Sunday, May 31, 2015

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဧရာဝတီတိုင်းဒေသကြီး အတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား ဘဝ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား


နေပြည်တော်- မေ ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ဧရာဝတီ တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင် ရေး အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။




အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ သမဝါယမအသင်း အဆင့်ဆင့်မှ အသင်းသား တောင်သူလယ်သမားများ၊ လပွတ္တာ၊ ဖျာပုံ၊ မအူပင်၊ မြောင်းမြ၊ ဟင်္သာတနှင့် ပုသိမ်ခရိုင်၊ မြို့ပေါ်ရပ်ကွက်များမှ သမ၀ါယမ အသင်းသားများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အခမ်အနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့ကျင်းပသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဒုတိယဝန်ကြီးများ၊
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးပညာ ရှင်များ၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းအဆင့်ဆင့်မှ အသင်းသား တောင်သူ လယ်သမားများ၊ မြို့ပေါ် ရပ်ကွက်များမှ သမဝါယမအသင်းသား ပြည်သူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေဟု ဆုတောင်းမေတ္တာပို့သရင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါ ကြောင်း။
ယနေ့ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေ သဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား ဘဝမြှင့်တင်ရေး အခမ်းအနား တွင် သမဝါယမဝန်ကြီးဌာနအနေဖြင့် သမဝါယမအသင်း (၃၆၅၄)သင်းက အသင်းသား(၃၂၉၈၄၁)ဦးကို အသေးစား အရင်းအနှီးချေးငွေ ကျပ်(၃၁၂၉၇.၂၅)သန်း ထုတ်ချေးပေးမည်ဖြစ်ပြီး အရစ်ကျ ငွေချေစနစ်နှင့် လယ်ယာသုံး၊ လုပ်ငန်းသုံး စက်ကိရိယာများ ဝယ်ယူကြမည့် သမဝါယမအသင်း (၈၂၅)သင်းက အသင်းသား (၈၈၅၃) ဦးအတွက် စက်ကိရိယာ စီးရေ (၈၈၄၉) စီး၊ တန်ဖိုး ကျပ် (၃၇၆ဝ.၇၂၇) သန်းကို ပံ့ပိုးပေး မည်ဖြစ်သကဲ့သို့ ယနေ့ အခမ်းအနားတွင် စုစုပေါင်း သမဝါယမ အသင်း (၄၄၇၉) သင်းက အသင်းသား (၃၃၈၆၉၄) ဦးအတွက် ချေးငွေပေါင်း ကျပ်(၃၅ဝ၅၇.၉၇၇) သန်းကို ထုတ်ချေး၊ ပံ့ပိုး ပေးအပ်သွားမည် ဖြစ်ကြောင်း။
မိမိတို့အစိုးရ စတင်တာဝန်ယူခဲ့သည်မှ လေးနှစ်ကျော်ကာလအတွင်း တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါကြောင်း၊
ယခုလို ဆောင်ရွက်သည့်နေရာတွင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် လွတ်လပ်ရေးရရှိချိန်မှစတင်ပြီး နှစ်ပေါင်း ခြောက်ဆယ်ကျော် ရင်ဆိုင်နေခဲ့ရသည့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ရရှိစေရန် အတွက် ကြိုးပမ်းလျက်ရှိပါကြောင်း၊
အမျိုးသား နိုင်ငံရေးအင်အားစု အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ များကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်သကဲ့သို့ လူမှုစီးပွား ဖွံ့ဖြိုးရေး အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းတာဝန်များကိုလည်း မဟာဗျူဟာချမှတ်ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့ပါကြောင်း၊
စီးပွားရေးတိုးတက်မှုရရှိရန် ဆောင်ရွက်ရာတွင် ဈေးကွက် ဦးဆောင်မှုကို အဓိကမောင်းနှင်အားဖြစ်သည့် ပုဂ္ဂလိကစီးပွားရေး ကဏ္ဍ ပြောင်းလဲ တိုးတက်မှု ဖြစ်ပေါ်လာရန်အတွက် အစိုးရအခန်းကဏ္ဍမှလည်း ပံ့ပိုးဆောင်ရွက်ပေး လျက်ရှိသကဲ့သိ့ ရင်းနှီး မြှုပ်နှံလိုသူ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များကိုလည်း လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ တိုင်းပြည်၏ စီးပွားရေး၊ စားနပ်ရိက္ခာ ဖူလုံရေးအတွက် အဓိကကျသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးသည် အမှန်တကယ် အားစိုက်ဆောင်ရွက်ရမည့် လုပ်ငန်းလည်း ဖြစ်ပါကြောင်း။
မိမိတို့အစိုးရအနေဖြင့် အခြေခံလိုအပ်ချက်ဖြစ်သည့် နိုင်ငံသားအားလုံး၏ စားနပ် ရိက္ခာဖူလုံရေး၊ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးကို အစဉ်အမြဲ အလေးအနက်ထား ဆောင်ရွက်နေပါကြောင်း။
သမဝါယမစနစ်သည် အသင်းသားတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးရသည့်စနစ် ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး သမဝါယမ အသင်းသားများ တိုးပွားလာသည်နှင့်အမျှ နိုင်ငံတော် အစိုးရအပေါ် လုံးလုံးလျားလျား မှီခိုအားထားမနေရတော့ဘဲ မိမိတို့စုဆောင်း ငွေအရင်းအနှီး၊ မိမိတို့ကိုယ်ပိုင် စက်ကိရိယာများနှင့် မိမိတို့ကိုယ်တိုင် တစ်ပိုင်တစ်နိုင် ရပ်တည်နိုင်ပြီး မိမိအကျိုးကိုသာမက အများ အကျိုး၊ နိုင်ငံတော် အကျိုးကိုပါ တစ်ဖက် တစ်လမ်းက ပါဝင်ဆောင်ရွက်ပေးနိုင် ကြမည်ဖြစ်ပါကြောင်း။
လာမည့် ဇူလိုင်လပထမပတ် စနေနေ့တွင် ၂ဝ၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်းအနားကို ကျင်းပတော့မည် ဖြစ်ပါကြောင်း၊ ယခုနှစ် အပြည်ပြည် ဆိုင်ရာသမဝါယမနေ့၏ဆောင်ပုဒ်သည် “သာတူညီမျှ သမဝါယမ” ဖြစ် ပါကြောင်း။ မိမိတို့ လူသားတိုင်းတွင် တူညီသည့်လေးစားမှုနှင့် တူညီသည့်ဂုဏ်သိက္ခာရှိမှုများကို ရရှိခံစားပိုင်ခွင့် ရှိပါကြောင်း။
