Friday, May 1, 2015

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော၂၀၁၅ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့အခမ်းအနား သ၀ဏ်လွှာ

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-
၂၀၁၅ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာတစ်ဝန်းလုံးရှိ အလုပ်သမားကြီးများအတွက် အလေးအနက် ဂုဏ်ပြုသတ်မှတ်ထားရှိသည့် ကမ္ဘာ့အလုပ်သမားနေ့ အခါသမယတွင် မြန်မာနိုင်ငံအတွက် အရေးပါသော အင်အားစု တစ်ရပ်ဖြစ်သည့် အလုပ်သမားကြီးများ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သရင်း ဂုဏ်ပြုနှုတ်ခွန်းဆက်သ အပ်ပါသည်။

နှစ်စဉ်မေလ ၁ ရက်နေ့ကို ကမ္ဘာ့ အလုပ်သမားနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ အလုပ်သမားများကို ဂုဏ်ပြု သည့် အနေဖြင့် အလုပ်သမားနေ့ အခမ်းအနားများကို ကျင်းပလျက်ရှိရာ ယနေ့ အချိန်အခါသည် မြန်မာနိုင်ငံရှိ အလုပ်သမားထုကြီး တစ်ရပ်လုံးအတွက်လည်း မင်္ဂလာရှိသော နေ့ထူးနေ့မြတ် တစ်ခုပင် ဖြစ်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-
လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ မိမိတို့၏ နိုင်ငံသားများအတွက် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးကို အလေးထား ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ မြန်မာနိုင်ငံ၌လည်း နိုင်ငံတော် အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ချမှတ် အကောင်အထည် ဖော်လျက်ရှိရာတွင် ပြည်သူလူထု၏ လူမှုစီးပွား ဘ၀ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲမှုလျှော့ချနိုင်ရေးတို့အတွက် အလုပ်လုပ်နိုင်သူတိုင်း သင့်တော် ကောင်းမွန် သော အလုပ်အကိုင်များ ရရှိရေးကိစ္စကို အဓိကထားပြီး ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာတွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံရှိ လုပ်သား အင်အားကို စနစ်တကျ အကျိုးရှိစွာ အသုံးချနိုင်ရေး၊ အမှန်တကယ် အလုပ်လုပ်လိုသူများကို သင့်တော် ကောင်းမွန်သော လုပ်ငန်းခွင် များ၌ နေရာချထားပေးနိုင်ရေး၊ စည်းကမ်းကောင်းမွန်ပြီး စွမ်းဆောင်ရည် ထက်မြက်သော ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ်ပေါ်ထွန်းရေးနှင့် ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော အရည်အချင်း ရှိသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်ပေးလျက် ရှိပါသည်။
ယခုအချိန်ကာလသည် ၂၀၁၄ ခုနှစ်ကုန်ဆုံးပြီး ၂၀၁၅ ခုနှစ်အတွင်းသို့ ကူးပြောင်း ၀င်ရောက်နေသည့် ကာလ ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်သည် မြန်မာနိုင်ငံ၌ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အခင်းအကျင်းအသစ်များ ပေါ်ပေါက်လာမည့် အရေးကြီးသော အပြောင်းအလဲကာလ တစ်ခုဖြစ်လာနိုင်သည့် နည်းတူ မြန်မာနိုင်ငံ၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး ခိုင်မာသည့် အလုပ်သမားဈေးကွက် ပေါ်ပေါက်လာရေး အပါအ၀င် အဓိကကျသော အခန်းကဏ္ဍများ၌လည်း လွန်စွာ အရေးကြီးသည့် အဆင့်သို့ ရောက်ရှိနေသည့် ကာလလည်း ဖြစ်ပါသည်။ ထိုသို့သော အချိန်ကာလတွင် မြန်မာ အလုပ်သမားကြီးများ၏ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများ၊ အကြံဥာဏ်များနှင့် ကြိုးစားအားထုတ်မှုများသည် နိုင်ငံ အတွက် အဖိုးမဖြတ်နိုင်သော အင်အားစုများပင် ဖြစ်ပါသည်။
