Monday, June 29, 2015

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ Angkor Wat ယဉ်ကျေးမှု နယ်မြေအတွင်း သွားရောက်ကြည့်ရှုလေ့လာ


နေပြည်တော်၊ ဇွန် - ၂၉
ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ Siem Reap မြို့ရှိ အန်ကောဝပ်ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက အန်ကောဝပ် ယဉ်ကျေးမှု နယ်မြေ အတွင်းရှိ Angkor Wat Temple ၊ Taprom Temple နှင့် Bayon Temple တို့၏ နောက်ခံသမိုင်းကြောင်း၊ ဘုရားကျောင်းဆောက်လုပ်မှုအခြေအနေ၊ လက်ရှိယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ရေရှည်တည်တံ့ရေး ထိန်းသိမ်းမှု အခြေအနေများအား ဘုရားကျောင်းဆောင် တစ်ခုချင်းအလိုက် ရှင်းလင်းပြခဲ့ကြပါသည်။

Angkor Wat Temple သည် ခရစ်သက္ကရာဇ် ၁၁၁၂ နှင့်  ၁၁၅၀ ကြား ဘုရင် Suryavarman II က Siem Reap မြို့အနီး အာရှတိုက်၌ အကြီးဆုံရေကန်ဖြစ်သည့် Tonle Sap ကန်၏မြောက်ဘက် ကမ်းခြေတွင် ကမ္ဘာ့အံ့ဖွယ်ရာ အကောင်းဆုံး ဗိသုကာလက်ရာများဖြင့် တည်ဆောက်ခဲ့ကြပြီး မြန်မာနိုင်ငံရှိ ပုဂံနှင့် ခေတ်ပြိုင် ဖြစ်ကြောင်း သိရှိရပါသည်။ Angkor ဧရိယာသည် အရှေ့နှင့်အနောက် ၁၅ မိုင် တောင်နှင့်မြောက် ၅ မိုင်ကျယ်ဝန်းပြီး အဓိက စေတီပုထိုးပေါင်း ၇၂ ဆူရှိပြီး အရပ်လေးမျက်နှာတွင် မိုင်ဝက်ခန့်ရှိသော တံတိုင်းဖြင့် ကာရံထားကြောင်း၊ ဘုရားကျောင်းအား ကျုံးဖြင့်ဝန်းရံလျက် ၂၅၀ မီတာရှည်လျား၍ ၁၂ မီတာအကျယ်ရှိသော လျှောက်လမ်းအား ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး ဘုရားကျောင်းသည် ၆၅ မီတာမြင့်၍ ကြီးမားသောထုထည်ရှိကြောင်း၊ Angkor Wat ဘုရားကျောင်း အတွင်း ဟိန္ဒူဘာသာနှင့် မဟာယနဗုဒ္ဓဘာသာ အယူအဆ ဘုရား၊ ပုထိုး၊ ရုပ်ထုလက်ရာများ တွေ့ရကြောင်း၊ ခမာဘုရင် Suryavarman VII သည် Angkor အင်ပါယာ၏ ပထမဦးဆုံး ဗုဒ္ဓဘာသာဝင် ဘုရင်တစ်ဦးဖြစ်ပြီး ခမာအင်ပါယာတွင် ယခင်က တည်ရှိခဲ့သော ဟိန္ဒူဝါဒနှင့် ဇာတ်စနစ်တို့အား မဟာယနဗုဒ္ဓဘာသာအဖြစ် အစားထိုးရန် ကြိုးပမ်းခဲ့ကြောင်း သိရှိရပါသည်။
Angkor Wat ကို တည်ဆောက်သော သဲကျောက်တုံးများအား ၅၀ ကီလိုမီတာအထက် ဝေးကွာသော နေရာမှ ထုတ်လုပ်ကာ Siem Reap မြစ်အတိုင်း ဖောင်များဖြင့် သယ်ယူခဲ့ကြောင်း သိရှိရပြီး ထိုခေတ်အခါက ထောင်ပေါင်းများစွာသော လူများ၏ လုပ်အားဖြင့် ၁၃ နှစ်ခန့်ကြာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ နံရံတွင် ဆေးရေးပန်းချီများ၊ ကျောက်ဆစ်ရုပ်လုံး ရုပ်ကြွများ၊ ပန်းပုလက်ရာ များဖြင့် အံ့သြဖွယ် တည်ဆောက်ထားသည်ကို တွေ့ရှိရပါသည်။ ကမ္ဘောဒီးယားအစိုးရသည် ၁၉၉၅ ခုနှစ်တွင် Angkor Wat နှင့် Siem Reap ဒေသကာကွယ်ရေးနှင့် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့(APSARA)အား စတင်ဖွဲ့စည်း၍ ၎င်းယဉ်ကျေးမှုနယ်မြေရှိ ရုပ်ထုပေါင်း ရှစ်သောင်းကျော်ကို ကာကွယ်ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

၎င်းမှတစ်ဆင့်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် Mekong-Genga Textile Museum အား လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment