Sunday, June 28, 2015

ရတနာရွှေကြာ၊ လည်မှာဆွဲလို့ ပဒုမ္မာခြုံလွှာ၊ ရုံကာဝတ်ရအောင်

မေသံလွင်
ကျွန်မတို့ငယ်ငယ် ကလေးဘဝအရွယ်က ဆရာကြီးမင်းသုဝဏ်ရဲ့ကဗျာလေးတွေနဲ့ ကြီးပြင်းခဲ့ရပြီး ဆရာကြီးရဲ့ ''ကြာဆစ်ကြိုး'' ကဗျာလေးက ရင်ထဲမှာစွဲငြိခဲ့ဖူးပါတယ်။ မြေလတ်ဒေသမှာ ရှားရှားပါးပါးရှိလှတဲ့ ကြာပန်း၊ ကြာဖူး လေးတွေတွေ့ ရင် ပျော်မဆုံးဖြစ်ကြရပါတယ်။ ''ကြာရိုး၊ ကြာစွယ်၊ ဘယ်ညာဆစ်လို့၊ ရွှေကြာ ဆစ်ကြိုးဆွဲပါမယ်'' လို့ ပါးစပ်ကလည်းဆိုရင်း
ကြာပုတီးလေးတွေ၊ ကြာဆစ်ကြိုးလေးတွေလည်မှာဆွဲလို့ ကြာခွက် ထဲက အဆံလေးတွေကိုသွားရည်စာအဖြစ် စားခဲ့ကြရ တာကလည်း မမေ့နိုင်စရာ။
''ရိုးမကိုနောက်ခံထားသည် xxx စလင်းမြို့အမည်ရှိ xxx ပန်းချီကားတစ်ချပ်ရယ် xxx ကြာညိုရနံ့ တွေလှိုင်သင်းလို့ xxx xxxxxxxxxxxxxxxxxxxxxxxxxxxx အလာခရီးမဝေးပါတယ် xxx ကြာပုတီးဆွဲဘို့ xxx စလင်းမြို့ကိုလာဦးကွယ်''
''အနုပညာဌေးကြည်'' ရေးစပ်သီးကုံးပြီး အဆိုတော် ''စလင်းလှိုင်မင်း'' ရဲ့ ''စလင်းကိုသီချင်းဆိုမယ်'' ဆိုတဲ့ သီချင်းကလေးကိုကြားပြန်တော့ ကြာပုတီး ဆွဲဘို့ရယ်လို့စလင်းမြို့ကို အရောက်သွားရလောက်အောင် တင်စားခဲ့ရတဲ့ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့မှာရှိတဲ့ ဝက်သည်းကန်နဲ့ ကြာအလှအကြောင်းကို ပြောပြချင်စိတ်တွေ တဖွားဖွားပေါ်လာခဲ့ပါတယ်။
ရေပြင်စိမ်းစိမ်းမှာ ကြာပွင့်၊ ကြာဖူးလေးတွေနဲ့အပြိုင် စိမ်းစိုစိုအရွက်လေးတွေက ရေပြင်မှာ အပြားလိုက်တင်ပြီး ကန်ရေပြင်ကို ပိုလို့စိမ်းစိုနေအောင် ဖန်တီးပေးထားတော့ လှပတဲ့ပန်းချီကားတစ်ချပ် သဖွယ်တွေ့မြင် နိုင်ပါတယ်။ ဒါပေမယ့် ဟိုးမမြင်ရတဲ့ ကြာပွင့်၊ ကြာဖူး၊ ကြာရွက်၊ ကြာခွက်လေးတွေရဲ့ အောက်ခြေရေ မျက်နှာပြင်အောက်က ပင်စည်ရိုးတံကို အဆစ်လေးတွေ ဘယ်ညာဆစ်တဲ့အခါ သွယ်တန်းပြီး ကျန်ခဲ့တဲ့ အမျှင်လေးတွေကနေ ရွှေကြာ သင်္ကန်း၊ ရွှေကြာခြုံလွှာနဲ့ အဝတ်အထည်တွေထိဖြစ်လာနိုင်တယ် ဆိုတာကိုတော့ ကျွန်မတို့မသိခဲ့ကြတာအမှန်။ ကျွန်မတို့မြေလတ် ဒေသမှာ ရေကန်၊ လယ်တော မပေါများလှတာမို့ ဒီလိုကြာတွေပေါတဲ့ စလင်းမြို့ကနာမည်ကျော် ''ဝက်သည်းကန်'' ကို ရောက်မှသာ ဒီရှုခင်းမျိုးကိုမြင်ဖူးလို့ ရှည်ရှည်ဝေးဝေး မစဉ်းစားမိခဲ့တာလည်းပါမှာပါ။
