Saturday, June 27, 2015

ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ပြင်ဆင်ခြင်း (ဆောင်းပါး)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ရှုထောင့် အမျိုးမျိုးမှ သုံးသပ်ရေးသားသည့် ဆောင်းပါးများအနက် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ အများပြည်သူဝန်ဆောင်မှု မီဒီယာဆိုင်ရာစံနှုန်းများနှင့်ကိုက်ညီသော ဆောင်းပါးများကို ရွေးချယ်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

ဆောင်းပါးတွင် ဖော်ပြထားသည့် သုံးသပ်ချက်များသည် ဆောင်းပါးရှင်၏ ကိုယ်ပိုင်ရှုမြင် သုံးသပ်ချက်များသာဖြစ်ပြီး သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၏ အယူအဆမဟုတ်ပါ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို စိတ်ဝင်စားသူများ အနေဖြင့်လည်း ဆောင်းပါးများ ရေးသားပေးပို့နိုင်ပြီး သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၏ မူဝါဒနှင့် ကိုက်ညီပါက ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်သည့် ဥပဒေမူကြမ်းနှစ်စောင်အား ပြည်သူများသိရှိလေ့လာအကြံပြုနိုင်ရန် နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြခဲ့ ပါသည်။ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဥပဒေသမားများသာ တာဝန်ရှိသည် မဟုတ်ဘဲ ပြည်သူများ ကလည်း လေ့လာ အကြံပြုသင့်ပါ၍ ဤဆောင်းပါးကို ရေးသား ဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ သဘာဝ
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံအတွင်းရှိ ဥပဒေအားလုံး၏ မူလအခြေခံဖြစ်ပြီး နိုင်ငံသားတို့၏ မျှော်လင့်ချက်၊ ယုံကြည်ချက်များကို ထင်ဟပ်ထားသည့် ဥပဒေကြီးဖြစ်ပါသည်။ ထိုအခြေခံဥပဒေကို ပညာရှင် များက-
(က) အက္ခရာတင်ထားသော အခြေခံဥပဒေ (Written Constitu-tion) နှင့် အက္ခရာတင်မထားသော အခြေခံဥပဒေ (Unwritten Constitution) နှင့်
(ခ) ပြုပြင်ပြောင်းလဲရန် လွယ်ကူသော အခြေခံဥပဒေ (Flexible Constitution) နှင့် ပြုပြင်ပြောင်းလဲရန် ခက်ခဲသော အခြေခံ ဥပဒေ (Rigid Constitution) ဟူ၍ ခွဲခြားလေ့လာကြသည်။
အက္ခရာတင်ထားသော အခြေခံဥပဒေဆိုသည်မှာ ပုဒ်မများတပ်၍ တရားဝင်တိကျစွာ ရေးဆွဲပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေမျိုး ဖြစ်သည်။ (ဥပမာ- အမေရိကန် ဖွဲ့စည်းပုံခြေခံဥပဒေ) အက္ခရာတင်မထားသော အခြေခံ ဥပဒေ ဆိုသည်မှာ ရိုးရာဓလေ့ထုံးစံများအပေါ် အခြေခံ၍ ဥပဒေအဖြစ် စုစည်းပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ (ဥပမာ-ဗြိတိသျှ ဖွဲ့စည်းပုံ အခြေခံဥပဒေ) ယခုနမူနာအဖြစ် တင်ပြသည့် ဗြိတိသျှဖွဲ့စည်းပုံ အခြေခံ ဥပဒေမျိုးသည် အက္ခရာတင် မထားသော အခြေခံဥပဒေဟု ဆိုသော်လည်း တစ်ပိုင်းတစ်စ ရေးသားထားခြင်း(Part Written) သို့မဟုတ် တစ်ပေါင်း တစ်စည်းတည်း မထားရှိခြင်း (Uncodified) သာဖြစ်ပါသည်။