အားလုံးသိကြသည့်အတိုင်း မြန်မာနိုင်ငံ အပါအ၀င် အာဆီယံ ဒေသအတွင်း၌ အာဆီယံ စီးပွားရေး အသိုက်အ၀န်း ဖြစ်သော ASEAN Economic Community (AEC) သည် ယခုနှစ်အတွင်း ပေါ်ထွန်းလာတော့မည် ဖြစ်ပါသည်။ ထိုသို့သော အခြေအနေတွင် ကျွမ်းကျင် အလုပ်သမားများ လွတ်လပ်စွာ ကူးသန်း သွားလာ လုပ်ကိုင်ခြင်း လုပ်ငန်းစဉ်အရ အာဆီယံ ဒေသအတွင်းရှိ ကျွမ်းကျင် အလုပ်သမားများသည် အာဆီယံ နိုင်ငံများအကြား လွတ်လပ်စွာ ရွှေ့ပြောင်း သွားလာ လုပ်ကိုင်နိုင်ကြတော့မည် ဖြစ်ပါသည်။
ဤကဲ့သို့ အာဆီယံဒေသ၏ ပြောင်းလဲမှုဖြစ်စဉ်တွင် မြန်မာနိုင်ငံ၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အဆင့်အလိုက်၊ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိခြင်း၊ မူဝါဒရေးရာ ဖြေလျှော့မှုများ ပြုလုပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆောင်ရွက်ခဲ့ခြင်း၊ ထားဝယ်၊ သီလ၀ါနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်များ ပေါ်ထွန်း လာခြင်းနှင့် မြန်မာနိုင်ငံ၏ ပထ၀ီ အနေအထားအရ ကြီးမားသော လူဦးရေးနှင့် ဈေးကွက်ကြီးများရှိသည့် တရုတ်၊ အိန္ဒိယနှင့် အာဆီယံဒေသတွင်း၌ ရှိနေခြင်းနှင့် အလားအလာကောင်းသော စီးပွားရေးစင်္ကြံအတွင်း၌ ရှိနေခြင်းအစရှိသည့် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်သော အခြေအနေကောင်းများကြောင့် မြန်မာနိုင်ငံ၌ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက် လျက်ရှိသည့် နည်းတူ ပိုမိုဝင်ရောက်လာရန် တာစူနေကြသည့် အလားအလာကောင်းများ ရှိနေသည် ကိုလည်း မြင်တွေ့နေရပြီ ဖြစ်ပါသည်။
ယနေ့ ခေတ်ဈေးကွက် စီးပွားရေးစနစ်အရ မြန်မာနိုင်ငံတွင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အများအပြား လာရောက်လုပ်ကိုင်လျက် ရှိရာ၌ နိုင်ငံတော် အစိုးရအနေဖြင့် လုပ်သားအရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချပြီး ကုန်ထုတ်စွမ်းအား တိုးတက်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖွံ့ဖြိုး တိုးတက်လာစေရေးကို ဦးစားပေး ဖော်ဆောင်လျက် ရှိသကဲ့သို့ ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည့် နည်းပညာရပ်များနှင့် လိုက်လျောညီထွေစွာ အလုပ်သမား များ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်လာရေးကိုလည်း ဦးတည် ဆောင်ရွက်လျက်ရှိပါသည်။
ထိုနည်းတူစွာပင် နိုင်ငံတော်အစိုးရက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးသည့် အနေဖြင့် ပြည်တွင်း တိုင်းရင်းသား လုပ်ငန်းရှင်များ၏ စက်မှုလုပ်ငန်းများ၊ ကုန်ထုတ် လုပ်ငန်းများနှင့် ၀န်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန် အားပေးကူညီလျက်ရှိသဖြင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနှံ့ စက်မှုဇုန်များ ပေါ်ထွန်းလာပြီး စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းအသစ်များ အလျင်အမြန် ဖွံ့ဖြိုး တိုးတက် လာမှုကြောင့် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေပြီ ဖြစ်ပါသည်။
ထိုသို့သော အခြေအနေတွင် နိုင်ငံတော်မှလည်း အလုပ်သမားများ ရသင့်ရထိုက်သည့် အခွင့်အရေး များ ရရှိခံစားနိုင်ပြီး အလုပ်သမားထု တစ်ရပ်လုံး၏ လူမှုစီးပွားဘ၀ တိုးတက်ကောင်းမွန် စေရေးအတွက် အလုပ်သမားနှင့် အလုပ်ရှင်များ အကြား သင့်တင့်မျှတသော အလုပ်သမားရေးရာ ကျင့်စဉ်များ ရှင်သန်ကျင့်သုံး နိုင်စေရန် အလုပ်သမားရေးရာ ဥပဒေ များကို ခေတ်စနစ်နှင့် အညီပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် အသစ်ရေးဆွဲခြင်းများကို ဆောင်ရွက်လျက်ရှိပြီး တည်ငြိမ် အေးချမ်းသော လုပ်ငန်းခွင်များ ဖြစ်တည်နိုင်စေရေးအတွက် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက် လျက်ရှိပါသည်။
အလားတူပင် ၂၀၁၁ ခုနှစ်၌ ပြဌာန်းခဲ့သော အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုထားရာ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အလုပ်သမား အဖွဲ့အစည်း ၁၆၂၁ ဖွဲ့၊ အလုပ်ရှင်အဖွဲ့အစည်း ၃၀ ဖွဲ့၊ အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်း စုစုပေါင်း ၁၆၅၁ ဖွဲ့ကို ဖွဲ့စည်းခွင့် ပြုခဲ့ပြီးဖြစ်သကဲ့သို့ အချို့သော အလုပ်သမား အဖွဲ့အစည်းများကို ဥပဒေနှင့် အညီ အဖွဲ့ချုပ်အဆင့်အထိ ဖွဲ့စည်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ စက်ရုံ၊ အလုပ်ရုံများနှင့် လုပ်ငန်းအသစ်များ တိုးတက်များပြား လာမှုကြောင့် မြန်မာ လုပ်သားထုအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိ လာသည့်နည်းတူ အခြား တစ်ဖက်၌လည်း ရှောင်လွှဲ ၍မရသည့် အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများနှင့် တောင်းဆို ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည်ကိုလည်း တွေ့ရှိနေ ရပါသည်။ ဤသို့သော အခြေအနေတွင် အဆိုပါပြဿနာများကို အလျင်အမြန်မဖြေရှင်းနိုင်ခဲ့လျှင် (သို့မဟုတ်) လျော့နည်း သွားစေရန် ဥပဒေနှင့်အညီမဆောင်ရွက်နိုင်ခဲ့လျှင် နိုင်ငံ၏ကုန်ထုတ်လုပ်ငန်းကို ထိခိုက်လာနိုင်ခြင်း၊ အလုပ်သမားများနှင့် မိသားစုဝင်များ၏ စားဝတ်နေရေးကို ထိခိုက်စေနိုင်ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတားဖြစ်စေနိုင်ခြင်းနှင့် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များအတွက် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်မည့် အစီအစဉ်များကို နှောင့်နှေးသွားစေ နိုင်ခြင်း စသည်တို့ကြောင့် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် နိုင်ငံတော်၏ စီးပွားရေးအပေါ်၌လည်း မလိုလား အပ်သည့် သက်ရောက်မှုများ ကျရောက်လာနိုင်မည့် အခြေအနေကိုလည်း သတိပြုရန် လိုအပ်ပါသည်။
အမှန်တကယ်အားဖြင့် အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများကို သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြေရှင်းလိုက်ပါက အေးအေးချမ်းချမ်းဖြင့် လုပ်ငန်းခွင်မပျက် ဆောင်ရွက်သွားနိုင်ကြမည် ဖြစ်ပါသည်။ ဤကဲ့သို့ ဆောင်ရွက်ခြင်းမပြုဘဲ ကိုယ်စီဆန္ဒများဖြင့် ဥပဒေကို မျက်ကွယ်ပြု၍ ဖြေရှင်းနေကြ မည်ဆိုပါက ကုန်ထုတ်လုပ်မှုကို များစွာ ထိခိုက်စေမည်ဖြစ်သကဲ့သို့ အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးစီးပွားများကိုလည်း များစွာ ထိခိုက်နစ်နာ စေမည်ဖြစ်၍ အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများကို အတည်ပြု ပြဌာန်းထားပြီး ဖြစ်သည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေနှင့် သက်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ကိုယ်ချင်းစာတရားဖြင့် မျှတစွာ တွေးခေါ် စဉ်းစားပြီး ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် လိုအပ်ပါသည်။
အလုပ်ရှင်များ အနေဖြင့်လည်း ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမြတ်အစွန်း တစ်ခုတည်းကို သာမကြည့်ဘဲ လူမှုပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးအတွက် တာဝန်ယူ ဆောင်ရွက်ပေးသော စနစ်ဖြစ်သည့် Corporate Social Responsibility (CSR) ကိုလည်း ထည့်သွင်း ဆောင်ရွက်ခြင်းဖြင့် အေးချမ်းသာယာ၍ ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွှတ်သင့်တော် ကောင်းမွန်သော လုပ်ငန်းခွင်ကို တည်ဆောက်ကြရန် လိုအပ်ပါသည်။ ထိုသို့ ဆောင်ရွက်ပေးမှသာ ကျန်းမာကြံ့ခိုင်ပြီး စွမ်းဆောင်ရည် ပြည့်ဝသည့် အလုပ်သမား အင်အားထု၏ စွမ်းရည်ဖြင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ လက်ရှိပြောင်းလဲနေသော အခင်းအကျင်း အသစ်များတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကဏ္ဍသည်လည်း အဓိကအခန်း ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေပါသည်။ မြန်မာနိုင်ငံ၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အဆင့်အလိုက်၊ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှုများ၊ မူဝါဒရေးရာ ဖြေလျှော့မှုများ ပြုလုပ်ပြီး ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်လျက် ရှိခြင်းကြောင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက် များပြားလာမှုကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် စွမ်းရည်မြင့်မားပြီး ကျန်းမာကြံ့ခိုင်သော လုပ်သားအင်အားထုကြီးကို လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်မည် ဖြစ်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-
လက်ရှိအချိန်တွင် အလုပ်သမားများ တောင်းဆိုနေကြသည့် ကိစ္စတစ်ရပ်မှာ အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ပေးရေး ကိစ္စပင် ဖြစ်ပါသည်။ အမှန်တကယ်အားဖြင့် ပုဂ္ဂလိက ကဏ္ဍ၌ အလုပ်လုပ်နေကြသော အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေကို သက်ဆိုင်ရာ လုပ်ငန်းရှင်နှင့် အလုပ်သမားများအကြား နှစ်ဖက်ညှိနှိုင်းပြီး သဘောတူ သတ်မှတ်နိုင်ခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ သို့ရာတွင် အလုပ်တစ်ခုကို တွဲလုပ်နေကြသူ အချင်းချင်း တစ်ဖက်က တောင်းဆိုမှုနှင့် အခြားတစ်ဖက်က လိုက်လျောပေးနိုင်မှု ကွာဟနေမှုကြောင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ဦးစီးပြီး လုပ်ငန်းစဉ်(၅)ရပ် ချမှတ်၍ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် ညှိနှိုင်း ဆွေးနွေး အဖြေရှာနေရခြင်း ဖြစ်ပါသည်။
အလုပ်သမားများ တောင်းဆိုလျက်ရှိသော အနည်းဆုံး အခကြေးငွေ သတ်မှတ်ပေးနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) နှင့် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့ (IOM) တို့ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ Myanmar Development Resource Institute (MDRI) နှင့် Myanmar Marketing Research and Development Co. Ltd (MMRD) ကဲ့သို့သော ပြည်တွင်း ပညာရှင် အဖွဲ့အစည်းများကလည်း ပူးပေါင်း ပါဝင် ဆောင်ရွက်လျက်ရှိပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားနှင့် ပညာရှင် များပါဝင်သော အဖွဲ့များကို ဖွဲ့စည်း၍ မြို့နယ်ပေါင်း (၁၀၈) မြို့နယ်သို့ ကွင်းဆင်းကာ နေရာ ဒေသအလိုက်၊ လုပ်ငန်း အမျိုးအစားအလိုက် အခြေခံ အလုပ်သမားများ ရရှိနေသည့် လုပ်ခလစာများနှင့် နေထိုင်စားသောက်မှု စရိတ်စစ်တမ်းများကို ကောက်ယူပြီးဖြစ်၍ ရရှိလာသော စစ်တမ်း များကို အခြေခံ၍ လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အလုပ်ရှင်နှင့် အလုပ်သမား အဖွဲ့အစည်းများထံမှ အကြံဥာဏ်များ တောင်းခံ၍လည်းကောင်း အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ် ပေးနိုင်ရေးကို ညှိနှိုင်းဆောင်ရွက်လျက် ရှိပါသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစု လိုအပ်ချက်များ၊ လက်ရှိလုပ်ခ လစာများ၊ စားဝတ်နေရေးအတွက် ကုန်ကျစရိတ်များနှင့် ယင်းကုန်ကျ စရိတ်များ၏ ပြောင်းလဲ နေမှုများ၊ ကုန်ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွနိုင်မှု အခြေအနေများ၊ အလုပ်သမား များအတွက် လိုက်လျော ညီထွေရှိမည့် လူနေမှုအဆင့်အတန်းနှင့် အခြေခံ လိုအပ်ချက်များ စသည့်အချက်များကို အဓိကထားပြီး ထည့်သွင်းတွက်ချက်ရန် လိုအပ်သဖြင့် အချိန်အတိုင်း အတာ တစ်ခု ရယူဆောင်ရွက် နေရခြင်း ဖြစ်ပါသည်။
အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ပေးရာတွင် မြင့်မားစွာ သတ်မှတ် ပေးပါက ကုန်ထုတ်လုပ်မှု စရိတ်များ တိုးမြင့်လာပြီး ကုန်ဈေးနှုန်းများ မြင့်မားလာနိုင်ခြင်း၊ အလုပ်သမား စရိတ် သက်သာစေရန်အတွက် အလုပ်သမား အင်အားကို လျှော့ချပြီး စက်စွမ်းအားကို ပိုမို အသုံးပြုလာနိုင်ခြင်းကြောင့် အလုပ်လက်မဲ့များ တိုးပွား လာနိုင်ခြင်းနှင့် နောက်ဆုံးအခြေအနေတွင် လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိတော့ သဖြင့် စက်ရုံများ ပိတ်သိမ်းသွားသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်ခြင်း စသည့် အလုပ်သမားထုအတွက် မလိုလားအပ်သည့် ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်သကဲ့သို့ လုပ်ခလစာ မြင့်မားမှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာခြင်းကို အဟန့်အတား ဖြစ်စေ နိုင်သည့် ဆိုးကျိုး သက်ရောက်မှုများလည်း ရှိလာနိုင်ပါသည်။
ထိုနည်းတူစွာပင် အခကြေးငွေ နည်းပါးပါကလည်း အလုပ်သမားများ၏ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်ကာ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား အငြင်းပွားမှုများ၊ တောင်းဆိုဆန္ဒပြမှုများ ပိုမို များပြားလာနိုင်သဖြင့် လုပ်ငန်းခွင် အေးချမ်းသာယာမှုကို ထိခိုက်လာနိုင်ပြီး စက်ရုံများ ရပ်နား ပိတ်သိမ်းရမှုကြောင့် အလုပ်သမားများ၏ စားဝတ်နေရေးကို ထိခိုက်စေနိုင်သည့်အပြင် ကုန်ထုတ်စွမ်းအား ကျဆင်း လာမှုကြောင့် နိုင်ငံတော်၏ စီးပွားရေးကိုလည်း ထိခိုက်စေ နိုင်ကြောင်း သတိပြုရမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကိစ္စကို အလုပ်ရှင်နှင့် အလုပ်သမားများ၏ ရေရှည် အကျိုးစီးပွား အတွက် အဘက်ဘက်မှ လွှမ်းခြုံစဉ်းစားပြီး အလုပ်သမားများနှင့် အလုပ်ရှင်များ နှစ်ဦးနှစ်ဖက် သဘောတူညီပြီး လက်တွေ့ လက်နာကျင့်သုံးနိုင်မည့် နှုန်းထားကို အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးဦးသုံးဖလှယ် အပြုသဘော ဆောင်သော ဆွေးနွေးညှိနိုင်းမှုများဖြင့် ဆုံးဖြတ် ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျာ-
လက်ရှိအချိန်တွင် Globalization ဖြစ်စဉ်နှင့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးအခြေအနေ ပြောင်းလဲမှုများနှင့် အတူ နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မှုနှင့် လူနေမှု အဆင့်အတန်းကွာဟမှု စသည့် အမျိုးမျိုးသော အခြေအနေများကြောင့် နိုင်ငံတစ်နိုင်ငံမှ အခြားတစ်နိုင်ငံသို့ အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ရှာဖွေရန် သွားရောက်ကြသည့် ရွှေ့ပြောင်းအလုပ်သမား အရေအတွက်သည် တစ်နေ့တစ်ခြား တိုးတက်များပြားလျက် ရှိပါသည်။ အလားတူ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုသည် ဆင်းရဲမှု လျှော့ချရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းကောင်းများ တိုးတက် ဖြစ်ပေါ်ရေးတို့အတွက် အရေးပါသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည့်အတွက် မြန်မာနိုင်ငံသားများသည်လည်း ပြည်ပနိုင်ငံများသို့ သွားရောက်၍ အလုပ်လုပ်ကိုင်လျက် ရှိရာ ပြည်ပရောက် မြန်မာအလုပ်သမားများ သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေများနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေး များ ရရှိစေရေးအတွက် မြန်မာအလုပ်သမား သံအရာရှိများအား တာဝန်ပေးခန့်ထားမှု အပါအဝင် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
အလားတူပင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန်နှင့် မှန်ကန်သော သတင်းအချက်အလက်များ ပေးနိုင်ရန်အတွက် ရွှေ့ပြောင်းအလုပ်သမားများ ထောက်ပံ့ကူညီပေးရေးဗဟိုဌာနများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဖွင့်လှစ်ပေးလျက်ရှိပြီး မြန်မာအလုပ်သမားများ တိုင်ကြားအကူအညီ တောင်းနိုင်သည့် ဌာနများကိုလည်း နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ၂၄ နာရီပတ်လုံး ဖွင့်လှစ်ပေးထားပြီး ပြည်တွင်း၊ ပြည်ပ ၌ အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများနှင့် ပတ်သက်သည့် ပြဿနာများကို အချိန်နှင့် တစ်ပြေးညီ ဖြေရှင်း ဆောင်ရွက် ပေးလျက်ရှိပါသည်။
ထို့အပြင် အလုပ်သမားအခွင့်အရေး အပြည်အဝ ရရှိရေး၊ လုပ်ငန်းခွင် အေးချမ်းသာယာရေး၊ ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး လုပ်ငန်းများကို မြှင့်တင် ဆောင်ရွက်ရေး၊ အလုပ်သမားကျွမ်းကျင် တက်မြောက်သည့် အသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှုများနှင့် အညီ ပြည်တွင်း၊ ပြည်ပ၌ သင့်တော်သည့် အလုပ်အကိုင်များ ရရှိရေးတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက် ရရှိရေးအတွက် အလုပ်သမား လိုအပ်နေသည့် အလုပ်ဌာနများနှင့် အလုပ်လုပ်လိုကြသည့် နိုင်ငံသားများ တစ်နေရာတည်း၌ တွေ့ဆုံညှိနှိုင်း စာချုပ်ချုပ်ဆို၍ အလုပ်ခန့်ထားနိုင်သည့် အလုပ်အကိုင် အခွင့်အလမ်း ပြပွဲများကိုလည်း ကျင်းပပေးလျက် ရှိပါသည်။
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက မောင်းနှင်အားဖြစ်သည့် အလုပ်သမားထုကို စွမ်းရည် ပြည့်ဝနေစေရန်နှင့် ကျန်းမာကြံ့ခိုင် စေရန်အတွက် လူမှု ဖူလုံရေးကဏ္ဍသည်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ လူမှုဖူလုံရေး စီမံကိန်းသည် နိုင်ငံတော်၏ အခြေခံ အကျဆုံး ဖြစ်သော အလုပ်သမားများ၏ ဘဝအာမခံချက် ရရှိရေးကို ဆောင်ရွက်ပေးနေသော စီမံကိန်းဖြစ်၍ ယင်းလုပ်ငန်းသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုနိုင်သော