Sunday, June 28, 2015

မူလတန်းကျောင်းသားကျောင်းသူများ နွားနို့နှင့်အာဟာရ တိုက်ကျွေး



မြင်းမူ ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း ၌ ကျောင်းသားကျောင်းသူများ ကျန်းမာဖွံ့ဖြိုးပြီး ဥာဏ်ရည်တိုးတက်စေရန် အတွက် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် အပတ်စဉ် အာဟာရ တိုက်ကျွေး လျက်ရှိ ရာ ဇွန် ၂၅ ရက်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းမြင့် မိသားစုက ကျောင်းသားကျောင်းသူ ၂၃၇ ဦးအား နွားနို့ နှင့်ပေါင်မုန့်များ တိုက်ကျွေးခဲ့သည်။

''ဒီလအတွင်းမှာ ကျောင်းသား ကျောင်းသူများကို တတိယအကြိမ်မြောက် အာဟာရတိုက်ကျွေးတာဖြစ်ပါ တယ်။ ကျောင်းသား များရဲ့ မိဘများက တိုက်ကျွေးသလို မြို့နယ်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ ကူညီမှုနဲ့ ပြင်ပစေတနာရှင် အလှူရှင်တွေကလည်း လာရောက် တိုက်ကျွေး လျက်ရှိပါတယ်။ ကျောင်းသား ကျောင်းသူများ အာဟာရဖွံ့ဖြိုးစေဖို့ အတွက် နွားနို့စစ်စစ်ကိုပဲ တိုက်ကျွေးပါတယ်'' ဟု ကျောင်းအုပ် ဆရာမကြီး ဒေါ်လွင်မာကြည်က ပြောသည်။
အာဟာရ တိုက်ကျွေးရာတွင် စစ်ကိုင်းခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဦးဝင်းဇင်မောင်နှင့် မြင်းမူမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါ်မြင့်မြင့်ဌေးတို့က နွားနို့သောက်သုံးခြင်း၏ အကျိုးများ ကို ကျောင်းသား ကျောင်းသူများအား ရှင်းပြခဲ့ကြသည်။
မြင်းမူမြို့ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတွင် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှစ၍ ကျောင်းသား၊ ကျောင်းသူများအား အပတ်စဉ်နွားနို့ တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
အောင်စိုးဖေ(iprd)

No comments:

Post a Comment