Tuesday, June 30, 2015

ဒီမိုကရေစီဖော်ဆောင်ရေးနှင့် လူမှုစီးပွားပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများတွင် ဆက်လက် အားပေး ထောက်ပံ့ သွားရန်အသင့်ရှိ

အူလန်ဘာတာ ဇွန် ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့အကြား ပူးတွဲကြေညာချက် တစ်ရပ်ကို ဇွန် ၂၉ ရက်တွင် အူလန်ဘာတာမြို့၌ ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့အကြား ပူးတွဲကြေညာချက်
(အူလန်ဘာတာမြို့)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မွန်ဂိုလီးယားနိုင်ငံသမ္မတ မစ္စတာ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ်၏ ဖိတ်ကြားချက်အရ ၂ဝ၁၅ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှ ၃ဝ ရက်နေ့ အထိ မွန်ဂိုလီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် လာရောက်ခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် သမ္မတ မစ္စတာ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျနှင့် ထိပ်သီးအစည်းအဝေး တစ်ရပ် ကျင်းပခဲ့ သည်။
နှစ်နိုင်ငံသမ္မတများသည် ရင်းနှီးဖော်ရွေစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး တည်တံ့ခိုင်မြဲရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့တွင် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်များအတွင်း အဆင့်မြင့် အရာရှိကြီးများအဆင့်တွင် အပြန်အလှန်လည်ပတ်မှုများသည် နှစ်နိုင်ငံ အကြားရှိ ပူးပေါင်းဆောင်ရွက်မှုများကို သိသာထင်ရှားစွာ အရှိန်မြှင့်တင်နိုင်ခဲ့ခြင်းအား နှစ်နိုင်ငံခေါင်းဆောင် များက အသိအမှတ်ပြုခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ မွန်ဂိုလီးယားနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက် သည့် သမိုင်းဝင်ခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုသာမက နှစ်ဖက် ပြည်သူများအကြား အပြန်အလှန်ထိတွေ့ဆက်ဆံမှုများ ပိုမိုနက်ရှိုင်းလာစေရေးအတွက် တွန်းအားတစ်ခု ဖြစ်သည်ဟု သမ္မတ မစ္စတာ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျက အလေးထားပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် နိုင်ငံတွင်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် များသည် ပုံမှန်ဆက်လက် တိုးတက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်မှုနှင့် ဒီမိုကရေစီဖော်ဆောင်မှုနယ်ပယ်များတွင် သိသာထင်ရှားသော အောင်မြင်မှုများ ရရှိနေသည့်အပေါ် မွန်ဂိုလီးယားနိုင်ငံအနေဖြင့် အသိအမှတ်ပြုခဲ့သည်။ ဒီမိုကရေစီ၊ ပွင့်လင်း သည့်လူ့အဖွဲ့အစည်းနှင့် လူ့အခွင့်အရေးကိစ္စများတွင် နှစ်နိုင်ငံစလုံးအနေဖြင့် အလေးထား ဖော်ဆောင် လျက်ရှိမှုကို မွန်ဂိုလီးယားသမ္မတက မှတ်သားပြီး မွန်ဂိုလီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် လူမှုစီးပွားပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများတွင် ဆက်လက်အားပေး ထောက်ပံ့ သွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
မွန်ဂိုလီးယားနိုင်ငံ အနေဖြင့် ၎င်း၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဈေးကွက်စီးပွားရေး စနစ်ပြောင်းလဲမှု ကာလများအတွင်း တွေ့ကြုံခဲ့ရသည့်အ တွေ့အကြုံများနှင့် သင်ခန်းစာများ မျှဝေရာတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် နှစ်ဖက်စလုံးမှ သဘောတူခဲ့ကြသည်။
မြန်မာနိုင်ငံ၌ မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်း လဲမှုတွင် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း နှစ်ဖက်သမ္မတများက မှတ်ချက်ပြုခဲ့ပြီး မွန်ဂိုလီးယား နိုင်ငံအနေဖြင့် ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပခြင်းဆိုင်ရာ အတွေ့အကြုံများကို ဖလှယ်သွားရန်နှင့် မွန်ဂို လီးယားနိုင်ငံမှ လေ့လာရေးအဖွဲ့များ မြန်မာနိုင်ငံသို့ စေလွှတ်ရန် နှစ်ဖက်သက်ဆိုင်ရာ တာဝန်ရှိ သူများအကြား ပူးပေါင်းဆောင် ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံသမ္မတများ အနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ နယ်ပယ်များ အထူးသဖြင့် ကမ္ဘာ့ကုလ သမဂ္ဂနှင့် အာဆီယံဒေသဆိုင်ရာ ဖိုရမ်တို့တွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရေးသည် အရေးကြီးကြောင်း ထပ်လောင်း အတည်ပြုခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်းအပေါ် မွန်ဂိုလီးယားနိုင်ငံဘက်မှ ဂုဏ်ပြုပြောကြားခဲ့ပြီး မွန်ဂိုလီးယား နိုင်ငံသည် အာဆီယံအဖွဲ့ကြီး၏ ဆွေးနွေးဖက် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရေးနှင့် အရှေ့တောင် အာရှထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ရေး ကြိုးပမ်းအားထုတ်မှုများတွင် ဆက်လက်ကူညီ ထောက်ပံ့ပေးနိုင်မည်ဟု မွန်ဂိုလီးယားနိုင်ငံမှ မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။
မွန်ဂိုလီးယားနိုင်ငံ အနေဖြင့် ၂ဝ၁၆ ခုနှစ်တွင် (၁၁)ကြိမ်မြောက် အာရှ-ဥရောပထိပ်သီး အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့်အပေါ် မြန်မာနိုင်ငံမှ ဂုဏ်ပြုပြောကြားခဲ့ပြီး အာရှ-ဥရောပ ထိပ်သီး အစည်းအဝေး ကျင်းပရေး လုပ်ငန်းစဉ်များတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်နှင့်ဆွေးနွေးညှိနှိုင်းရေး နိုင်ငံတစ်နိုင်ငံအဖြစ် ကူညီဆောင်ရွက် သွားရန်အသင့်ရှိကြောင်း မြန်မာနိုင်ငံမှဖော်ပြခဲ့ပါသည်။ ထို့ပြင် မွန်ဂိုလီးယားနိုင်ငံ၏ ၂ဝ၁၆-၂ဝ၁၈ ကာလအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုသည့် ကိစ္စနှင့် ၂ဝ၂၃-၂ဝ၂၄ ကာလအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်း မဟုတ်သော အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရမည့်ကိစ္စတို့တွင် ကူညီအားပေးရန် အသင့်ရှိကြောင်း မြန်မာဘက်မှ ဖော်ပြခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေးအား ဖြစ်နိုင်သည့် ကဏ္ဍပေါင်းစုံတွင် ပိုမိုတိုးချဲ့ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ၊ သတင်း အချက်အလက်နှင့် ကျွမ်းကျင်သူများဖလှယ်ရေး စသည်တို့ကို အားပေးမြှင့်တင်သွားရန် နှစ်ဖက်စလုံးမှ စိတ်ဝင် စားမှုရှိကြောင်း ဖော်ပြခဲ့သည်။ ကုန်သွယ်ရေး၊ သတ္တုကဏ္ဍ၊ ကမ္ဘာလှည့်ခရီးသွားလာရေးကဏ္ဍ၊ ယဉ်ကျေးမှုနှင့် စီးပွားရေးကဏ္ဍများသည် နှစ်ဖက်စလုံး အကျိုးဖြစ်ထွန်းစေမည့် အလားအလာရှိသော ပူးပေါင်း ဆောင်ရွက်ရေး နယ်ပယ်များ ဖြစ်လာနိုင်ကြောင်း နှစ်ဖက်စလုံးမှ အလေးထားပြောကြားခဲ့သည်။
မွန်ဂိုလီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် တွင်းထွက် သယံဇာတ ပေါကြွယ်ဝသည့်နိုင်ငံများဖြစ်ရာ သတ္တုတွင်းကဏ္ဍ၊ အထူးသဖြင့် သဘာဝသယံဇာတများကို သင့်လျော်စွာအသုံးချရေး၊ ဥပဒေရေးရာ ဖွံ့ဖြိုး တိုးတက် လာစေရေး၊ ဘူမိဗေဒဆိုင်ရာ တူးဖော်မှုတွင် ကျွမ်းကျင်မှုဖလှယ်ရေးနှင့် အရင်းအမြစ် တူးဖော်မှု လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ရှိရေးလုပ်ငန်းစဉ် (EITI)နှင့် မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်သွားရေး စသည့်ပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းများ ရှာဖွေသွားရန် နှစ်ဖက်စလုံးမှ သဘောတူညီခဲ့သည်။
နှစ်နိုင်ငံအကြား ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား ဆက်ဆံမှု တည်ထောင်ခြင်း၊ နှစ်ဖက်ကျောင်းသားများ အပြန်အလှန်ဖလှယ်ခြင်း၊ မွန်ဂိုလီးယားနှင့် မြန်မာဘာသာစကား လေ့လာမှုများ တိုးမြှင့်ခြင်းတို့မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်သွားရန် မွန်ဂိုလီးယားနိုင်ငံ အနေဖြင့် စိတ်ပါဝင်စားမှုရှိကြောင်း ဖော်ပြခဲ့သည်။
နှစ်နိုင်ငံသမ္မတများ အနေဖြင့် နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ဆက်ဆံမှုနှင့် လူငယ်များ အပြန်အလှန် ဖလှယ်မှုတို့မှတစ်ဆင့် နှစ်ဖက်ပြည်သူများအကြား ပိုမိုသိရှိ နားလည်လာစေရေးနှင့် အပြန်အလှန်နားလည်မှု တိုးမြှင့်သွားရန် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
၂ဝ၁၆ ခုနှစ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် မွန်ဂိုလီးယား နိုင်ငံတို့အကြား သံတမန် ဆက်ဆံရေး ထူထောင်သည့် နှစ်(၆ဝ)ပြည့် အထိမ်းအမှတ်နှစ်ဖြစ်ရာ နှစ်နိုင်ငံစလုံးတွင် ယဉ်ကျေးမှုအခမ်းအနားများ ကျင်းပသွားရန် နှစ်နိုင်ငံ သမ္မတများက သဘောတူညီခဲ့သည်။
နှစ်နိုင်ငံ သမ္မတများရှေ့မှောက်၌ အောက်ပါစာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခဲ့သည်။
(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် မွန်ဂိုလီးယား နိုင်ငံတို့အကြား ခရီးသွားလာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက် ရေးဆိုင်ရာ သဘောတူညီချက်၊
(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နေပြည်တော်ကောင်စီနှင့် မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာ မြို့တော်ကောင်စီ တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊
(ဂ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မွန်ဂိုလီးယားနိုင်ငံ အမျိုးသားကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းတို့အကြား နားလည် မှု စာချွန်လွှာ။

No comments:

Post a Comment