Friday, May 29, 2015

ကျေးလက်ဒေသမီးလင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဆောင်ရွက်


နေပြည်တော် မေ ၂၉ 
မေလ ၂၇ ရက်နေ့  နံနက်ပိုင်းတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်သည် စလင်းမြို့နယ် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊
ကျန်းမာရေး ဝန်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကျေးလက်ဒေသနေ ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုလျော့ချရေး နိုင်ငံတော်၏ ဦးစားပေး လုပ်ငန်း ၇ ရပ်တွင် အပါအ၀င်ဖြစ်သော ကျေးလက်ဒေသလျှပ်စစ်မီး ရရှိရေးအတွက် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် စည်ဆွဲကျေးရွာ၊ တညောင် ကျေးရွာ၊ လေသာ ကုန်းကျေးရွာနှင့် ရေပေါ်ကျွန်းကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက် ခဲ့သည်။
ရှေးဦးစွာ ရွာထိပ်အဝင် မုတ်ဦးရှေ့၌ အမျိုးသားစီမံကိန်းနှင့်  စီးပွားရေးဖွံ့ဖြိုး တိုးတက်မ ဝန်ကြီးဌာန ဗဟိုစက် ပစ္စည်းစာရင်း အင်းနှင့်စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်ထူး၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြိုင်၊ စလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီ အဖွဲ့ဝင် ဦးကြည်ရွှင်  တို့က လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည်  အိမ်ခြေ ၂၉၈ ရှိသောစည်ဆွဲ ကျေးရွာ အတွက် (၃၁၅ ကေဗွီအေ) ထရန် စဖော် မာအား စက်ခလုတ်နှိပ်၍ ကျေးရွာရှိ နေအိမ်များတွင် သွယ်တန်းထားသည့် လျှပ်စစ်ဓါတ်အား လိုင်းများ အား လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် စည်ဆွဲကျေးရွာ မူကြိုကျောင်းနှင့် အလယ်တန်းကျောင်း(ခွဲ) အတွင်း ကျောင်းသားလက်ခံနေသော ဆရာ/ဆရာမ များနှင့်တွေ့ဆုံ၍ တာဝန်ရှိ သူများအား လက်ရှိ ကျောင်းဆောင်များ အား သန့်ရှင်းသပ်ရပ်စွာ ထားရှိရန်၊ နောင်တွင် ကျောင်းအင်္ဂါရပ်နှင့် ပြည့်စုံစွာ ဆောက်လုပ်ရန် တို့ကို မှာကြားခဲ့သည်။ 
 ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စည်ဆွဲကျေးရွာမှ တညောင်ကျေးရွာသို့ ဆက်လက် ထွက်ခွာ လာရာ ရွာလယ်မုတ်ဦးရှေ့၌ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်ထူး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်၊ ထွန်းဖောင် ဒေးရှင်းဘဏ်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီအဖွဲ့ဝင် ဦးကြည်ရွှင် တို့က လျှပ်စစ် မီးဖွင့်ပွဲ အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရပ်မိ ရပ်ဖများနှင့်အတူ အိမ်ခြေ ၉၁၇ ရှိသော တညောင်ကျေးရွာအတွက် (၂၀၀ ကေဗွီအေ) ထရန်စဖော်မာ အား စက်ခလုတ်နှိပ်၍ ကျေးရွာရှိ နေအိမ်များတွင် သွယ်တန်းထားသည့် လျှပ်စစ်ဓါတ်အား လိုင်းများအား လျှပ်စစ် ဓာတ်အား ပို့လွှတ်ပေးခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာရပ်မိရပ်ဖများနှင့် အတူ  လေသာကုန်း ကျေးရွာ အိမ်ခြေ ၁၃၇ အတွက် (၂၀၀ ကေဗွီအေ) ထရန်စဖော်မာအား စက်ခလုတ်နှိပ်၍ ကျေးရွာရှိနေအိမ်များတွင် သွယ်တန်း ထားသည့် လျှပ်စစ် ဓါတ်အားလိုင်းများအား လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရေပေါ်ကျွန်း ကျေးရွာသို့ ဆက်လက်ထွက်ခွာ လာရာ  ရေပေါ်ကျွန်း ကျေးရွာသူ ကျေးရွာသားများမှ လှိုက်လှဲစွာကြိုဆိုကြပြီး   ရွာထိပ်အဝင် မုတ်ဦး ရှေ့၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြိုင်၊ ထွန်းဖောင်ဒေးရှင်းဘဏ်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးအေးဟန်ချိုနှင့် ရပ်မိရပ်ဖတစ်ဦးတို့က လျှပ်စစ် မီးဖွင့်ပွဲအခမ်းအနား အားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ရပ်ရွာလူကြီးများသည်  အိမ်ခြေ ၃၀၃ ရှိ သော စည်ဆွဲကျေးရွာအတွက် (၃၁၅ ကေဗွီအေ) ထရန် စဖော်မာအား အတူတကွ စက်ခလုတ်နှိပ်၍ ကျေးရွာရှိ နေအိမ်များတွင် သွယ်တန်းထားသည့် လျှပ်စစ်ဓါတ်အားလိုင်းများအား လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေး ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တညောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စည်ဆွဲကျေးရွာအုပ်စု၊ တညောင်ကျေးရွာအုပ်စု၊ ရေပေါ်ကျွန်း ကျေးရွာအုပ်စုတို့မှ ကျေးရွာသူ ကျေးရွာ သားများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ယခုလိုလျှပ်စစ် ဓာတ်အား လိုင်းရရှိခြင်းသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှု ကြောင့်ဖြစ်ကြောင်း၊ လျှပ်စစ်မီး ရရှိပြီးသည့် ပြည်သူများ အနေဖြင့်လည်း လျှပ်စစ်မီးအား ဒေသဖွံ့ဖြိုး တိုးတက်မှုအတွက် စနစ်တကျအကျိုးရှိစွာ အသုံးပြု၍ အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းများ ဆောင်ရွက်သွားကြရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ ညွှန်ကြားချက်များကို လိုက်နာကြရန်၊ ရေရှည်တည်တံ့ကောင်းမွန် အောင် ထိန်းသိမ်း စောင့်ရှောက်သွားကြရန် ပြောကြားခဲ့သည်။ ကျေးရွာရပ်မိရပ်ဖ တစ်ဦးမှလည်း မိမိတို့ ကျေးရွာ လူထု၏ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တ ခဲ့ရသော လျှပ်စစ်မီး ရရှိအသုံးပြု ရသည့်အတွက် နိုင်ငံတော် အစိုးရ အားများစွာ ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ရွာအတွင်းရှိ အိမ်များတွင်သာမက ၂ မိုင်ပတ်လည်ရှိ အခြားရွာများ သို့လည်း ဓါတ်အားခွဲဝေသွယ်တန်းပေးနိုင် မည်ဖြစ်ကြောင်း သိရှိရသဖြင့်လည်း ဝမ်းသာ ပီတိဖြစ်ရပါကြောင်း၊ ကျန်ရှိနေသေးသော မီးမသွယ် တန်းနိုင်သည့် အိမ်များအတွက်လည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသ၏ အခြေခံလိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရပ်များအတွက် ရပ်မိရပ်ဖများ၏ တင်ပြချက်များ အပေါ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။ ထွန်းဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးသိန်းထွန်းက မိမိတို့ဘဏ်မှ အသေးစား ငွေချေးလုပ်ငန်းများကို ချေးငွေများထုတ်ချေးပေးမည်ဖြစ်ပါကြောင်း၊ မိမိဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းကြရန် စာရင်းအင်းကိန်းဂဏန်းများအား  စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာ၍ တိတိကျကျ မှန်မှန်ကန်ကန် ထားရှိရန် ဖြည့်စွက်ပြောကြားခဲ့သည်။
တညောင်ကျေးရွာရှိ ရပ်မိရပ်ဖတစ်ဦးကတင်ပြသည့် တညောင်ကျေးရွာတိုက်နယ်ဆေးရုံ သည် ကျေးရွာအုပ်စု (၁၀)စု၊ ကျေးရွာပေါင်း ၄၉ ရွာမှ ပြည်သူများမှီခိုအားထားနေရပါကြောင်း ယခု တိုက်နယ်ဆရာဝန်တစ်ဦး ခန့်ထားပြီး ဖြစ်သော်လည်း ဆေးရုံသုံးပစ္စည်းများနှင့် ဆေးရုံဝန်ထမ်း များခန့်ထားပေးပါရန် လိုအပ်ကြောင်း တင်ပြခြင်းအား ကျန်းမာရေး ဝန်ကြီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က လက်ရှိကျန်းမာရေး ဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေး ကဏ္ဏအတွက် ပံ့ပိုးဆောင်ရွက်ပေးနေမှုများ ကိုရှင်းလင်းတင်ပြခဲ့ပြီး  တညောင် ကျေးရွာ တိုက်နယ်ဆေးရုံသို့ သွားရောက် စစ်ဆေးကြည့်ရှု၍ လိုအပ်သည်များကို အမြန်ဆုံး ဖြည့်ဆည်း ပေးနိုင်ရေး တင်ပြ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးသည် စလင်းမြို့နယ်၊ ဇီးဖြူပင်ကျေးရွာ၌ စုပေါင်းရဟန်းခံ ရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်၍ လှူဖွယ်ဝတ္တုများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။
နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဇီးဖြူပင် ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဇီးဖြူပင်ကျေးရွာအုပ်စု ဒေသခံပြည်သူများနှင့်လည်းကောင်း၊ နွယ်တမယ်ကျေးရွာဓမ္မာရုံ၌ နွယ်တမယ် ကျေးရွာအုပ်စု ဒေသခံ ပြည်သူများနှင့် လည်းကောင်း တွေ့ဆုံကာ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေလုံလောက်မှုရှိရေး၊ ကျေးရွာချင်းဆက် လမ်းများ ဖောက်လုပ်ပေးရေး၊ ဆေးပေးခန်းများ ဖွင့်လှစ်ပေးရေး၊ ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရေးနှင့် ဆရာ/ဆရာမ တိုးမြှင့်ခန့်ထား ပေး ရေးကိစ္စတို့နှင့် စပ်လျဉ်း၍ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ယခုနှစ်သည် ပထမ ၅ နှစ်စီမံကိန်း၏ နောက်ဆုံးနှစ်ဖြစ်၍ ဒုတိယ ၅ နှစ်စီမံကိန်းရေးဆွဲမည့် အခြေခံနှစ်ဖြစ်ပါ ကြောင်း၊ ပြည်သူတို့၏ အမှန်လိုအပ်ချက်များကို သိရှိ၍ စီမံကိန်းရေးဆွဲရာတွင်ထည့်သွင်းရေးဆွဲနိုင်မှသာ  လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိတို့ လိုအပ်ချက်များ၏ ဦးစားပေးဆောင်ရွက်ရမည့် အစီအစဉ်ကို အများသဘောတူ မှန်မှန်ကန်ကန် ညှိနှိုင်းရွေးချယ်သတ်မှတ်ပေးပါရန်  ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နွယ်တမယ်-သရက်တော ကျေးရွာချင်း ဆက်လမ်း ဖောက်လုပ်ထားရှိမှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
မေလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စလင်းမြို့နယ် တောစိမ့် ကျေးရွာ အလယ်တန်းကျောင်း၌ ကူတိုကျေးရွာနှင့် တောစိမ့်ကျေးရွာအုပ်စု တို့မှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ မိမိတို့ ဝန်ကြီးဌာနသည် နိုင်ငံတဝှမ်းလုံးရှိ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စီမံကိန်းများ ရေးဆွဲ လျက် ရှိကြောင်း၊ ကျေးရွာတစ်ရွာချင်း၊ လူတစ်ဦး ချင်း၏ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ စီပွားရေး၊ လူနေမှု အဆင့်အတန်း မြင့်မားရေးနှင့် အခြားလိုအပ်ချက်များ ပါဝင်သော အနာဂါတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူတို့၏ အမှန်တကယ် လိုအပ်ချက်များကို သိရှိပြီး ပြည်သူဗဟိုပြု စီမံကိန်းများအဖြစ် ရေးဆွဲ အကောင် အထည်ဖော် နေပါကြောင်း၊ ပြည်သူတို့၏ လိုအပ်ချက်များကို သိရှိမှ ဖြည့်ဆည်းပေး နိုင်မည်ဖြစ်၍ ပွင်းလင်းစွာ ဆွေးနွေးကြရန် ပြောကြားခဲ့သည်။ တောစိမ့်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက နိုင်ငံတော်အစိုးရမှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှောချရေး၊ မြို့နှင့်ကျေးလက် တစ်သားတည်း ဖြစ်ရေး ကြိုးပမ်း ဆောင်ရွက် ချက်များကို တွေ့မြင်ကြားသိ နေရပါကြောင်း၊ မိမိတို့ဒေသရှိ သောက်သုံးရေကန်များ၊ ဆည်ရေ သောက်မြောင်း လက်တံများ တူးဖော်ပေးရန် လိုအပ်ကြောင်း၊ ဥယျာဉ်စုကျေးရွာ၊ သမြင်းကုန်းကျေးရွာ၊ လက်ပန်ကန် ကျေးရွာ၊ ကံရွာ၊ အုတ်ဖိုကန်ကျေးရွာနှင့် ကူတိုကျေးရွာ တို့မှလည်း လျှပ်စစ်မီးရရှိရေး၊ ကျောင်းဆောင်များ ပြုပြင်ပေးရေး၊ စိုက်ပျိုးရေ ရရှိရေး၊ စိုက်ပျိုးစရိတ်ချေးငွေ အမြန်ရရှိရေးအတွက် တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးမှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဖောင်းလင်းကျေးရွာ တောင်ပေါ် ကျောင်းတိုက်၌ ဖောင်းလင်း ကျေးရွာအုပ်စု ပြည်သူများနှင့် တွေ့ဆုံ ရာတွင် မြို့နှင့်ဝေးကွာသည့် ကျေးရွာများဖြစ်၍ ကျေးရွာချင်း ဆက်လမ်းများ ကျဉ်းမြောင်းမှုကြောင့် မီးဘေး အန္တရာယ် ကျရောက်ပါက ခက်ခဲနိုင်၍ လမ်းများတိုးချဲ့ပေးပါရန်၊ မီးသတ်ကားတစ်စီးနှင့် ရေသည်ယာဉ် တစ်စီးကိုလည်း ရလိုပါကြောင်း၊ ကျောင်းအဆင့် တိုးမြှင့်ပေး ရန်နှင့် ဆရာများလည်း ခန့်ထား ပေးပါရန်၊ နိုင်ငံတော် သမ္မတ၏  မြစိမ်းရောင် ကျေးရွာများအဖြစ် သတ်မှတ် ပေးစေလိုကြောင်း တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးမှ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
နေ့လည်ပိုင်းတွင် ဆင်မကျွန်းကျေးရွာအုပ်စု၊ အေးစုကျေးရွာ အလယ်တန်းကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မိုးရာသီ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွာများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်း မရှိစေရေးတို့အား ပွင့်လင်း လွတ်လပ်စွာ ဆွေးနွေးခဲ့ပြီး   လိုအပ်သည်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း မည် ဟု ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment