Friday, May 29, 2015

မြန်မာကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း တရားမ၀င်ရွေ့ပြောင်းသွားလာသူများဆိုင်ရာ ဒေသတွင်း အစည်းအဝေးသို့ တက်ရောက်ဆွေးနွေး


ဘန်ကောက် မေ(၂၉)
ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် အိန္ဒိယသမုဒ္ဒရာ အတွင်း တရားမ၀င် ရွေ့ပြောင်း သွားလာ သူများဆိုင် ရာ ဒေသတွင်း အထူးအစည်းအဝေး ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ANANTARA ဟိုတယ်၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည် ဆိုင်ရာ အဖွဲ့ အစည်းများနှင့် စီးပွားရေးဦးစီး ဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထင်လင်း ခေါင်းဆောင်သော ကိုယ်စား လှယ်အဖွဲ့ တက်ရောက်ဆွေးနွေး ခဲ့သည်။

မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနတို့မှ တာဝန် ရှိသူများ ပါဝင်တက်ရောက် ကြသည်။
အဆိုပါဒေသတွင်း ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံမှ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာတာနာဆတ် ပါတီမာပရာဂွန်နှင့် တာဝန်ရှိသူများ၊ ဘင်္ဂလားဒေ့ရှ်၊မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံအပါအ၀င် စုစုပေါင်း(၁၇)နိုင်ငံမှ အဆင့်မြင့် အရာရှိကြီးများ၊ လေ့လာသူများအဖြစ် အမေရိကန်၊ ဆွစ်ဇလန်နှင့် ဂျပန်နိုင်ငံတို့မှ အဆင့်မြင့် အရာရှိကြီးများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းအများ၊ အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ ကိုယ်စား လှယ်များတက် ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံဒုတိယ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရှာဖွေ ကယ်ဆယ်ရေး သည် အရေးကြီးကြောင်း၊ လူမှောင်ခိုကူးမှုနှင့် လူကုန်ကူးမှုကို တိုက်ဖျက်ရန် လိုအပ် ကြောင်း၊ ပင်လယ်တွင်း ပုံမှန်မဟုတ်သော ရွေ့ပြောင်းသွားလာမှုများ၏ အကြောင်း ရင်းကို ရှာဖွေရန် လိုကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတကာရွေ့ပြောင်းသူများဆိုင်ရာ အဖွဲ့အစည်း (IOM)နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR)တို့မှ ကိုယ်စားလှယ်များ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံ တို့မှ တာဝန်ရှိသူများက အိန္ဒိယသမုဒ္ဒရာအတွင်း တရားမ၀င်ရွေ့ပြောင်း သွားလာ သူများကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးထင်လင်းက မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်း ပြောကြားရာတွင် ပင်လယ်ပြင်တွင်း လှေစီးဒုက္ခသည်များ မျောပါနေသည့် သတင်းများပေါ်ထွက် လာပြီးနောက် လှေစီး ဒုက္ခသည်များ အရေးကို နိုင်ငံတကာနှင့် ထပ်တူ မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်မှုရှိကြောင်း၊ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ကို ဆောင်ရွက်လျက် ရှိကြောင်း၊ ဒေသတွင်း၊ နိုင်ငံတကာအသိုက်အ၀န်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့် ရှိကြောင်း စသည်ဖြင့်အရေးကြီးသည့် အချက်များ ပါဝင်သော သတင်း ထုတ်ပြန် ချက်ကို ယခုလ(၁၉)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ မေ(၂၀)ရက်တွင်ထုတ်ပြန်ခဲ့သည့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့၏ ပူးတွဲထုတ်ပြန်ချက်ကိုလည်း မြန်မာနိုင်ငံက ကြိုဆိုကြောင်း၊ မေ(၂၁)ရက်နေ့တွင် မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးများသည် မြန်မာနိုင်ငံနိုင်ငံခြားရေး ၀န်ကြီးထံ လာရောက် တွေ့ဆုံပြီး ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြောင်း၊ မေ(၂၂)ရက် တွင် နိုင်ငံတော်ဒုတိယသမ္မတ ဦးဆောင်သည့် ပင်လယ်ပြင်အတွင်း တရားမ၀င် ရွေ့ပြောင်းသွားလာသူများဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲရေး ကော်မတီကိုဖွဲ့စည်း၍ တရားမ၀င်ရွေ့ပြောင်းသွားလာမှု၊ လူမှောင်ခိုကူးမှုနှင့် လူကုန်ကူးမှုများ တားဆီးရေးအတွက် ထိရောက်စွာ ဆောင်ရွက်သွားရန်နှင့် ပင်လယ်ပြင်အတွင်း ဒုက္ခသည် များအား ရှာဖွေကယ်ဆယ်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့်အာဆီယံနိုင်ငံများ၏ နိုင်ငံ ဖြတ်ကျော်မှုခင်းများဆိုင်ရာ ၀န်ကြီးအဆင့် အစည်းအဝေးသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ အသိုက်အ၀န်းဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်အသင့်ရှိကြောင်းစသည်ဖြင့် ပြော ကြားခဲ့သည်။
ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တက်ရောက်သော နိုင်ငံများမှအဖွဲ့ခေါင်းဆောင်များ၊ အဆင့်မြင့် အရာရှိကြီးများ၊ လေ့လာသူ အဖြစ်တက်ရောက် လာကြသည့် အမေရိကန်၊ ဆွစ်ဇာလန်နှင့် ဂျပန် နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းအများ၊ အစိုးရအဖွဲ့ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များက လှေစီးဒုက္ခသည်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ကြသည်။
အစည်းအဝေးတွင် မှတ်တမ်းအကျဉ်းချုပ်ကို သဘောတူညီခဲ့ပြီး လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ ဆိုက်ရောက်ရာ နိုင်ငံများတွင် ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်နိုင်ရေး၊  သတင်းအချက်အလက်များ ဖလှယ်ရေး၊ အရေးပေါ်တုန့်ပြန် နိုင်ရေးအတွက် အရင်းအမြစ်များ စုစည်းရေး၊ လူကုန်ကူးမှုဆိုင်ရာ တည်ဆဲ အစီအမံများအတွင်းမှ ပူးပေါင်းဆောင်ရွက် မှုများပြုလုပ်ရေးစသည့် အချက်အလက်များ ပါဝင်ကြောင်း သိရသည်။

No comments:

Post a Comment