ကျွန်မတို့ ဘဒ္ဒကမ္ဘာကြီးစတည်ကတည်းက ဘုရား(၅)ဆူပွင့်တော်မူရန် အတွက် ပရိက္ခရာ(၅)စုံဟာ ကြာပွင့်(၅) ပွင့်နှင့်အတူ ပေါ်ထွန်းလာခဲ့ပါသည်။ ''အကနိဋ္ဌဗြဟ္မာဘုံ'' ရှိ ''ဃဋိကာရဗြဟ္မာမင်းကြီး''က သိမ်းဆည်း တော်မူထားခဲ့ပြီး ဘုရား(၁)ဆူပွင့်တော်မူတိုင်း လာရောက်ဆက်ကပ်ခဲ့တာကို အကြောင်းပြု၍ ကြာသင်္ကန်းဟု ခေါ်ဝေါ်သမုတ်ခဲ့တယ်လို့ မှတ်သားခဲ့ဖူးပါတယ်။
ခုချိန်ခါမှာတော့ ကြာချည်လေးတွေနဲ့ ယက်လုပ်တဲ့ တကယ့်ကြာသင်္ကန်းအစစ်ကို မြတ်စွာဘုရားကိုကပ် လှူခွင့်ရရုံသာမက ဘုရားရဲ့သားတော် ရှင်ရဟန်းတွေဝတ်ရုံနိုင် ကြပါပြီ။ ဒါကြောင့် မြင့်မြတ်ပြီးကျက် သရေရှိလှတဲ့ ကြာချည်ထည်တွေဝတ်ဆင်ခွင့် ရအောင် လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်က စတင်တီထွင် ဖန်တီးနိုင်ခဲ့ပြီး ကမ္ဘာကပါအသိအမှတ်ပြုရတဲ့ ရှမ်းပြည်နယ် အင်းလေးဒေသက ''ပေါစာဥ''ဆိုတဲ့ ရှမ်းအမျိုး သမီးကြီးဟာ တကယ့်စွန့်ဦးတီထွင်သူအဖြစ် ကမ္ဘာနှင့်ချီပြီး ခေတ်မီနေဆဲဖြစ်ပါတယ်။
ကျွန်မအနေနဲ့ နိုင်ငံရဲ့အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ရှိသူထဲမှာ တစ်ဦးအပါအဝင်ဖြစ်လာတဲ့အခါ ကိုယ့်တိုင်းဒေသကြီးအတွင်း အလားအလာရှိတဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ ထူးခြားတဲ့ ဝန်ဆောင်မှုလုပ်ငန်းလေးတွေ၊ ထူးခြားတဲ့ လက်မှုလုပ်ငန်းလေးတွေကို ရှာဖွေပြီး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ဖို့ တာဝန်တွေရှိလာခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့ ဆိုတာလည်း အဲဒီနိုင်ငံရဲ့ SME တွေပေါ်မှာ မူတည်နေပါတယ်။ ဘာလို့လည်း ဆိုတော့ ကမ္ဘာ့နိုင်ငံတိုင်းမှာက စီးပွားရေးလုပ်ငန်း အားလုံးရဲ့ပျမ်းမျှ ၉ဝ ရာခိုင်နှုန်းက SME တွေဖြစ်နေလို့ပါပဲ။ ကျွန်မတို့မြန်မာနိုင်ငံမှာတော့ SME က ၉၉ ရာခိုင်နှုန်းကျော်ရှိနေပါတယ်။ ဒီလိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးစား ဆောင်ရွက်တဲ့နေရာမှာလည်း နိုင်ငံနဲ့ချီပြီး အလားအလာရှိတဲ့ လုပ်ငန်းတွေပါသလို ကိုယ့်တိုင်းဒေသကြီး၊ ကိုယ့်ပတ်ဝန်းကျင်ဒေသလေးရဲ့ လူမှုစီးပွားဘဝ အဆင်ပြေစေဖို့တင် အလားအလာရှိတဲ့ လုပ်ငန်းလေး တွေလည်း ပါမှာပါပဲ။ ကျွန်မတို့လို အနီးကပ်တာဝန်ပေးခြင်းခံရတဲ့ ဌာနက အရာထမ်း၊ အမှုထမ်းတွေ အားလုံးက မျက်စိကိုဖွင့်၊ နားကိုစွင့်လို့၊ ခြေထောက်ကသွား၊ လက်ကမအားရ အောင် ဌာနဆိုင်ရာ အချင်းချင်းချိတ်ဆက်၊ ပြည်သူဆီက သတင်းယူရင်းအခုလို ဝက်သည်းကန်အတွင်းက ကြာပင်လေး တွေကနေ ကြာချည်တွေထုတ်ပြီး ဝင်ငွေရနေတဲ့ ကြာချည်လုပ်ငန်းလေးကို နိုင်ငံနဲ့ချီပြီး အလားအလာရှိနိုင်တဲ့ ကျွန်မတို့ တိုင်းဒေသကြီးရဲ့ ထူးခြားတဲ့လက်မှုလုပ်ငန်းလေးအဖြစ် တင်ပြရ ခြင်းပဲဖြစ်ပါတယ်။
စလင်းမြို့နယ်မှာရှိတဲ့ ဝက်သည်းကန်ဟာ ဧကတွေရာချီတဲ့ ရေပြင်မှာ ပဒုမ္မာကြာတွေနဲ့ ထူးခြားလှပသလို သမိုင်းကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ပုဂံခေတ်က အလောင်းစည်သူမင်း ဖောင်တော်နဲ့ တိုင်းခန်းလှည့်လည်ရင်း စလင်းမြို့ကိုရောက်တော့ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ ကန်ကြီးကို တွေ့တဲ့အခါ လွန်စွာ မှနှစ်သက်အံ့သြပြီး ကန်ကြီးရဲ့အကြောင်းကို စိတ်ဝင်တစား မေးမြန်းတဲ့အခါ ဖြေနိုင်တဲ့သူ တစ်ယောက်မှ မရှိလို့ ကန်စောင့်နတ်ကိုမေးရတယ် လို့ဆိုပါတယ်။
ကန်စောင့်နတ်ကလည်းမသိတာနဲ့ အာယုကပ် (၃)ကပ်မျှ အသက်ရှည်တဲ့ ငဖြူရှင်နတ်ကြီးကိုမေးမှ မင်းကြီးမှာသိခွင့်ရခဲ့ပါသတဲ့။ သိခွင့်ရ တော့လည်း တိုက်ဆိုင်စွာပဲ ကန်ကြီးရဲ့သမိုင်းဟာ မင်းကြီးနဲ့ပတ်သက်နေ ခဲ့ပါတယ်။
မင်းကြီးကိုယ်တိုင် ဟိုးအတိတ် သာသနာပ အခါက ဒီနေရာမှာ ဝက်ဖြစ်ခဲ့ဖူးပြီး နေရာအနှံ့ထိုးဆွ အစာရှာ စားရင်းဖြစ်လာတဲ့ ကျင်းတွေ၊ ချိုင့် တွေက မိုးရွာသွန်းတဲ့အခါ ရေတွေတင်ကျန်ခဲ့လို့ ကန်ဖြစ်လာ ပါတယ်။ အဲဒီကမှ တစ်စတစ်စ ကြီးထွားဝေစည် သာယာလှပလို့လာခဲ့ပါတယ်။
အဲဒီအခါက အခုလက်ရှိကန်ချောင်ကုန်းနေရာမှာ သီတင်းသုံးတဲ့ ဈာန်အဘိဥာဏ်ရ ရသေ့(၇)ပါးတို့က ဒီရေကန်ကို သောက်သုံးရင်း မူလရေကန်ရှင် ဝက်ကြီးရဲ့ ကျေးဇူးကိုသိမြင်လို့ ဆုတောင်းပေးမှု၊ ရေအကျိုး(၁ဝ) ပါးရဲ့ကောင်းမှုတွေကြောင့် အလောင်းစည်သူမင်းရယ်လို့ ဘုန်းတန်ခိုးကြီးမားတဲ့ဘုရင် ဖြစ်ခဲ့ရတာပါလို့ နတ်မင်းကြီးက လျှောက်ထားတဲ့အခါ မင်းကြီးက နှစ်ထောင်းအားရဖြစ်လို့ ကန်ကြီးကိုထပ်မံတူးဖော်စေပြီး ဆွေစဉ်မျိုးဆက် စောင့်ရှောက်ခဲ့တယ်လို့လည်း မှတ်သားရပါတယ်။ ဒီတော့ဒီကန်ရဲ့သက်တမ်းဟာ ခန့်မှန်း ဖို့တောင် ခက်ခဲ လောက်အောင် ရှည်ကြာတဲ့အပြင် သမိုင်းရှိခဲ့တဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်လည်း ဖြစ်လို့နေပြန်ပါတယ်။
ဒေသခံလူတွေဟာ ဒီလိုသမိုင်းရှိခဲ့တဲ့ ကန်ကြီးကို အမှီပြုလို့ စားဝတ်နေ ရေးအတွက် လုပ်ကိုင် စားသောက်ကြပါတယ်။ ကြာဖက်ကိုခူးပြီး ထုပ်ပိုးကုန် အဖြစ်၊ ကြာပန်းကို ဘုရားပန်းအဖြစ်၊ ကြာခွက်ကို သွားရည်စာအဖြစ် ခူးယူ ရောင်းချကြပါတယ်။ စလင်းမြို့မှာ ပန်း၊ အသီးအရွက်၊ အသား၊ ငါး၊ မုန့်အားလုံး ကို ကြာဖက်နဲ့ထုပ်ပိုးကြပါတယ်။ ကြာဖက်ကြီးတွေကလည်း ကလေးငယ် တစ်ယောက် ခင်းသိပ်လို့ ရအောင်ကြီးတဲ့အထိ အရွယ်စုံပေါများလှလို့ ခူးမကုန် အောင်ရှိပါတယ်။ ကျွန်မတို့ငယ်ငယ်က စလင်းကို ရောက်ရင် ကြာဖက်နဲ့ ထုပ်တဲ့ ကြာနံ့လေးသင်းနေအောင်မွှေးတဲ့ မုန့်တွေ၊ အသုပ်စုံတွေ စားခဲ့ဖူးတာ ကို ဒီနေ့အထိမမေ့နိုင်ခဲ့ပါဘူး။ ကန်အကျယ်ဧက ၅၃ဝ ခန့်ရှိတဲ့အနက် ရေပြင်ဧရိယာက ဧက ၃၅ဝ ခန့်ဖြစ်ပြီး ကျန်ဧကတွေကတော့ စလင်းဆည်ရဲ့ ရေဝေ၊ ရေပေးစနစ်နဲ့ လယ်စိုက်ပျိုးကြတယ်လို့ သိရပါတယ်။ ရွှေစက်တော်ဘေး မဲ့တော ထိန်းသိမ်းရေးနယ်မြေမှာ ပါဝင်တဲ့အတွက် အေးချမ်းသာယာတဲ့ ကန်နယ် မြေမှာငါးမျိုးစုံ၊ ငှက်မျိုးစုံတို့ သဘာဝအတိုင်း လွတ်လွတ်လပ်လပ် သွားလာကျက်စားနိုင်ကြလို့ အားလုံးအတွက် သာဓုခေါ်ရပါတယ်။ တကယ်တော့ စလင်းမြို့ဆိုတာ ''သမိုင်းရှိတဲ့မြို့'' ဖြစ်တဲ့အပြင် ဘယ်အမိန့်၊ ညွှန်ကြား ချက်မှမပါဘဲ မိရိုးဖလာ ရှေးယခင်ကတည်းက သဘာဝပတ်ဝန်းကျင်ကို ထိန်း သိမ်းတဲ့မြို့၊ ယနေ့ခေတ် ပလပ်စတစ်ကင်းစင်နယ်မြေလို့ တင်စားရတဲ့အထိ ''ခေတ်မီတဲ့မြို့'' လေးလည်းဖြစ်လို့နေပြန်ပါတယ်။ ကျွန်မတို့ တိုင်းဒေသကြီး အတွက် ''ဂုဏ်ယူစရာမြို့''လေးဖြစ်ပါတယ်။
ကြာချည်လုပ်ငန်းရဲ့ အဦးအစဖြစ်တဲ့ ရှမ်းပြည်နယ်၊ အင်းလေးဒေသက ကြာချည်လုပ်ငန်းရှင်တွေ ဒီဒေသကို လာရောက်လေ့လာပြီး ကြာချည်ထုတ်ယူတဲ့ လုပ်ငန်း စတင်ခဲ့ရာမှ မူလအသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ကြာဖက်ခူးတဲ့ လုပ်ငန်းအပြင် ပင်စည်ရိုးတံကနေ ကြာချည်ထုတ်တဲ့လုပ်ငန်းကို စလင်းမြို့မှာ ၂ဝ၁ဝခုနှစ်က စတင်ခဲ့တယ်လို့သိရပါတယ်။ ဝက်သည်းကန်အတွင်းက ကြာအားလုံးမှာ ပဒုမ္မာကြာအသေးမျိုးမို့ မျိုးကောင်း ကြာချည် အမျိုးအစားဖြစ် တာကြောင့် ဒေသခံတွေကို ထုတ်လုပ်နည်း သင်ပြပေးရင်း ထွက်လာ တဲ့ကြာချည် တွေကို လာရောက်ဝယ်ယူပြီး စီးပွားဖက်လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။ ကန်ပတ်လည် မှာနေထိုင်တဲ့ ရွာတွေကကျေးလက်နေပြည်သူတွေဟာ ကြာချည် လုပ်ငန်းကိုပါ တွဲဖက် လုပ်ကိုင်ပြီး အိမ်ထဲမှာနေရင်း အလုပ်အကိုင်အခွင့် အလမ်းတွေ ရခဲ့ကြပါတယ်။ ကျေးဇူးရှိခဲ့တဲ့ အင်းလေးဒေသက တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေကိုလည်း ကျေးဇူးတင်ရပါတယ်။
အင်းလေးဒေသမှာ တော့ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာကတည်းက အထည်ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။ နိုင်ငံခြားတိုင်းပြည်များက မြတ်နိုးတန်ဖိုးထားပြီး ဆင်မြန်းကြလို့ ကိုယ့်နိုင်ငံအတွက် ဂုဏ်တက်စေတဲ့ အင်းလေးဒေသကိုလည်း ဒီထက်မကတိုး တက်စေချင်မိပါတယ်။ နိုင်ငံအတွင်း အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရင် ပိုမို စွမ်းဆောင်နိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။
စလင်းဆိုတာ ''စေတီပုထိုး မြေကြီးကျိုးမျှ'' ဆိုတဲ့ လင်္ကာနှင့်ညီအောင် စေတီပုထိုးတွေ ပေါများလှပါတယ်။ အလောင်းစည်သူမင်း၊ နရပတိစည်သူမင်း၊ အမတ်ကြီးရာဇသင်္ကြန်တို့ပါ ပုဂံပြည်မှလာပြီး ကုသိုလ်မျိုးစေ့ စိုက်ပျိုးထားခဲ့ ကြတယ်လို့ မှတ်သားရပါတယ်။
