Friday, May 29, 2015

အခြေခံစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


နေပြည်တော် မေ ၂၈
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ စီမံကိန်း ရေးဆွဲရေးဦးစီးဌာန အခြေခံ စီမံကိန်း ရေးဆွဲခြင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၁၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/အဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများ၊ ဒုတိယ စီမံကိန်းမှူး (အလုပ်သင်) သင်တန်းသား/သူများ စုစုပေါင်း (၁၀၂) ဦး တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ယခုသင်တန်းတွင် ဒေသန္တရစီမံကိန်းနှင့် ကဏ္ဍအလိုက်စီမံကိန်း၊ မြို့နယ်နှင့် မြို့စီမံကိန်း၊ အမျိုးသားစီမံကိန်းနှင့် အမျိုးသား ဘက်စုံ ဖွံ့ဖြိုးမှုစီမံကိန်း၊ ဆင်းရဲမှုပပျောက်ရေး စီမံကိန်းများ အပါအဝင် စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ အခြေခံ သဘော တရားများ၊ စီမံကိန်းနှင့် ဘတ်ဂျက် ပေါင်းစပ်ရေးဆွဲခြင်း၊ စစ်တမ်း ကောက်ယူခြင်း၊ စာရင်းအင်း အချက် အလက်များ သုံးသပ်ခြင်း၊ စားသုံးသူ ဈေးဆနှုန်းကိန်း တွက်ချက်ခြင်း၊ လူ့စွမ်းအားဖွံ့ဖြိုးမှု ညွှန်းကိန်းများနှင့် စီးပွားရေး တက္ကသိုလ်များမှ စီးပွားရေးပညာ ဘာသာရပ်များကိုလည်း သင်ကြားခဲ့ပြီး ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်နည်းဥပဒေများ၊ ဌာနဆိုင်ရာ ငွေစာရင်းဘာသာ ရပ်များကိုလည်း ပို့ချသင်ကြားပေးခဲ့ကြောင်း၊
ဒုတိယ စီမံကိန်းမှူးများ အနေဖြင့် ဒေသအလိုက် စီမံကိန်းများ ရေးဆွဲရာတွင် ပါဝင်ရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ဒေသအလိုက် လိုအပ်ချက်များကို ကွင်းဆင်းစာရင်း ကောက်ယူ ရမည် ဖြစ်ကြောင်း၊ ကောက်ယူရရှိသော စာရင်းဇယား ကိန်းဂဏန်းများသည် တိကျမှတ်ကန်ရန်နှင့် ချမှတ်ထားသော မူဝါဒလုပ်ငန်းစဉ်များနှင့် ကိုက်ညှိကာ စီမံကိန်းရေးဆွဲရန် အရေးကြီးကြောင်း၊ ၂၀၁၅ ခုနှစ်သည် ပထမငါးနှစ် စီမံကိန်း၏ နောက်ဆုံးနှစ်ဖြစ်ပြီး ဒုတိယ ငါးနှစ်စီမံကိန်းကို ရေးဆွဲနေသည့် အခြေခံ နှစ်ဖြစ်၍ စီမံကိန်းတွင်  ပါဝင်ဆောင်ရွက်ကြမည့် ခေါင်းဆောင်ငယ်များ အနေဖြင့်  နိုင်ငံတော်ကို သစ္စာရှိစွာဖြင့် မိမိကိုယ်ကို လေ့ကျင့် ပျိုးထောင်ကာ Planning Guide Line ကို အထူးဂရုပြု ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊
နိုင်ငံဝန်ထမ်းများဖြစ်သော ဒုတိယ စီမံကိန်းမှူးများသည် မိမိတို့ရောက်ရှိသောဒေသ၊ ကဏ္ဍများရှိ ပြည်သူတို့၏ အမှန်တကယ် လိုအပ်ချက်များကို သင်တန်းမှရရှိသည့် အေတွ့အကြုံ ဗဟုသုတများနှင့် ပေါင်းစပ်ကာ ပြည်သူများ လက်ေတွ့ခံစားနိုင်သည့် စီမံကိန်းများကို ရေးဆွဲ အကောင်အထည် ဖော်သွားကြရန်နှင့် နိုင်ငံ ဝန်ထမ်းများပီပီ နိုင်ငံနှင့်ပြည်သူများအပေါ် သစ္စာရှိရှိ ဆောင်ရွက် သွားကြရန်လိုကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူအတွက် အကောင်းဆုံး အစီအစဉ် ရေးဆွဲခွင့်ရသည့် အချိန်ကာလဖြစ်၍ နိုင်ငံအကျိုးပြု စီမံကိန်းများကို ဒေသအသီးသီးရှိ ပြည်သူ့အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ ရရှိခံစားနိုင်သည့် စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လမ်းညွန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား ကိုယ်စားလှယ်တစ်ဦးအား ပေးအပ်သည်။ အဆိုပါသင်တန်းကို ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ (၃) ရက်နေ့မှ ၂၀၁၅ ခုနှစ် မေလ(၁၅)ရက်နေ့ အထိ (၃)လကြာဖွင့်လှစ်ခဲ့ပြီး စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ ဒုတိယစီမံကိန်းမှူး (အလုပ်သင်)(၅၉)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment