Sunday, May 31, 2015

ဒုက္ခသည်အများစု မြန်မာနိုင်ငံကမဟုတ် အိမ်နီးချင်းနိုင်ငံကသာဖြစ်ကြောင်း ထင်ထင်ရှားရှားဆွေးနွေးနိုင်၍ သူတို့ သဘောပေါက်သွားကြပြီ


အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ အိန္ဒိယသမုဒ္ဒရာအတွင်း တရားမဝင် ရွှေ့ပြောင်း သွားလာသူများဆိုင်ရာ အထူးအစည်းဝေးကို မေလ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက် မြို့၌ကျင်းပခဲ့ရာ အစည်းအဝေး တက်ရောက်ခဲ့ကြ သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့၏ ပြောကြား ချက်များကို ပြန်လည်ရေးသား တင်ပြလိုက်ရပါသည်။




ဦးထင်လင်း
ခေတ္တညွှန်ကြားရေးမှူးချုပ်
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန
ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ မေလ ၂၉ ရက်နေ့မှာ အိန္ဒိယသမုဒ္ဒရာအတွင်း တရားမဝင် ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ ဒေသတွင်း အစည်းအဝေးကို ကျွန်တော်ဦးဆောင်ပြီး တက်ရောက် ခဲ့ပါတယ်။
တက်ရောက်တာကိုကလည်း ပင်လယ်တွင်းမှာ လှေစီးဒုက္ခသည်တွေ ရှိနေတဲ့ အချက် ကို နိုင်ငံတကာ အဖွဲ့အစည်းများနဲ့အတူ စိုးရိမ်ပူပန်တယ်၊ သူတို့အတွက် ကယ်ဆယ်စောင့်ရှောက်မှု လုပ်ငန်းတွေ ဘယ်လိုများ တိုးတက်အောင် လုပ်လို့ရ မလဲဆိုတဲ့ ရှုထောင့်အရ တာဝန်သိတဲ့နိုင်ငံ တစ်နိုင်ငံအနေနဲ့ တက်ရောက်တာလည်း ဖြစ်ပါတယ်။ အစည်းအဝေးမှာ ရလဒ်နှစ်ခု ပေါ်ထွက်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ သုံးသပ်တင်ပြရရင်တော့ အရင်တုန်းက လှေစီးဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်ကနေပြီး အစပြုတယ်လို့ စွပ်စွဲပြောဆိုနေတာတွေ ရှိပါတယ်။ ကျွန်တော်တို့ဘက်က သတင်းတွေ နိုင်ငံတကာကို ကျယ်ကျယ်ပြန့်ပြန့် မရောက်နိုင်တဲ့အတွက် သူတို့က ယုံကြည်နေတဲ့ သဘောတွေ ရှိပါတယ်။ ဒီအစည်းအဝေးမှာတော့ ဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံ သားမဟုတ်ဘူး၊ အိမ်နီးချင်းနိုင်ငံတစ်ခု ကသာဖြစ်တယ်လို့ ထင်ထင် ရှားရှားဆွေးနွေးနိုင်ခဲ့လို့ သူတို့ သဘောပေါက် သွားခဲ့ကြပါပြီ။
နောက်ပြီး လူသားချင်းစာနာ ထောက်ထားမှုအရသာ ယာယီ ကယ်ဆယ်ထားခြင်းဖြစ်တယ်။ ရေရှည် လက်ခံထားဖို့မရှိဘူး ဆိုတာကို သူတို့သိအောင် ထင်ထင်ရှားရှားပြောနိုင်ခဲ့ပါတယ်။ ရှေ့လျှောက် လှေစီးဒုက္ခသည်တွေ ထွက်မလာအောင်၊ လူမှောင်ခိုကူးမှု လုပ်နေတဲ့သူတွေကို ထိထိရောက်ရောက် ပိတ်ပင်တားဆီး အရေးယူကြမလဲ ဆိုတာတွေကို ဆွေးနွေးနိုင်ခဲ့ပါ တယ်။
လူကုန်ကူးမှု တွေကိုအရေးယူမယ်၊ သတင်းအချက် အလက်တွေကို ဘယ်လိုဖလှယ်ကြ မလဲဆို တာကို မြန်မာကိုယ်စားလှယ် အဖွဲ့ကို အဆိုပြုဆွေးနွေးကြတယ်။ လူမှောင်ခိုကူးတဲ့ သူတွေရဲ့ ဖြားယောင်း သွေးဆောင်မှုတွေကြောင့် အပြစ်မဲ့တဲ့သူတွေ ဘယ်လို ဒုက္ခရောက်ကြသလဲဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သိဖို့အတွက် မီဒီယာကနေတစ်ဆင့် အသိပေးခြင်းတွေလုပ်ဖို့ လိုအပ်တယ် လို့လဲ ဆွေးနွေးခဲ့ကြပါတယ်။
မီဒီယာကနေ အသိပေးတယ် ဆိုတာကလည်း လူမှောင်ခိုကူးတဲ့သူတွေကို ဘယ်လိုအပြစ်ပေးတယ်၊ လူကုန်ကူးခံရတဲ့ သူတွေကလည်း ဘယ်လို ဒုက္ခရောက်တယ်ဆိုတာ သိအောင် ဆောင်ရွက်ရမယ် ဆိုတာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ တရားမဝင် အလုပ်သွားလုပ်ကိုင်တဲ့ သူတွေ ကို စေလွှတ်တဲ့နိုင်ငံကရော၊ လက်ခံတဲ့ နိုင်ငံကပါ အစီအစဉ်တွေကို အခုထက်ပိုပြီး ဆောင်ရွက် သင့် တယ်လို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။
ရဲမှူးချုပ်ဝင်းနိုင်ထွန်း၊ တပ်ဖွဲ့မှူး၊
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့
ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဟာ လှေစီးဒုက္ခသည်တွေရဲ့ မူရင်းနိုင်ငံ မဟုတ်ဘူးဆိုတာရယ်၊ Transit နိုင်ငံသာ ဖြစ်တယ် ဆိုတာရယ်ကို ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ရှင်းပြနိုင်ခဲ့ပါတယ်။
တိုက်ရိုက်ပတ်သက်နေတဲ့ နိုင်ငံအချင်းချင်းကြားမှာ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုကို ရှေ့ဆက် ဆောင်ရွက်နိုင်မယ့် အစီအစဉ်တွေကို ဆွေးနွေးနိုင်ခဲ့ကြတယ်။ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းတွေ၊ ပင်လယ်ပြင် ရောက်သူတွေကို ချက်ချင်း ကာကွယ် ပေးဖို့တွေ၊ လိုအပ်သလို ပူးပေါင်း ဆောင်ရွက်ဖို့တွေ၊ သတင်းအချက် အလက်ဖလှယ်ကြဖို့တွေ၊ လူမှောင်ခို ကူးမှုပုံမှန် မဟုတ်တဲ့ ရွှေ့ပြောင်းသွား လာမှုတွေနဲ့ပတ်သက်ပြီး ကာကွယ် တားစီးဖို့တွေကို အဓိကဆွေးနွေး နိုင်ခဲ့ကြပါတယ်။
ဒါကြောင့် ဒေသတွင်း နိုင်ငံတွေအတွက်များစွာအကျိုးရှိတဲ့ အစည်းအဝေးလို့ ပြောလို့ရပါတယ်။
ကျွန်တော်တို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေနဲ့ လည်း အိမ်နီးချင်းနိုင်ငံတွေနဲ့သာမက ဒေသတွင်းနိုင်ငံတွေနဲ့ပါ ပိုမို ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။
ဦးမိုးဟိန်း
ညွှန်ကြားရေးမှူး၊ ရခိုင်ပြည်နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ဒီအစည်းအဝေးကို မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်တာ အများကြီးကောင်းပါတယ်။ အစည်း အဝေးမှာ နိုင်ငံပေါင်း ၁၇ နိုင်ငံပါဝင်ပြီး အမေရိကန်၊ ဆွစ်ဇာလန်နဲ့ ဂျပန် နိုင်ငံတွေကလေ့လာသူအဖြစ် တက်ရောက်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ အစည်းတွေလည်း တက်ရောက်ကြပါတယ်။ လှေစီးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကစွပ်စွဲသလို သူတို့ဟာ မြန်မာနိုင်ငံက ညှင်းပန်းနှိပ်စက်လို့ ထွက်ပြေးလာကြသူတွေ မဟုတ်ဘူးဆိုတာ သက်သေအထောက်အထားတွေနဲ့ ရှင်းပြနိုင် ခဲ့တယ်။