သမဝါယမစနစ်တွင် အားလုံးတန်းတူညီမျှ ပိုင်ဆိုင်ခွင့်ရှိပြီး ဆင်းရဲချမ်းသာ ပဓာနမထားဘဲ အားလုံးပူးပေါင်းပါဝင်နိုင်ပါကြောင်း၊ သမဝါယမများသည် ပြန်လည်ရရှိလာမည့် အကျိုးအမြတ်ထက် ၎င်းတို့အသင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရန် အဓိကထားသည့်စနစ် ဖြစ်ပါကြောင်း။
ယခုအခါ သမဝါယမဝန်ကြီးဌာန၏ ကြိုးပမ်းအားထုတ်မှုဖြင့် သမဝါယမ အသင်းသား ပြည်သူများအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခင်ထုတ်ချေး ပေးခဲ့သည့် ချေးငွေများအပြင် နိုင်ငံခြားချေးငွေအဖြစ် ပထမအကြိမ် ကျပ်သန်းပေါင်း (၅၁၅၃၆.ဝ၃) သန်းကို ထုတ်ချေးခဲ့ပြီး ပြေကြေသည့်အတွက် ဒုတိယအကြိမ် ကျပ်သန်းပေါင်း (၅၇၁၂၁.၂၄) သန်းကို ထုတ်ချေးခဲ့ပါကြောင်း၊ ထို့အပြင် ထပ်မံပြီး ကျပ်သန်းပေါင်း (၅၂၄၂၅.ဝ၃) သန်းကိုလည်း ထုတ်ချေးပေးခဲ့သည့်အတွက် စုစုပေါင်း ထုတ်ချေးပေးထားငွေ ကျပ်သန်းပေါင်း (၁ဝ၉၅၄၆.၂၇) သန်းရှိပါကြောင်း၊ ထုတ်ချေးပေးခဲ့သည့် ချေးငွေအားလုံးကို (၁ဝဝ%) ရာနှုန်းပြည့် ပြန်လည်ကောက်ခံရရှိ သည့်အတွက် တာဝန်ကျေပွန်သည့် အသင်းသားပြည်သူများ၊ သမဝါယမအသင်း အဆင့်ဆင့်နှင့် သမဝါယမဝန်ကြီးဌာနကို အထူးပင်ကျေးဇူးတင်သည်ဟု ပြောကြားလိုပါကြောင်း၊ ယခုအစဉ်အလာကောင်းကို သမဝါယမမူဝါဒ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ လိုက်နာကျင့်သုံးကြပြီး ဆက်လက် ထိန်းသိမ်းသွားရန်လည်း တိုက်တွန်း မှာကြားလိုပါကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက အသေးစားအရင်းအနှီးချေးငွေများ၊ Hire Purchase လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ယနေ့အခမ်းအနား သည် ပြည်သူများလိုအပ်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အိမ်တွင်းလုပ်ငန်းအတွက် အသေးစားအရင်းအနှီးချေး ငွေထုတ်ပေးခြင်း၊လယ်ယာနှင့် အခြား လုပ်ငန်းသုံး ပစ္စည်းများကို အရစ်ကျ ငွေချေစနစ်နှင့် ရောင်းချပေးခြင်း၊ သမ၀ါယမ အသင်းများ အဆင့်မြှင့်တင်ခြင်းစသည့် လုပ်ငန်း သုံးရပ်ကို အကောင် အထည်ဖော် ဆောင်ရွက်သည့် အခမ်းအနားဖြစ်ပါ ကြောင်း။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးစရိတ်နှင့် မွေးမြူရေးစရိတ် ချေးငွေ မရကြသေးသည့် သမ၀ါယမအသင်းသား သစ်များအတွက် ချေးငွေ ကျပ်သန်းပေါင်း (၂၃၇၅၈) သန်းကျော် တနည်းအားဖြင့် ကျပ်(၂၃) ဘီလီယံကျော်နှင့် ချေးငွေရရှိပြီး အသင်းသားဟောင်းများအတွက် ထပ်မံ တိုးမြှင့်ချေးပေးငွေ ကျပ်သန်းပေါင်း (၇၅၃၈) သန်းကျော် တနည်းအားဖြင့် ကျပ်(၇)ဘီလီယံကျော်၊ စုစုပေါင်း ကျပ်သန်းပေါင်း (၃၁၂၉၇ ဒသမ ၂၅) သန်း တနည်းအားဖြင့် ကျပ် ၃၁ ဘီလီယံကျော်ကို အတိုး တစ်လ ၁ ကျပ် ၁၅ ပြားနှုန်းဖြင့် ထုတ်ချေးသွားမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပြည်သူများအတွက် ယခင်ထုတ်ချေးပေးထားသည့် ချေးငွေပေါင်း ကျပ် (၃၁၃၂၈ဒသမ၀၆၃)သန်း ဖြစ်ပြီး ယခုချေးငွေသစ်ပါပေါင်းလျှင် စုစုပေါင်း ထောက်ပံ့ ချေးထားငွေ ကျပ်သန်းပေါင်း (၆၂၆၂၅ ဒသမ၃၁၃)သန်း တနည်းအားဖြင့် ကျပ်(၆၂) ဘီလီယံကျော်ဖြစ်ပါကြောင်း အတိုးနှင့်ပတ်သက်ပြီး အနည်းငယ်ရှင်းပြရလျှင် ယခင်ယူခဲ့သည့် ၁ ကျပ် ပြား ၅၀ တွင်ဖြစ်စေ ယခုယူမည့် ၁ ကျပ် ၁၅ ပြားတွင်ဖြစ်စေ တစ်ဝက်ဖြစ်သည့် ၇၅ ပြားသို့မဟုတ် ၅၅ ပြားကို ကျေးရွာသမဝါယမ အသင်း၊ မြို့နယ်သမဝါယမ အသင်းစုနှင့် တိုင်းဒေသကြီး/ပြည်နယ် သမဝါယမ အသင်းစုချုပ်များ အတွက် အချိုးကျခွဲဝေပြီး ပေးထားခဲ့ပါကြောင်း တနည်းအားဖြင့် ပြည်သူများကို ပြန်ပေးခဲ့ခြင်းဖြစ်ပါကြောင်း သမဝါယမဥပဒေအရ နှစ်ချုပ် လိုက်သည့်အခါ သမဝါယမ အသင်းစုချုပ် မြတ်လျှင် သမဝါယမ အသင်းစုများ၊ သမဝါယမ အသင်းစု များကမြတ်လျှင် အခြေခံသမဝါယမ အသင်းများ၊ အခြေခံသမဝါယမ အသင်းများ ကမြတ်လျှင် အသင်းဝင် အသင်းသားများကို ပြန်လည်ခွဲဝေပေးရခြင်း ဖြစ်ပါကြောင်း။
အတိုးငွေ၏ ကျန်တစ်ဝက်ဖြစ်သည့် ၇၅ ပြား သို့မဟုတ် ၅၅ ပြားကို ဗဟိုသမဝါယမက ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်နှုန်း ကွာခြားမှုအတွက် ကြားခံစရိတ်၊ သဘာဝဘေးဆုံးရှုံးမှုအတွက် ရံပုံငွေနှင့် ဗဟိုသမဝါယမ လုပ်ငန်းများ၏ အသုံး စရိတ်အဖြစ် သုံးစွဲရပါကြောင်း၊ အသေးစားအရင်းအနှီးချေးငွေလုပ်ငန်းမှာ ငွေချေးသူက ငွေချေးတိုင်း (၁၀) ရာခိုင်နှုန်း စုဆောင်းစေသည့် စနစ်၊ ချေးငွေကို ထိရောက်စွာ အသုံးပြုနိုင်အောင် ထိန်းကျောင်းစေသည့်စနစ်၊ ချေးငွေတဖြည်းဖြည်း တိုးမြှင့်ပေး မည့်စနစ်၊ ချေးငွေအပေါ် အတိုးယူသကဲ့သို့ ပြည်သူများ၏ စုဆောင်းငွေ အပေါ် အတိုးပြန် ပေးသည့်စနစ် စာရင်းဇယားစနစ်တကျ ထိန်းသိမ်းသည့် စနစ်များ ထည့်သွင်း ဆောင်ရွက်ထားပါကြောင်း။
အပြင်ကချေးလျှင် ငွေတစ်ရာကျပ်တွင် အတိုးနှုန်းပြန်မျှ (၁၀) ခန့်ရှိပြီး သမဝါယမ အတိုးနှုန်းက ၁ ကျပ် ပြား ၅၀ သာရှိ၍ တစ်လျှင် ၈ ကျပ် ၅၀ ပြားသက်သာပါကြောင်း။ ထို့ကြောင့် ချေးငွေပေါင်း (၂၂၄) ဘီလီယံကျော် အပေါ်တွင် တစ်နိုင်ငံလုံး ပြည်သူများအနေနှင့် တစ်လလျှင် ကျပ်(၁၉) ဘီလီယံကျော် သက်သာ လျက်ရှိပါကြောင်းထို့အတူ ဧရာဝတီတိုင်းပြည်သူများ အတွက် ဆိုလျှင်လည်း ယခင်၊ ယခု ချေးငွေ နှစ်ရပ်ပေါင်း ကျပ်သန်းပေါင်း (၆၂၆၂၅ ဒသမ ၃၁၃) သန်း ရှိ ၍ တစ်လလျှင် ကျပ်သန်းပေါင်း (၅၃၂၂) သန်း ကျော် သက်သာလျှက်ရှိပါကြောင်း ။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများအတွက် တောင်ကို ရီးယားနိုင်ငံ Daedong လယ်ယာသုံး စက်ပစ္စည်း (၁၀၃) မျိုး ၊ အခြားနိုင်ငံထုတ် လယ်ယာ သုံး စက်ကိရိယာ (၂၅၈၄ ) မျိုးနှင့် သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်၊ ဆိုက္ကား၊ အပ်ချုပ်စက်စသည့် လုပ်ငန်းသုံးပစ္စည်း (၁၀၅၄) မျိုး၊ ရေလုပ်ငန်းသုံး ပစ္စည်း (၅၂၁၁) မျိုး၊ စုစုပေါင်းတန်ဖိုး ကျပ်သန်းပေါင်း (၆၄၄၅ဒသမ ၁၁၃) သန်းကို အရစ်ကျ ငွေချေစနစ်နှင့် ထပ်မံရောင်းချပေးသွားမည်ဖြစ်ပါကြောင်း။
မိမိတို့ အစိုးရသည် ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရ ဖြစ်သည်နှင့်အညီ ပြည်သူများ၏ အဓိက တွေ့ကြုံနေရသည့် အရင်းအနှီးမရှိမှု ရှိသော်လည်း မလုံးလောက်မှုကို ကူညီရန် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက် လာနိုင်စေရန်နှင့် ဆင်းရဲမှု ကို လျှော့ချရန်အတွက် ယခုလုပ်ငန်းများ ကို ဆောင်ရွက် ပေးနေခြင်း ဖြစ်ပါကြောင်း။
အဆိုပါ သမဝါယမလုပ်ငန်းစဉ်များအောင်မြင်အောင် ဆောင်ရွက်မည်ဆိုလျှင် မိမိတို့အားလုံး၏ သမဝါယမစနစ်အပေါ် ယခင်က မှားယွင်းစွာထားရှိခဲ့သည့် သဘောထား အမြင်များကို ပြောင်းလဲကြရမည်ဖြစ်ပါကြောင်း ထို့ကြောင့် ယခင်က သဘောထား အမြင်များကိုပြောင်းပြီး သမဝါယမ၏ အနှစ်သာရဖြစ်သည့် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စည်းလုံးညီညွတ်ခြင်း၊ မျှတစွာ အကျိုးခံစားခွင့်ဆိုသည့် အချက်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်က တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုစီးပွား ဘဝ မြှင့်တင် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဧရာဝတီ တိုင်းဒေ သကြီး၏ ကျေးလက်နေပြည်သူများ၏ အဓိကအသက်မွေး ဝမ်းကြောင်း လုပ်ငန်းဖြစ် သည့် လယ်ယာ ကုန်ထုတ်လုပ်မှုကဏ္ဍ အမြန်ဆုံးဖွံ့ဖြိုး တိုးတက်လာအောင် လယ်ယာ ကုန်ထုတ် အသင်း(၂၂၄၉)သင်းကို အသင်းဝင် ဦးရေပေါင်း (၃ဒသမ ၈၉ ) သိန်းကျော် ပါဝင်လာအောင် စည်းရုံးဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ ခေတ်မီအဆင့်မြှင့် စက်မှုလယ်ယာ စနစ်သုံး လယ်မြေဧက (၂၆၀၀)ကို ၂၀၁၄-၂၀၁၅ ခု ၊ဘဏ္ဍာရေးနှစ်တွင် ဖော်ထုတ်ပြီးဖြစ်၍ ယခု၂၀၁၅-၂၀၁၆ ခု ၊ ဘဏ္ဍာရေးနှစ်တွင်လည်း အဆင့်မြင့် စက်မှုလယ်ယာဧက (၅၂၀၀) ထပ်မံဖော်ထုတ်သွားမည်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး အတွင်း ၂၀၁၄ ခုနှစ်ကုန်တွင် သမဝါယမ အသင်းပေါင်း (၃၉၃၂)သင်း ရှိသည့်အနက် သမဝါယမ ဝန်ကြီးဌာန၏ ကြိုးပမ်း အားထုတ်မှုကြောင့် ယနေ့ အသင်းပေါင်း (၆၅၅၀) အသင်းထိ တိုးတက် ဖွဲ့စည်းနိုင်ခဲ့ပြီး ဖွဲ့စည်းပြီး အသင်းအားလုံး သည်လည်း ရှင်သန် လည်ပတ်နိုင်ခဲ့ပါကြောင်း။