အရေးပါသည့် လုပ်ငန်းစဉ် တစ်ရပ်လည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်၊ ဧပြီ လ ၁ ရက်နေ့က စတင်အာဏာ သက်ဝင် ကျင့်သုံးနေပြီဖြစ်သော လူမှုဖူလုံရေး ဥပဒေသစ်အရ အလုပ်သမားများ အတွက် အာမခံစနစ်များကို ကျင့်သုံး ဆောင်ရွက်နေခြင်းသည် နိုင်ငံတော်က ချမှတ် ထားသည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ပင် ဖြစ်ပါသည်။ လူမှုဖူလုံရေး အဖွဲ့ကြီးသည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချနိုင်ရေး အတွက် ထိရောက်စွာ ပါဝင်ဆောင်ရွက်သွားနိုင်မည့်အဖွဲ့ကြီး အဖြစ် ရပ်တည်သွားတော့မည်ဖြစ်၍ မြန်မာအလုပ်သမား ထုကြီး တစ်ရပ်လုံးအတွက် ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အကျိုးခံစားခွင့်များကို ပိုမိုထိရောက်စွာ ပံ့ပိုး ပေးနိုင်စေရန် အတွက် အလုပ်သမား ဆေးရုံကြီးများနှင့် လူမှုဖူလုံရေး ဆေးခန်းများကို အဆင့်မြှင့်တင်ခြင်း၊ ခေတ်မှီ တိုးတက်အောင် ဆောင်ရွက်ခြင်းတို့ကိုသာမက ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများနှင့် ပူးပေါင်းပြီး အလုပ်သမားများအတွက် ကျန်းမာရေး၊ ပြုစုစောင့်ရှောက်မှု လုပ်ငန်းများကို တိုးတက် ဆောင်ရွက်သွားမည် ဖြစ်သည့် အပြင် ရွေ့လျား ဆေးကုသယာဉ်များဖြင့် အလုပ်သမားများရှိရာ လုပ်ငန်းခွင်များအထိ သွားရောက် ကွင်းဆင်း ကုသမှုများကို ဆောင်ရွက်ပေးနေပြီ ဖြစ်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ကြီးဖြစ်သည့် ILO ၏ လုပ်ငန်း အစီအစဉ်နှင့် အညီ မြန်မာနိုင်ငံ၌  ကျေးလတ်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ် အပါအဝင် နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အထောက်အပံ့ ပေးသည့် အနေဖြင့် အဓမ္မ ခိုင်းစေသည့် ပုံစံများကို လျော့နည်း ပပျောက်စေရန် အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်း၊ အသင်းအဖွဲ့များကို  လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် လူမှုရေး ဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကိစ္စကို နိုင်ငံတကာ ကျင့်စဉ်များနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း၊ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး၊ လူမှုဖူလုံရေးနှင့် အခြေခံ လူမှု အကာအကွယ်ပေးရေး၊ အလုပ်သမား ဥပဒေများအား ခေတ်စနစ်နှင့် အညီ ပြန်လည်သုံးသပ် ပြင်ဆင်ရေး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ပေးရေး၊ လုပ်သားအင်အားစာရင်း၊ ကလေးလုပ်သား အင်အားစာရင်းနှင့် ကျောင်းအပြီး လုပ်ငန်းခွင်သို့  ကူးပြောင်း ဝင်ရောက်နိုင် သည့် အင်အားစာရင်း ကောက်ယူ ပြုစုရေး၊ အလုပ်သမားဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်းများ တိုးတက်ခိုင်မာစေရေး၊  အလုပ်သမားများ၏ ကျွမ်းကျင်မှုနှင့် စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ပေါ်ထွန်းလာစေရေး၊ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ပေါ်ထွန်းရေးနှင့် အလုပ်သမားထုကြီး တစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော် အစိုးရနှင့်အတူ အလုပ်သမားကြီးများက လက်တွဲ ကြိုးပမ်း အကောင်အထည် ဖော်သွားကြရန် ၂၀၁၅ ခုနှစ်၊ အလုပ်သမားနေ့ အခါသမယတွင် အလေးအနက် တိုက်တွန်းအပ်ပါသည်။


No comments:

Post a Comment