ဒီလို ရှင်းပြနိုင်ခဲ့တဲ့အတွက် လှေစီးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံက မဟုတ်ဘူးဆိုတာ ကမ္ဘာကသိသွားတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်တွေကိုလည်း ရှင်းပြဆောင်ရွက်နိုင် ခဲ့ပါတယ်။ နောက်ပြီး လှေစီးဒုက္ခသည်တွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့နိုင်ငံရဲ့ သဘောထားနဲ့ ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက် မယ့်အစီအစဉ် တွေကိုလည်း ရှင်းပြနိုင်ခဲ့တယ်။
တကယ်တော့ လှေစီးဒုက္ခသည်ကိစ္စဖြစ်ပေါ်လာတာဟာ လူပွဲစားတွေ၊ လူမှောင်ခိုဂိုဏ်းတွေက ခေတ်သစ် ကျေးကျွန်သဖွယ် ရောင်းဝယ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် အားလုံးကဝိုင်းဝန်း တားဆီးရမှာဖြစ်ပါတယ်။ ပင်လယ် ပြင်မှာရှိတဲ့လူ မှောင်ခိုလမ်း ကြောင်းတွေမှာ ချိတ်ဆက်နေ တဲ့နိုင်ငံတွေ အားလုံးက ပူးပေါင်းဆောင်ရွက် သွားရမှာဖြစ်ပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လည်း အထူးအလေး ထား ဆောင် ရွက်နေပါတယ်။ အများနည်းတူ စိုးရိမ်ပူပန်မှုတွေ လည်း ရှိပါတယ်။
လှေစီးဒုက္ခသည်တွေကို ရှာဖွေကယ်ဆယ်မှုတွေလုပ်နေပါတယ်။ မေလ ၂၁ ရက်နေ့မှာတော့ လှေစီးဒုက္ခသည် ၂ဝ၈ ဦးပါတဲ့ လူမှောင်ခိုစက်လှေနှစ်စင်းကို ရှာဖွေတွေ့ရှိကယ်ဆယ်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီတွေကို အမြန်ဆုံးဆောင်ရွက်ပေးခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင်သွားရောက်ပြီး ယာယီလက်ခံနေရာ ချထားမှုတွေ ဆောင်ရွက် ပေးခဲ့တာပါ။ ပြီးတော့ အဆင့်ဆင့်စိစစ်မှုတွေလုပ်ပြီး သက်ဆိုင်ရာ မူရင်း နိုင်ငံတွေ ကို ပြန်လည်လွှဲပြောင်း စေလွှတ်သွားဖို့ ဆောင်ရွက်နေပါတယ်။
ဦးတင်ချယ်
ညွှန်ကြားရေးမှူး
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန
ဒီအစည်းအဝေးမှာ ဒေသတွင်းနိုင်ငံအားလုံးမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စဖြစ်တဲ့ လှေစီးဒုက္ခသည်ကိစ္စကို တက်ရောက်လာတဲ့ နိုင်ငံတွေက အမြင်မျိုးစုံနဲ့ ဝိုင်းဆွေးနွေးကြပါတယ်။ အဓိက သက်ဆိုင်တဲ့နိုင်ငံတွေက ဒါမျိုးတွေ နောင်မဖြစ်ဖို့ ဘယ်လိုကာကွယ် သင့်တယ်၊ ဘယ်လို ပူးပေါင်းဆောင်ရွက် သင့်တယ်ဆိုတာတွေ ဆွေးနွေးကြပါတယ်။
လက်ရှိပင်လယ်ထဲမှာရှိတဲ့ လူတွေကိုလည်း ၎င်းတို့နေရပ်မပြန်မီ လိုအပ်တဲ့အထောက်အပံ့တွေကို ဆက်လက်ကူညီဖို့ ပြောပါတယ်။