''တောင်ဖီလာဆရာတော်ကြီး'' မွေးဖွားရာဒေသ လည်းဖြစ်ပြီး စာဆိုပုဂ္ဂိုလ်ကျော်များ ပေါ်ထွန်းခဲ့ပါတယ်။ ဒါ့အပြင် လူသိထင်ရှား နာမည်ကျော်ကြားခဲ့တဲ့ ''စလင်းကန်လယ်ဆရာတော်ဘုရားကြီး''ဟာ စလင်းမြို့ဝန်းကျင် ဝက်သည်းကန်ပတ်လည်မှာ သီတင်းသုံးနေထိုင်ပြီး သုသာန်တွေမှာ ညစဉ်တရားအားထုတ်ခဲ့ပါတယ်။ ၁၃၅၃ခု၊ ပြာသိုလပြည့်ကျော် (၁၃) ရက်၊ သက်တော် (၈၇)နှစ်၊ ဝါတော် (၆၇)ဝါမှာ ပျံလွန်တော်မူပြီး ဆရာတော်ရဲ့ ဈာပနကျင်းပချိန် ပြာသိုလကြီးမှာ မိုးမရွာဘဲ ကန်ကြီးမှာရေတွေကမ်းပြည့် တက်လာတဲ့အပြင် ဓာတ်တော်တွေ ကျခဲ့ပါတယ်။ ထူးခြားတဲ့ ပုဂ္ဂိုလ်မြတ်ပေါ် ထွန်းရာ ''ထူးခြားတဲ့ဒေသက ထူးခြားတဲ့ကန်ကြီး'' လည်းဖြစ်ပါတယ်။ ယခုတော့ လည်း စိုက်ပျိုးမြေတွေကို ပေးသွင်းတဲ့စလင်းဆည်က ရေတွေဝင်ရောက်ပြီး မိုးအခါသာမက နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ရေတွေအပြည့်ပါပဲ။ ''ရေမြင့်တော့ ကြာတင့်'' ဆိုသလို သာယာလှပရုံတင်မဟုတ်ဘဲ ကြာရိုးတွေ ရှည်ရှည်ရ ပြီး ကြာချည်လုပ်ငန်းလုပ်တဲ့ ဒေသခံတွေအတွက် ဝင်ငွေတိုးစေပါတယ်။
ဒါပေမယ့် ဒေသခံပြည်သူတွေအနေနဲ့ကတော့ ကိုယ့်ဒေသရင်းမြစ် ကြာရိုးကိုခူးပြီး ကြာချည်အကြမ်းထုတ်တဲ့ အဆင့်ထိသာ လုပ်ကိုင်နိုင်ပါတယ်။ ရလာတဲ့ကြာချည်ကို အထည်ရက်တဲ့ဒေသက လာရောက်ဝယ်ယူသူထံမှာ ရောင်းကြရပါတယ်။ ဧကတွေရာချီပြီး ကျယ်တဲ့ရေပြင်ကျယ်က သဘာဝ ရင်းမြစ်တွေကနေပြီး ရှားပါးကြာ ချည်တွေထုတ်ယူရနေပေမယ့် ရင်းနှီးဖို့ငွေ ကြေး၊ နည်းပညာ၊ ဗဟုသုတချို့တဲ့မှုကြောင့် ထိုက်သင့်တဲ့ အကျိုး ခံစားခွင့် မရကြပါဘူး။
ကုန်ချောထုတ်လုပ်နိုင်ရင် ကြာချည်ပါဝင်မှုရာခိုင်နှုန်းပေါ် မူတည်ပြီး ပုဝါလေးတစ်ပိုင်းကို သိန်းဂဏန်း ထိရနိုင်တာ၊ နိုင်ငံခြားတိုင်းပြည် များမှာ မြန်မာ့ကြာချည်ထည်တွေကို မြတ်မြတ်နိုးနိုးတန်ဖိုး ထားနေကြတာ ဆိုတဲ့ အကြောင်းအရာတွေဟာ သူတို့နဲ့သက်ဆိုင်တယ်လို့တောင် မှတ်ယူမထားကြဘဲ တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ဘဝမှာ လက်လှုပ်မှပါးစပ်လှုပ်နိုင်တာမို့ အင်တိုက်အားတိုက် လုပ်ကိုင်နေကြတာကိုပဲ တွေ့ရပါတယ်။ ဒီလိုအလုပ်အကိုင်တွေ ရနေတာကကိုပဲ ''ဘုရားပေးတဲ့ဆု'' ''ကန်ကြီးရဲ့ကျေးဇူး'' လို့ထင်မှတ်ပြီး ဘဝကို ရိုးသား စွာပျော်မွေ့နေကြသူတွေပါ။
သူတို့ဟာ နိုင်ငံရဲ့အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တဲ့ SME လုပ်ငန်း ရှင်တွေဖြစ်တာ၊ နိုင်ငံတော်က ဆောင်ရွက်ပေးနေတာ၊ ဖြစ်လာနိုင်တဲ့အလား အလာ စတဲ့အကြောင်းအရာတွေကို ရှင်းပြပြီးသိစေတဲ့အခါ သူတို့ရဲ့ ယုံကြည်အားကိုးမှု၊ တက်ကြွမှုတွေကို တွေ့ရပြန်တော့ သူတို့ဘဝလေးတွေအတွက် စိတ်အမောတွေ ပြေရပါတယ်။ ဒီလိုဘဝမျိုးတွေ ဘယ်လောက်များရှိ နေမလဲ။ ဒီလိုဘဝတွေအများကြီးကို ဘယ်အချိန် အတိုင်းအတာ ရောက်တော့မှ အပြည့်အဝကူညီပေးနိုင်ပါ့မလဲလို့တွေးမိပြန်တော့ ကျွန်မရဲ့အတွင်းစိတ်မှာ မဝံ့မရဲဖြစ် ရပြန်ပါတယ်။ ဒါပေမယ့် ညီညီညာညာအားစိုက်လို့ ပြိုင်တူတွန်းရင် ရွေ့နိုင်မယ်လို့ ယုံကြည်ပြီး ကျွန်မတို့ကတော့ ယုံကြည်ချက်နဲ့ရှေ့ဆက်လျှောက် လှမ်းရမှာပါပဲ။ နိုင်ငံလူဦးရေရဲ့ ၇ဝ ရာခိုင်နှုန်း နည်းပါးဖြစ်တဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ ဘဝတွေကိုမြှင့်တင်ပေးနိုင်မှလည်း ကျွန်မတို့နိုင်ငံတိုးတက်မှာပါ။ ကျွန်မကတော့ ခန္ဓာကိုယ်တွေခွဲ၊ အချိန်တွေဆွဲဆန့်လို့ နေရာအနှံ့အရောက် သွားချင်လှပါတယ်။
ကိုယ့်ဒေသရဲ့ SME တွေကို ကိုယ်တတ်နိုင်သမျှ အစွမ်းလေးနဲ့ အကူအညီပေးနိုင်တဲ့အခါ သူတို့တွေရဲ့ ပူးပေါင်းကူညီမှုနဲ့ နားလည်မှုကြောင့်သာပဲလို့ ကျေနပ်အားရ ဝမ်းသာဂုဏ်ယူရပေမယ့် ဖြစ်မလာခဲ့ရင်တော့ အနီးကပ်တာဝန် ရှိနေတဲ့ ကျွန်မတို့ရဲ့အားနည်းချက်ကြောင့်သာပဲလို့ ကိုယ့်ကိုယ်ကိုယ်ခံယူထား မိပါတယ်။ ကျွန်မတို့ဌာနက အရာထမ်း၊ အမှုထမ်းအားလုံးကလည်း ဒီခံယူချက် ကို လက်ခံနိုင်ကြတာမို့ တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြပါတယ်။ ကျွန်မရဲ့အတ္တက ကိုယ်ဆောင်ရွက်တဲ့လုပ်ငန်း အောင်မြင်ချင်တယ်။ ပရဟိတ စိတ်ဓာတ်အရလည်း အများအကျိုးရှိစေချင်တယ်။ ဒီတော့လည်း ကျွန်မကိုယ် ကျွန်မ မညှာတမ်းတွေး ကြည့်မိရင် အတ္တကို အခြေခံနေတဲ့ ပရဟိတဖြစ်နေ မလားလို့လည်း စိုးရွံ့ရွံ့ဖြစ်မိပါတယ်။ ဘယ်လိုပဲပြောပြော ကျွန်မတို့အားလုံး ကြိုးစားဆောင်ရွက်နေတာတွေဟာ SME တွေအတွက်မို့ ''ကျွဲကူး ရေပါ'' ဆိုသလို ဖြစ်နေမှာပါပဲ။