ထို့ကြောင့် အခြေခံဥပဒေများကို ခွဲခြားလေ့လာရာတွင်-
(က) စုပေါင်းပြဋ္ဌာန်း ဒီကရီအဆင့် (Degree of Codification)
(ခ) အသေးစိတ်ရေးသား ဒီကရီအဆင့် (Degree of Written Detail) နှင့်
(ဂ) အက္ခရာတင်ဥပဒေ၏ မူရင်းအထောက်အထား ပြဋ္ဌာန်းချက် (Degree of Written Text of Document) အဆင့်ဆင့် တို့ကိုချိန်ထိုးကြရပါသည်။ အဘယ်ကြောင့်ဆိုသော် တကယ် လက်တွေ့ဘဝတွင် လုံးဝအက္ခရာ တင်မထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေဟူ၍ မရှိသောကြောင့်ဟု ဆိုပါသည်။
ပြုပြင်ပြောင်းလဲရန် လွယ်ကူသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ခက်ခဲသော အခြေခံဥပဒေ
''ပြုပြင်ပြောင်းလဲရန် လွယ်ကူသော ဖွဲ့စည်းပုံအခြေခံ ဥပဒေဟူသည်မှာ ၄င်းဥပဒေကို ပြုပြင်ရာတွင် အထူးယန္တရား မလိုဘဲ သာမန်ရိုးရိုးဥပဒေကို ပြုပြင်သလိုမျိုး ပြုပြင်နိုင်ခြင်းကို ခေါ်သည်'' ဟု စီအက်ဖ်-စထရောင်း (C.F.Strong) က ဆိုသည်။ တစ်နည်းအားဖြင့် လုပ်နည်းလုပ်ဟန်တစ်ရပ် မရှိဘဲ ပြုပြင်နိုင်သော အခြေခံဥပဒေကို ခေါ်ဆိုခြင်းဖြစ်သည်။ (ဥပမာ-ဗြိတိသျှ ဖွဲ့စည်းပုံအခြေခံဥပဒေ)
ပြုပြင်ပြောင်းလဲရန်ခက်ခဲသော အခြေခံဥပဒေဆိုသည်မှာ သာမန် ဥပဒေများ ပြင်ဆင်သကဲ့သို့ ပြုလုပ်၍မရသော အခြေခံ ဥပဒေမျိုးဖြစ်သည်။ တစ်နည်းအားဖြင့် ပြင်ဆင်ပြောင်းလဲရန် ကန့်သတ်ချက်၊ သတ်မှတ် ပြဋ္ဌာန်းချက်များရှိနေပါက ၄င်းကို ပြုပြင်ပြောင်းလဲရန် ခက်ခဲသော အခြေခံ ဥပဒေဟု ခေါ်ကြရပေမည်။
ဥပမာ-၁၇၈၉ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ နှစ်ပေါင်း (၁၈၃) နှစ်အတွင်း ပြင်ဆင်ချက် (၂၆) ခုသာရှိခဲ့သော အမေရိကန် ပြည်ထောင်စု၏ ဖွဲ့စည်းပုံ အခြေခံဥပဒေမျိုး ဖြစ်သည်။ ထိုဥပဒေ(၂) မျိုး စလုံးတွင် အားသာချက်၊ အားနည်းချက်များ ရှိပါသည်။
ပြုပြင်ပြောင်းလဲရန်ခက်ခဲသော အခြေခံဥပဒေကို ပြင်ဆင်ခြင်း
အောက်ပါနည်းလမ်းလေးမျိုးဖြင့် ပြင်ဆင်ကြကြောင်းတွေ့ရပါ သည်။
(က) ခြွင်းချက်ဖြင့် ဥပဒေပြုလွှတ်တော်ကပြင်ဆင်ခြင်း။ ဥပဒေ ပြုလွှတ်တော်သည် သာမန်ဥပဒေများပြုစုခြင်း၊ ပြင်ဆင်ခြင်း မျိုးကဲ့သို့ အခြေခံဥပဒေကို မပြင်ဆင်နိုင်ပါ။ သတ်မှတ်ထား သော လွှတ်တော်အမတ်ဦးရေ၏ အများစုသဘောတူဆုံးဖြတ် ချက်ဖြင့် ပြင်ဆင်ကြခြင်းဖြစ်ပါသည်။ အချို့နိုင်ငံများတွင် လက်ရှိဥပဒေပြုအဖွဲ့က သတ်မှတ်ထားသော မဲအရေအ တွက် ဖြင့် ပြင်ဆင်ခြင်းမျိုးကိုလည်း တွေ့ရသည်။ ထို့အပြင် အခြေခံ ဥပဒေကို ပြင်ဆင်လိုသောအခါ လက်ရှိဥပဒေပြုအဖွဲ့ကို ဖျက်သိမ်းပြီး ဥပဒေပြုအဖွဲ့သစ်တစ်ခုဖြင့် ပြင်ဆင်ကြသည် လည်း ရှိပါသည်။
(ခ) ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြင်ဆင်ခြင်း။ အချို့နိုင်ငံများတွင် ဥပဒေပြုအဖွဲ့က အခြေခံဥပဒေကို ပြင်ဆင်ခွင့် မရှိသော ကြောင့် မဲဆန္ဒရှင်များအား ပြင်ဆင်ချက်ကို ကြိုက်/မကြိုက် မေးမြန်း ဆန္ဒခံယူပြင်ဆင်ခြင်း ဖြစ်ပါသည်။
(ဂ) အထူးဖွဲ့စည်းကျင်းပသော လွှတ်တော်ကပြင်ဆင်ခြင်း။ အချို့ နိုင်ငံများတွင် ဥပဒေပြုအဖွဲ့ကိုဖျက်သိမ်း၍ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆွဲရေး အဖွဲ့သစ်ကို ရွေးချယ်ပြီး ထိုအဖွဲ့သစ်ဖြင့် ပြင်ဆင်ခြင်းဖြစ်သည်။ ဤနည်းလမ်းက အချိန် ကုန်ခြင်း၊ ငွေကုန်ခြင်းကြောင့် အသုံးပြုမှုနည်းပါးကြောင်း တွေ့ရသည်။
(ဃ) ပြည်နယ်များ၏ မဲဆန္ဒဖြင့်ပြင်ဆင်ခြင်း။ အချို့သော ပြည်ထောင်စုနိုင်ငံများတွင် ဗဟိုအစိုးရ၌ အခြေခံဥပဒေ ပြင်ဆင် ခွင့်မရှိဘဲ ပြည်နယ်များသို့ ခွဲဝေပေးထားခြင်းဖြစ်၍ အခြေခံ ဥပဒေကို ပြင်ဆင်လိုပါက ပြည်နယ်များသို့ တင်ပြပြီး ပြည်နယ် အများစု၏ သဘောတူညီချက်ဖြင့် ပြင်ဆင်ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ အခြေခံဥပဒေများနှင့် ပြင်ဆင်ခြင်း
မြန်မာနိုင်ငံတွင် ၁၉၄၇ အခြေခံဥပဒေ၊ ၁၉၇၄ အခြေခံဥပဒေနှင့် ၂ဝဝ၈ အခြေခံဥပဒေဟူ၍ ရှိသည်။ ၁၉၄၇ အခြေခံ ဥပဒေတွင် အခန်း(၁၄)ခန်း၊ ပုဒ်မပေါင်း (၂၃၄) ခုပါဝင်ပြီး အခန်း(၁၁) ပုဒ်မ(၂ဝ၇) မှ (၂၁ဝ) အထိသည် အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းဖြစ်သည်။ ၁၉၄၇ အခြေခံ ဥပဒေသည် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တပ်မတော်အာဏာ လွှဲပြောင်းရယူသောအခါ ချုပ်ငြိမ်းခဲ့ရသည်။ ၁၉၇၄ အခြေခံဥပဒေတွင် အခန်း(၁၆)ခန်း၊ ပုဒ်မပေါင်း( ၂ဝ၉)ခုရှိပြီး အခန်း(၁၅)၊ ပုဒ်မ (၁၉၄)တွင် အခြေခံဥပဒေ ပြင်ဆင်ခြင်းကို ပြဋ္ဌာန်းထားကြောင်း လေ့လာတွေ့ရှိရသည်။ ၁၉၇၄ အခြေခံ ဥပဒေသည်လည်း ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်၌ ဖြစ်ပွားခဲ့သော အခြေအနေ အရပ်ရပ်ကြောင့် တပ်မတော်က နိုင်ငံတော် တာဝန်အရပ်ရပ်ကို လွှဲပြောင်း ရယူခဲ့သောအခါ ပျက်ပြယ်ခဲ့ရပြန်ပါသည်။
နိုင်ငံတော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်သည့် အစိုးရတစ်ရပ် ရှိရန် လိုအပ်သည့်အလျောက် ၁၉၉၉ ခုနှစ်မှစတင်၍ အမျိုးသားညီလာခံ ကျင်းပပြီး အခြေခံဥပဒေကို ရေးဆွဲခဲ့သည်။ အဆိုပါ အခြေခံဥပဒေကို ၂ဝဝ၈ ခုနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည်။ ၂ဝဝ၈ အခြေခံ ဥပဒေတွင် အခန်း(၁၅)ခန်း၊ ပုဒ်မပေါင်း (၄၅၇)ခု၊ ဇယား (၅)ခုရှိပြီး အခန်း(၁၂) သည် အခြေခံဥပဒေပြင်ဆင်ခြင်း အခန်းဖြစ်ပါသည်။ အခန်း(၁၂)တွင် ပုဒ်မ (၄၃၃)၊ (၄၃၄) နှင့် (၄၃၅)တို့မှာ ပြင်ဆင်လိုပါက သတ်မှတ်သည့် နည်းလမ်းများကို ဖော်ပြထားပြီး ပုဒ်မ (၄၃၆) (က) တွင် ''ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉ မှ ၆ဝ ထိ၊ အခန်း(၄) ပုဒ်မ ၇၄၊ ၁ဝ၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂ဝဝ၊၂ဝ၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃ဝ၅၊ ၃၁၄၊ ၃၂ဝ၊ အခန်း (၁၁) ပုဒ်မ ၄၁ဝ မှ ၄၃၂ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် လောင်းအားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံ ပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲမေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်''ဟု ဖော်ပြထားပါသည်။ ပုဒ်မ(၄၃၆)(ခ)တွင် ''ပုဒ်မခွဲ(က)တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြား ပြဋ္ဌာန်းချက်များကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး ၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်''ဟူ၍ ပြဋ္ဌာန်းထားပါ သည်။
ဖော်ပြပါပုဒ်မ ၄၃၆ ကို အနှစ်ချုပ်ကြည့်လျှင်(က)ပုဒ်မ ၄၃၆(က)တွင် ဖော်ပြထားသည့် မူဝါဒပိုင်းဆိုင်ရာ ပုဒ်မများကို ပြင်ဆင်မည် ဆိုပါက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူရပါမည်။
(ခ) ပြည်ထောင်စုလွှတ်တော်က သဘောတူလျှင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲရရှိရမည်ဖြစ်သည်။ (ဂ) မူဝါဒ ပိုင်းဆိုင်ရာမဟုတ်သော ပုဒ်မများ ကိုပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်ကိုယ် စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမည်ဟူသည့် အချက်(၃)ချက်ကို တွေ့ရှိရပါသည်။ ယခု ပြင်ဆင် သည့် ဥပဒေမူကြမ်းတွင် ထိုအချက်များကို ပြင်ဆင်ရန် ပြဋ္ဌာန်းထားပါသည်။
လူ့ဘောင်လောကတွင် ပြီးပြည့်စုံသည် မရှိဖြစ်၍ အခြေခံ ဥပဒေတိုင်းတွင် ပြင်ဆင်မှုအခန်းကို မဖြစ်မနေ ထည့်သွင်း ပြဋ္ဌာန်း ရပေသည်။ လက်တွေ့ဘဝတွင်လည်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ခေတ်ကာလနှင့် လိုက်လျော ညီထွေ မရှိလျှင် သော်လည်းကောင်း၊ ဒီမိုကရေစီ နှုန်းစံတန်ဖိုးများ အားနည်းလျှင်သော်လည်းကောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မှု အားနည်းလျှင်သော်လည်းကောင်း (သို့မဟုတ်) ပြည်သူအများစုက လက်ခံနိုင်ခြင်းမရှိတော့ လျှင် သော်လည်းကောင်း ပြင်ဆင်ကြရမည်သာ ဖြစ်ပါသည်။ သို့သော် ပြင်ဆင်ချက်များသည် အခြေခံဥပဒေ ပိုမိုအားကောင်း လာစေရေး စွမ်းဆောင်ရည်မြင့်မားလာစေရေး၊ သက်ဝင် လှုပ်ရှားနေစေရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဦးတည် ချက်ထားရမည် ဖြစ်ပါသည်။
ဥပဒေမူကြမ်းကို လေ့လာပါ၊ ပြီးလျှင်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ မူကြမ်း နှစ်စောင်အနက်(၁၁-၆-၂ဝ၁၅)တွင် ပြင်ဆင် ရန် ပုဒ်မ(၅)ခု၊ (၁၂-၆-၂ဝ၁၅) တွင် ပြင်ဆင်ရန် ပုဒ်မ (၃ဝ)ပါရှိပါသည်။ ပုဒ်မ (၃ဝ)ခုတွင် ဇယား(၁)နှင့် (၂)လည်း ပါဝင်ပါသည်။ ပြင်ဆင်သည့် ဥပဒေမူကြမ်းကိုလေ့လာရာတွင် အထောက် အကူ ဖြစ်စေရန်အတွက် မူလဖွဲ့စည်းပုံ အခြေခံဥပဒေ ၂ဝဝ၈ ပါ ပြဋ္ဌာန်းချက်များနှင့် ဥပဒေကြမ်းပါ ပြင်ဆင်လို သည့် ပြဋ္ဌာန်းချက် များကို နှိုင်းယှဉ်ဖော်ပြထားသည့် ဇယားကိုလည်း နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြထားသည့်အတွက် လွယ်ကူ ရှင်းလင်းစွာ ယှဉ်တွဲလေ့လာနိုင်ပါသည်။ ပြည်သူများ အနေဖြင့် ပြင်ဆင်ချက် မူကြမ်းပါ အချက်များအနက်၊ အနည်းဆုံးတော့ ပြည်သူတို့၏ အခွင့်အရေး အာဏာသုံးရပ်ပိုင်းခြားခြင်း၊ သမ္မတရွေးချယ်ခြင်း၊ အခြေခံဥပဒေပြင်ဆင်ခြင်း နှင့် ဇယား(၁)(၂) တို့ကို လေ့လာသင့်ပါသည်။ ထိုမှတစ်ဆင့်တက်၍ အကြံပြု သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် အရေးကြီး လို့ပါ။ ဥပမာ-အာဏာ သုံးရပ်ပိုင်းခြားမှု (Check and Balance) သဘောတရား အားနည်းလျှင် လူ့အခွင့်အရေးများဆုံးရှုံးမည်။ အာဏာသုံးရပ်ပိုင်းခြားခြင်းမရှိလျှင် သက်ဦး ဆံပိုင်ဖြစ်ကာ အုပ်စိုးသူ အကြီးအကဲသည် ဥပဒေပြုသူ (Law Maker)၊ ဥပဒေချိုးဖောက်သူ ((Law Breaker)၊ ဥပဒေကို မိမိအလိုကျအဓိပ္ပာယ် ဖွင့်သူ(ဥပဒေအထက်မှာနေသူ) (Interpreter)နှင့် စီမံအုပ်ချုပ်သူ (Administrator)ဟူ၍ တစ်ဦးတည်းကသာ လေးကိုယ်ခွဲ သရုပ်ဆောင် သွားပေလိမ့်မည်။ ဤအခြေအနေမှာ စိုးရိမ်ဖွယ်ရာဖြစ်သည်။
ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟု ဆိုရာတွင် မူလ ဥပဒေ(၂ဝဝ၈) သတ်မှတ်ချက်အတိုင်း ပြင်ဆင်မည်လော။ ယခုဆောင်းပါး တွင် ဖော်ပြပါရှိသော ''ပြုပြင်ပြောင်းလဲရန်ခက်ခဲသည့် အခြေခံဥပဒေကို ပြင်ဆင်ခြင်း'' ခေါင်းစဉ်ပါ နည်းလမ်းလေးမျိုးအနက် မည်သည့်နည်းလမ်းဖြင့် ပြင်ဆင်မည်။ မည်သည့်အချိန်တွင် ပြင်ဆင်မည်(၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ (သို့မဟုတ်) ရွေးကောက်ပွဲပြီး (သို့မဟုတ်) ရွေးကောက်ပွဲနှင့် တစ်ပြိုင်နက်)စသည်တို့မှာ စိတ်ဝင်စားဖွယ် ရာ ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရပါလျှင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တော့မည့် ယနေ့ကာလလို အရေးကြီးကာလဝယ် ကျွန်ုပ်တို့ မဲဆန္ဒရှင် ပြည်သူများသည် ရရှိလာသည့်အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ လေ့လာ အကြံပြုသင့်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များကလည်း ''ပြည်သူ့အသံ လွှတ်တော်အသံ'' ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူတို့ ကိုယ်စား ပြုသော ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်ထားသော စေတနာများဖြင့် အခြေခံဥပဒေပြင်ဆင်ရေး အမျိုးသားရေး တာဝန်ကြီးကို ကျေပွန်စွာ ထမ်းဆောင်သင့်ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါသည်။
မောင်ခိုင်မာ(အထက်မင်းလှ)

No comments:

Post a Comment