တက်ရောက်လာတဲ့ နိုင်ငံတွေရဲ့ ဆွေးနွေးချက်တွေထဲမှာ အရင်က ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီကို ဖိနှိပ်ချုပ်ချယ်လို့ အခုလို လှေစီးဒုက္ခသည်အဖြစ် အခြားနိုင်ငံတွေကို ထွက်ပြေးတယ်ဆိုတဲ့ စွပ်စွဲချက်ကို မတွေ့ရတော့ဘူး။
ကျွန်တော်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့ကလည်း စွပ်စွဲလာရင် ပြန်လည်ချေပဖို့ သေသေချာချာစီစဉ်သွားတာပါ။ နောက်ပြီး တော့ ပင်လယ်ပြင်ထဲက လှေစီးဒုက္ခသည်တွေ အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်တယ်ဆိုတာ အစည်းအဝေး အဖွင့်မှာကို က မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က အထောက်အထားနဲ့ အခိုင်အမာပြောခဲ့ပါ တယ်။ နိုင်ငံတကာ ကလည်း သေချာ သိသွားတော့ စွပ်စွဲမှုတွေ မရှိတော့ပါဘူး။
နောက်တစ်ခုက အစည်းအဝေးရဲ့ ရလဒ်ကို Statement လို့ သုံးချင်ကြတယ်။
ဒါဟာနိုင်ငံတကာစံနှုန်းနဲ့ မကိုက်ညီဘူးဆိုတာကိုလည်း အဖွဲ့ ခေါင်းဆောင်က ထောက်ပြဆွေးနွေးနိုင်ခဲ့တဲ့အတွက် နောက်ဆုံး Summary လို့ဆိုပြီး ပြောင်း သုံးခဲ့ တာကလည်း မြန်မာနိုင်ငံရဲ့အောင်မြင်မှုလို့ ပြောလို့ရပါတယ်။
မြန်မာနိုင်ငံက အဓိကဆွေးနွေးတဲ့အချက် (၃) ချက်ဖြစ်တဲ့ ပင်လယ် ပြင်ထဲက လှေစီးဒုက္ခသည်တွေကို လူသားချင်းစာနာစွာ ကယ်ဆယ်စောင့် ရှောက်ရေး၊ နောင်ဒီလိုမဖြစ်စေရန် တားဆီး ကာကွယ်ရေး အတွက် နိုင်ငံ အားလုံးပူးပေါင်းဆောင်ရွက်ရေး၊ အဓိကအကြောင်း အရင်းဖြစ်တဲ့ (Root Cause) ကိုဖော်ထုတ်ပြီး êကြိုတင်ကာကွယ်ရေး တို့ ကိုဆွေးနွေးခဲ့ပြီး မြန်မာ နိုင်ငံက လက်ရှိကာကွယ်တားဆီးနေတဲ့ အခြေအနေတွေ၊ သတင်းအချက် အလက်ဖလှယ်ရေးလုပ်ငန်းတွေနဲ့ ကာကွယ်တားဆီးရေး လုပ်ငန်းတွေကို အကြံပြုချက်ပေးနိုင်ခဲ့ပါတယ်။ နောက်တစ်ခုက အရင်က မြန်မာနိုင်ငံကို မူရင်းနိုင်ငံဆိုပြီး ပြောဆိုမှုတွေအပေါ် အခုဆွေးနွေးချေပနိုင်ခဲ့မှုကြောင့် Transit Country ပုံစံမျိုးတွေ ပြောဆိုလာတာတွေ့ရပါတယ်။
ဒေါ်ယုယုဆွေ
ညွှန်ကြားရေးမှူး
လူမှုဝန်ထမ်းဦးစီးဌာန
ဒီအစည်းအဝေးမှာ လူကုန်ကူးမှုနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတာ တွေရှိပါတယ်။
ကျွန်မတို့ဝန်ကြီးဌာနဟာ လူကုန်ကူးမှုတားဆီးကာကွယ် ရေးဗဟိုအဖွဲ့ရဲ့ လုပ်ငန်းအဖွဲ့တစ်ခုဖြစ်တဲ့ ပြန်လည်လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ကို တာဝန်ခံဆောင်ရွက်တာဖြစ်လို့ ဝန်ကြီးဌာနလုပ်ငန်း တွေကို ထည့်သွင်းဆွေးနွေးနိုင်ဖို့ အဖွဲ့ခေါင်းဆောင်ကိုပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာလှေစီးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံက မဟုတ်ဘူးဆိုတာကို အချက်အလက်နဲ့ ဆွေးနွေးနိုင် ခဲ့တဲ့ အတွက် အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။

No comments:

Post a Comment