သမိုင်းအစဉ်အလာကြီးတဲ့ကန်ကြီးကို အဓွန့်ရှည်တည်တံ့အောင် ထိန်း သိမ်းရပါမယ်။ သဘာဝအရင်းအမြစ်တွေ မပျောက်ပျက်အောင်၊ ပဒုမ္မာရွှေကြာတွေ လန်းဆန်းဝေဖြာနေအောင် စောင့်ရှောက်ရပါမယ်။
ကြာရိုးရဲ့အရှည်၊ အတိုပေါ်မူတည်ပြီး လည်စီးပုဝါတစ်ပိုင်းကို အရေအတွက် ၄ဝဝဝခန့်၊ ခြုံပုဝါတစ်ပိုင်းကို ၄ဝဝဝဝ ခန့်နဲ့ သင်္ကန်းတစ်စုံကို ၂၅ဝဝဝဝ ခန့်ထိသုံးရတယ်လို့ သိရတဲ့အတွက် ပဒုမ္မာရွှေကြာတွေ မျိုးသုဉ်း ပျောက်ကွယ် သွားမှာလည်း စိုးရိမ်မိပါတယ်။ ကန်သာယာနဲ့ ရတနာရွှေကြာကို ထိန်းသိမ်း စောင့်ရှောက် ခြင်းဟာ မြန်မာ့ဂုဏ်ကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း ဒေသခံတွေကိုလည်း အသိ ပညာတွေ ဖြန့်ဝေရပါမယ်။ ဒီလိုမြို့လေးကနေ ကုန်ချောထုတ်လုပ်နိုင်တဲ့ အဆင့်ထိ တိုးတက်စေချင်လှပါတယ်။ ကျွန်မတို့အားလုံးမှာ တာဝန်ရှိပါတယ်။
ကြာချည်နှင့် ပတ်သက်လို့ လေ့လာနိုင်ဖို့ရာ ချိတ်ဆက်ပေးတဲ့ဌာနဆိုင်ရာ များ၊ သိခွင့်ပေးတဲ့ဒေသခံတွေ၊ ကျွန်မ ကိုးကားလေ့လာခဲ့ရတဲ့ ''စလင်းမြို့ဘုရား များသမိုင်း'' ကိုပြုစုရေးသားသူ ''ဆရာတော် ဦးစန္ဒိမာ (စလင်း)'' တို့ကို ကျေးဇူးတင်ဦးခိုက်ရပါတယ်။
ဆရာတော်ရဲ့စကားနဲ့ပြောရရင်တော့ ''စလင်းမြို့မှာနေပြီး ဘုရားစုံဖူးကာ ကန်ရေပြင်ကိုဖြတ်လာတဲ့ လေ ကောင်း၊ လေသန့်ကို ရှူရှိုက်လို့ နေဝင်ချိန်ရှုခင်း ကိုကြည့်ရင်း ပဒုမ္မာကြာအလှ၊ ကန်အလှကို ခံစားရခြင်းဟာ စလင်းမြို့သူ၊ မြို့သားတွေကို သဘာဝတရားက မျက်နှာသာပေး ခံထားရ တာပါလား၊ ကံကောင်းလှချည့်ရဲ့'' လို့ တွေးမိပါတယ်။ တစ်ဆက်တည်းမှာပဲ သမိုင်းရှိတဲ့မြို့၊ သဘာဝရင်းမြစ်တွေ ပေါကြွယ် ဝတဲ့မြို့၊ ခေတ်မီနေ တဲ့မြို့၊ အဲဒီစလင်းမြို့လေးဟာ သဘာဝတရား ကတင်မဟုတ်ဘဲ သူတို့ရဲ့ထူးခြားတဲ့ လက်မှုလုပ်ငန်းလေးနဲ့ နိုင်ငံတင်မက ကမ္ဘာကပါ မျက်နှာသာပေးခံရတဲ့မြို့၊ နိုင်ငံကျော်တဲ့မြို့၊ ကမ္ဘာကျော် တဲ့မြို့လေး ဖြစ်လာနိုင်တဲ့ အတွက် အဘက်ဘက်က ဝိုင်းဝန်းကူညီမြှင့်တင် ပေးနိုင်စေရေး ရည်ရွယ်ပြီး တင်ပြလိုက်ရပါတယ်။ ။

No comments:

Post a Comment