေးရန် တို့ဖြစ်ပါသည်။ ဤရည်မှန်းချက်များကို ဟန်ချက်ညီညီ ဆောင်ရွက်နေသည့် ကာလသည် သမဝါယမကဲ့သို့သော စီးပွားရေးအဖွဲ့အစည်းများအား လူမှုရေးတာဝန်ယူသော စီးပွားရေးအဖွဲ့အစည်း ( Co-operate Social Respon- sibility -CSR) ဖြစ်စေရေးကို ကမ္ဘာကြီးက တိုက်တွန်းနေ သည့် ကာလနှင့် လည်းတိုက်ဆိုင်နေပါသည်။ ထိုကဲ့သို့ ကမ္ဘာကြီးကအလိုရှိသော လူမှုရေးတာဝန်ယူသည့် စီးပွား ရေးအဖွဲ့ အစည်းဆိုသည်မှာ သမဝါယမအသင်းများ ဖြစ်ကြောင်းကို အောက်ဖော်ပြပါ အပြည်ပြည်ဆိုင်ရာ သမဝါယမ နေ့များ၏ တိုက်တွန်းချက်များ( ဆောင်ပုဒ်များ) က မီးမောင်းထိုးပြနေပါသည်။
၂ဝဝ၈ ခုနှစ် = ရာသီဥတုအပြောင်းအလဲများကို သမဝါယမလုပ်ငန်းများအရ ရင်ဆိုင်ပေး။
၂ဝဝ၉ ခုနှစ် = ကမ္ဘာလုံးဆိုင်ရာပုံမှန်ပြန်ဖြစ်ရေး သမဝါယမများက တွန်းအားပေး။
၂ဝ၁ဝ ခုနှစ် = အမျိုးသမီးများဘဝမြင့်မားဖို့ သမ ဝါယမလုပ်ငန်းများကို ရွေးချယ်ကြပါစို့။
၂ဝ၁၁ ခုနှစ် = သမဝါယမအနာဂတ် = လူငယ်။
၂ဝ၁၂ ခုနှစ် = သမဝါယမများသည် ပိုမိုကောင်းမွန် သော ကမ္ဘာကြီးကို တည်ဆောက်နေပါသည်။
၂ဝ၁၃ ခုနှစ် = သမဝါယမလုပ်ငန်းများသည်စီးပွားရေး အကျပ်အတည်းကာလများအတွင်း ကြံ့ကြံ့ခံ ရပ်တည် လျက်ရှိခြင်း။
၂ဝ၁၄ ခုနှစ် = အားလုံးအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမလုပ်ငန်းများက ဆောင်ရွက် ပေး။
၂ဝ၁၅ ခုနှစ် = သာတူညီမျှသမဝါယမ။
မြန်မာနိုင်ငံ၏ သမဝါယမလှုပ်ရှားမှုကလည်း ကမ္ဘာ့ သမဝါယမလှုပ်ရှားမှုနှင့် ထက်ကြပ်မကွာလိုက်ပါနိုင်ခဲ့ သည်။ ၁၉ဝ၃ ခုနှစ် အိန္ဒိယနိုင်ငံ ငတ်မွတ်ခေါင်းပါးမှု စုံစမ်းရေးကော်မရှင်အဖွဲ့က ဂျာမနီနိုင်ငံ ရဖိုက်ဆင် သမဝါယမ အသင်းပုံစံအရ ငွေစုငွေချေး အသင်းများဖွဲ့စည်းပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် ကျေးရွာဘဏ်များ တည်ထောင်ရန်အစိုးရအား အကြံပေးထောက်ခံ တင်ပြရာမှ ၁၉ဝ၄ ခုနှစ် မတ်လ ၂၅ နေ့တွင် သမဝါယမ ငွေစုငွေချေးအသင်းများဆိုင်ရာ အက်ဥပဒေပေါ်ထွက် လာခဲ့ပြီး ထိုအက်ဥပဒေသည် အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်နယ်အားလုံးသို့ အကျိုးသက်ရောက်သဖြင့် ထိုကာလ ကိုလိုနီခေတ်တွင် အိန္ဒိယနိုင်ငံ၏ပြည်နယ်တစ်ခုအနေဖြင့် ရပ်တည်နေရသော မြန်မာနိုင်ငံသို့လည်း အကျိုးသက် ရောက်သည် ဖြစ်၍ ၁၉ဝ၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ တွင် စစ်ကိုင်းခရိုင် မြင်းမူမြို့၌လယ်ယာ စိုက်ပျိုးရေး ချေးငွေ ထုတ်ပေးသော မြင်းမူငွေစုငွေချေး သမဝါယမအသင်း ကို အသင်းသား ၉ဝ ဖြင့် မှတ်ပုံတင် ဆောင်ရွက်ရာမှ မြန်မာနိုင်ငံတွင် သမဝါယမသန္ဓေတည်ခဲ့ခြင်းဖြစ်ပါ သည်။ ထို့ကြောင့်လည်း ''သမဝါယမအစ မြင်းမူက'' ဟူသော စကားပေါ်ထွက်ခဲ့ခြင်းဖြစ်ပါသည်။
သမဝါယမစိတ်ဓာတ်ရှိသော အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့ ဆိုရန် တိုဗီလာစီမံကိန်းရေးဆွဲရေး အစည်းအဝေး ပွဲတွင် ''စုပေါင်းရောင်းဝယ်ရေးအဖွဲ့များကို ဖြစ်နိုင်တဲ့ နေရာမှာ ဖွဲ့ထားဖို့လိုပါတယ်။ ဒီအသင်းများကို တိုင်းသူ ပြည်သားတွေက ခိုင်မြဲအောင်လုပ်ကြရပေမယ့် ခိုင်မြဲ အောင် မလုပ်နိုင်ကြတာကိုတွေ့ရတယ်။ ဒီအသင်းတွေ ဟာ ငါတို့ရဲ့အကျိုးစီးပွားပါလားလို့ နားလည်တဲ့နေရာ ဒေသတွေမှာတော့ ဖွံ့ဖြိုးစည်ပင်တိုးပွားတာတွေ့ရတယ်'' ဟူ၍လည်းကောင်း၊ ''.....သမဝါယမအသင်းတွေ သူ့နေရာနှင့်သူ အဆင်ပြေလို့ ကျုပ်သီဟိုဠ်မှာတွေ့ခဲ့တယ်။ သူတို့မှာလည်း Civil Supplies ရှိတာကို တွေ့ရတယ်။ အဲဒီ Supplies က ထုတ်တဲ့ စားကုန်၊ သောက်ကုန်၊ အထည်အလိပ်တွေကို ကော်မရှင်လေး ဘာလေးပေးပြီး သမဝါယမအသင်းတွေရောင်းခိုင်းရင်လည်း ပြီးတာပဲ'' ဟူ၍လည်းကောင်း မိန့်ကြားခဲ့ပြီး သမဝါယမအသင်းများ ကိုလည်း မြေတောင်မြှောက် အကူအညီပေးခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
မြန်မာနိုင်ငံမှ သမဝါယမစိတ်ဓာတ်ပြင်းထန်သူများ၊ သမဝါယမရှေ့ဆောင်ပုဂ္ဂိုလ်များမှာ သမဝါယမမင်းကြီး ဦးတင်ကြီး၊ ၁၉၆ဝ ပြည့်နှစ် နယူးဒေလီတွင် ဖွင့်လှစ်သော(ICA)၏ အာရှပစိဖိတ်ရုံးခွဲတွင် Regional Director အဖြစ် ၁၉၆ဝ မှ ၁၉၆၂ ခုနှစ်အထိ တာဝန်ယူခဲ့သည့် ဦးညီညီနှင့် မဟာမင်းလှကျော်ထင်ဘွဲ့ရ သီပေါမင်း၏ မြင်းတပ်ဝန်ကြီး၏ သားဖြစ်သူ လက်ထောက်သမဝါယမ မင်းကြီး ဦးမောင်မောင်ပြားတို့ ဖြစ်ကြသည်။
မြန်မာ့သမဝါယမလှုပ်ရှားမှုသည် အတက်အဆင်းများ စွာဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မှေးမှိန်ခဲ့ရ ပါသည်။သို့အတွက် ခေတ်ကာလနှင့် လိုက်လျောညီထွေရှိမည့် ၁၉၉၂ ခုနှစ် သမဝါယမအသင်း ဥပဒေအသစ်ကို ပြဋ္ဌာန်း ဆောင်ရွက်နေသော်လည်း မြန်မာ့သမဝါယမ၏ အကောင်းဆုံး ခေတ်ကာလဖြစ်သော ကိုလိုနီခေတ် နောက်ပိုင်းနှင့် လွတ်လပ်ရေးရပြီး ပါလီမန်ခေတ်ကုန်ဆုံး ချိန်ကာလများက ပြည်သူလူထု၏ ယုံကြည်အားကိုးမှု အဆင့်သို့ မရောက်သေးပါ။ မြန်မာနိုင်ငံတွင် သမဝါယမ စနစ်ကို ယုံကြည်မှု အားနည်း နေပါသည်။ ဥပမာအားဖြင့် ကမ္ဘာ့လူဦးရေ၏ ၁၃ ဒသမ ၉၄ ရာခိုင်နှုန်းက သမဝါယမ အသင်းသား များဖြစ်နေချိန်တွင် မြန်မာနိုင်ငံ၌ လူဦးရေ၏ ငါးရာခိုင်နှုန်းခန့်သာ ရှိသေးသည်ဟု သိရသည်။ ဤသို့ ဖြစ်ရသည်မှာ အတိတ်ကာလက သမဝါယမ လုပ်မှား ကိုင်မှားများကြောင့် ဖြစ်ပါသည်။ ဤဖြစ်စဉ် ဖြစ်ရပ်များက သမဝါယမ၏ သရုပ် (Co-operative Identity) ကို ပျက်ယွင်းစေပါသည်။ ထို့ကြောင့် လည်း အတိတ်၏ အကောင်းအဆိုး သင်ခန်းစာနှစ်မျိုးစလုံးကိုရယူကာ သမဝါယမအသင်းများ ဖြစ်ထွန်းအောင်မြင် ရေးကို လက်တွေ့ကျကျ ဆောင်ရွက် ကြဖို့လိုပါမည်။
ယနေ့မြန်မာနိုင်ငံတွင် သမဝါယမလုပ်ငန်းများကို မွန်မြတ်သော တိုင်းကျိုးပြည်ပြုလုပ်ငန်းများအဖြစ် ရောက်ရှိ အောင် ဆောင်ရွက်လျက်ရှိပါသည်။ တစ်ဖက် တွင်လည်း မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့်အလျောက် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ စိုက်ပျိုးရေးကဏ္ဍ၌ ကြုံတွေ့ရသည့် အခက် အခဲများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင်ရှိသည့် စိုက်ပျိုးရေး ကုန်ထုတ်သမဝါယမ အသင်းများ၏ ဝိုင်းဝန်း ပူးပေါင်း ဖြေရှင်း ဆောင်ရွက်မှုကြောင့် အောင်မြင် ကျော်လွှားနိုင်ခဲ့သည့် အတွေ့အကြုံလည်းရှိပါသည်။ နိုင်ငံတော် အစိုးရ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ် (၈) ရပ်တွင် ကျေးလက် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးသည် တစ်ခုအပါအဝင်ဖြစ်နေပါသည်။ သို့အတွက် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်များလည်း လိုအပ်သဖြင့် သမဝါယမတက္ကသိုလ်နှစ်ခု၊ ကောလိပ် နှစ်ခု၊ သင်တန်းကျောင်း လေးကျောင်းနှင့် ကူးသန်း သုံးခု ဖွင့်လှစ်ကာ လေ့ကျင့် ပညာပေးလျက် သမဝါယမ လုပ်ငန်းများ ပြည်သူလူထုအကြားပျံ့နှံ့ရေး ဆောင် ရွက်နေသည် ကိုလည်း တွေ့ရှိရပါသည်။
နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှု၊ သမဝါယမ ဝန်ကြီးဌာနတို့၏ ကြိုးပမ်းအားထုတ်မှုတို့ဖြင့် အသင်း သား ပြည်သူများလိုအပ်နေသည့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် အိမ်တွင်းလုပ်ငန်းများအတွက် အသေးစားအရင်း အနှီး ချေးငွေထုတ်ချေးခြင်း၊ လယ်ယာနှင့် အခြား လုပ်ငန်းသုံးပစ္စည်းများကို အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချ ပေးခြင်း၊ သမဝါယမအသင်းများ အဆင့်မြှင့် တင်ခြင်း စသည့်လုပ်ငန်းသုံးရပ်ကို အကောင်အထည် ဖော်ဆောင် ရွက်နေသည်ကို တွေ့ရပါသည်။ အသင်း သားများအပါအဝင် သက်ဆိုင်သူအားလုံးကလည်း သမ ဝါယမ လုပ်ငန်းစဉ်များ အောင်မြင်ရေး သမဝါယမ အသင်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ အသင်း သားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် သမဝါယမစနစ်အပေါ် ယခင်က မှားယွင်းစွာ ထားရှိခဲ့သည့် သဘောထားအမြင်များကို ပြောင်းလဲကြ ရမည် ဖြစ်ပါသည်။ ထိုသို့ ပြောင်းလဲခြင်းနှင့်အတူ သမဝါယမစနစ်၏ အနှစ်သာရဖြစ်သော ကိုယ့်အား ကိုယ်ကိုး ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စည်းလုံး ဆောင်ရွက်ခြင်း၊ မျှတစွာ အကျိုးခံစားခွင့် ရှိခြင်းဟူသည့် အချက်များနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ပါမည်။
အမှန်တကယ်အားဖြင့် ယနေ့နိုင်ငံတော်က ဆောင်ရွက်နေသည့် သမဝါယမလုပ်ငန်းစဉ်များသည် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အခြေခံကျပြီး ဤလုပ်ငန်းစဉ်များ အောင်မြင်သည်နှင့်အမျှ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ် သည့် ဆင်းရဲမှုနှုန်း လျှော့ချရေးနှင့် ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက်များ အကောင်အထည်ဖော် ရေးကို ထိရောက်စွာ ဆောင်ရွက်မည်ဖြစ်ပါသည်။ သို့အတွက် ယခုနှစ်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ၏ ဆောင်ပုဒ်ဖြစ်သော ''သာတူညီမျှ သမဝါယမ'' ဟူသည့် စကားရပ်နှင့် အညီ ''လူသားတိုင်းတွင် တူညီသည့် လေးစားမှုနှင့် တူညီသည့် ဂုဏ်သိက္ခာရှိမှုများကို ရရှိခံစား ပိုင်ခွင့်ရှိသော သမဝါယမစနစ်'' အောင်မြင်တိုးတက် ရေးကို လက်တွဲ ညီညီ ဆောင်ရွက်ကြဖို့ လိုအပ်ပါ ကြောင်း အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြု ကြိုဆိုလျက် တိုက်တွန်းလိုက်ရပါသည်။ ။
မောင်ခိုင်မာ(အထက်မင်းလှ)

No comments:

Post a Comment