နှစ်ရှည်စက်မှုဇုန်လုပ်ငန်းများတွင် ရှိပြီးဖြစ်သော ပုသိမ်၊ဟင်္သာတ၊မြောင်းမြ စက်မှုဇုန်များတိုးတက်ရေး ဆောင်ရွက်လျှက်ရှိရာ ယခုပုသိမ်စက်မှုဇုန်၌ စက်ရုံ တစ်ရုံတွင် လုပ်သား (၂၀၀၀) ဦးခန့် အလုပ်ပေးနိုင်မည့် အထည်ချုပ်စက်ရုံ (၃) ရုံ ဖွင့်လှစ်ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ အဆိုပါအထည်ချုပ် စက်ရုံးများတွင် မြန်မာ အမျိုးသမီး လုပ်သား (၄၁၀၀) ဦးခန့် စတင် အလုပ်ဝင်ရောက်လုပ်ကိုင်နေပြီ ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က တိုင်းဒေသကြီးအတွင်းရှိ သမဝါယမ အသင်း များသို့ ခရိုင်အလိုက် အသေးစား အရင်းအနှီးချေးငွေများ ထုတ်ပေးပြီး ဗဟိုသမဝါယမအသင်းနှင့် သမဝါယမဘဏ် လီမိတက်ဥက္ကဋ္ဌ ဦးခင်မောင်အေးက Hire Purchase စနစ်ဖြင့် ၀ယ်ယူထားသော လယ်ယာလုပ်ငန်းသုံး ရေလုပ်ငန်းသုံး ပစ္စည်းကိရိယာများနှင့် ပံ့ပိုးပစ္စည်းများကို ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးအတွင်းရှိ သမဝါယမ အသင်းသား များကိုယ်စား ကျုံပျော်မြို့နယ် သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ ဦးဝင်းရွှေ ကကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယနေ့အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်၊ သမဝါယမ အသင်းပေါင်း (၃၆၅၄)သင်းမှ အသင်းသား (၃၂၄၈၉၁) ဦးသို့ ငွေကျပ် သန်းပေါင်း (၃၁၂၉၇ ဒသမ ၂၅) သန်း ထုတ်ချေးပေးနိုင်ခဲ့ပြီး ငွေကျပ်သန်းပေါင်း (၃၇၆၀ ဒသမ၇၂၇) သန်း တန်ဖိုးရှိ လယ်ယာသုံး စက်ကိရိယာများ၊ မော်တော် ဆိုင်ကယ်များ၊ ဆိုက္ကား၊ အပ်ချုပ် စက်နှင့် ရေလုပ်ငန်းသုံး ပစ္စည်းများအား မြို့နယ် (၂၆) မြို့နယ်ရှိ အသင်းပေါင်း (၈၂၅) သင်းသို့ ပံ့ပိုးပေးနိုင်ခဲ့ရာ ပစ္စည်းတန်ဖိုး အပါအဝင် စုစုပေါင်း ငွေကျပ်သန်းပေါင်း (၃၅၀၅၇ ဒသမ၉၇၇)သန်းကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး သမဝါယမဝန်ကြီးဌာန၊ သမဝါယမ အသင်းအဖွဲ့များနှင့် ကုမ္ပဏီများ ၏ ကျေးလက်ဒေ သဖွံ့ဖြိုးရေး ဆောင်ရွက် ပေးမှု ဆိုင်ရာ ပြခန်းများ၊ သမဝါယမအသင်းသား များသို့ ပံ့ပိုးပေးသည့် လယ်ယာသုံး စက်ကိရိယာများနှင့် ရေလုပ်ငန်းသုံး ပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ပုသိမ်မြို့ ဖွံ့ဖြိုးစည်ပင်နေမှုကို မော်တော် ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။

No comments:

Post a Comment